part 141

2.4K 296 1
                                    

Unicode

အပိုင်း (၁၄၁)

အစ်ကိုကောင်းတစ်ယောက်လို ဟန်ဆောင်ခြင်း
နန်းယန်ရဲ့မျက်နှာက ဖြူဖျော့သွားသည်။
သူမက ဘာသာသုံးမျိုးကိုကိုးကွယ်ပြီး အဆင့်ကိုးဆင့်ခွဲခြားထားတဲ့ နေရာမှာ မွေးဖွားလာခြင်းဖြစ်၍ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို နားလည်သည်။
နန်းပေါင်ရီနဲ့ ရှောင်းယီ……
အရှက်မဲ့လွန်းသည်….
သူမကနူတ်ခမ်းကိုကိုက်လိုက်သည်။ သူမက နန်းပေါင်ရီရဲ့ အနာဂတ်ကောင်းကို လုယူလိုက်နိုင်ပြီး နန်းပေါင်ရီကို လှောင်ပြောင်ချင်တာကြောင့် ရောက်လာခြင်းဖြစ်သည်။ သူမရောက်လာချိန်မှာ ဟယ်ယဲ့ကို မတွေ့တာကြောင့် အိပ်ခန်းထဲကို တန်းဝင်လာခြင်းဖြစ်သည်။
မမြင်အပ်တဲ့မြင်ကွင်းကိုမြင်ရလိမ့်မယ်လို့ သူမထင်ထားခဲ့တာဖြစ်သည်။ သို့သော် အိပ်ခန်းက သန့်ရှင်းသေသပ်နေသည်။ နန်းပေါင်ရီကထိုင်ခုံပေါ်မှာ လိမ်လိမ်မာမာထိုင်နေပြီး ရှောင်းယီက ဒူးတစ်ဖက်ထောက်ထားရင်း သူမရဲ့ခြေသလုံးတွေကို ပွတ်သပ် ဖြစ်ညှစ်ပေးနေသည်။
အဲ့ဒါက ဘာနဲ့တူလဲဆိုတော့….
နည်းနည်းလေးနီးကပ်နေပေမယ့် အစ်ကိုတစ်ယောက်က နေမကောင်းတဲ့ညီမငယ်ကို သက်သာအောင် ပြုစုပေးနေသလိုပင်။ သူမရဲ့မျက်လုံးတွေမှာ စိတ်ပျက်သွားဟန်က အထင်းသားပေါ်လာသည်။
နန်းပေါင်ရီက သူမကိုသိချင်စိတ်ပြင်းပြစွာနဲ့မေးလိုက်သည်။
“နန်းယန်၊ ငါ့အိပ်ခန်းထဲကို ဘာလို့ဝင်လာတာလဲ၊ ဘာလို့အစေခံတွေကတဆင့် အကြောင်းမကြား တာလဲ”
နန်းယန်က စိတ်ပျက်သွားပေမယ့် ငြင်သာစွာပြုံးရင်း “ညီမလေးကိုစိတ်ပူပြီး လောသွားလို့ပါ၊ ချန်းသခင်လေးက ဒီနေ့ လက်ထပ်ပွဲကို ပြောင်းလဲသွားတာက ညီမလေးကို အများကြီး စိတ်ထိခိုက် စေမှာပဲဆိုပြီး ….”
နန်းပေါင်ရီက သူ့ရဲ့ဝတ်ရုံလက်တွေနဲ့ မျက်နှာကို ဖုံးလိုက်ပြီး ငိုရှိုက်ရင်း “ဟုတ်တယ်၊ ညီမလေးက ချန်းသခင်လေးကို ချစ်ခင်ပြီး သူ့အတွက် ကလေးတွေမွေးပေးချင်သေးတာကို သူက ညီမလေးကို ဒီလိုလုပ်ရက်တယ်…”
သူမက နန်းယန်ကို ဝတ်စုံလက်တွေကြားက ချောင်းကြည့်လိုက်တဲ့အခါ နန်းယန်ရဲ့မျက်နှာက စိတ်ပူဟန်ရပေမယ့် မျက်လုံးတွေကတော့ အားရပါးရပြုံးနေသည်။
သူတို့က အဖေတူအမေကွဲ ညီအစ်မတွေဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ တူညီတဲ့သွေးတွေ စီးဆင်းနေပေမယ့် ကွဲပြားတဲ့ စိတ်ထားတွေရှိကြသည်။
ဒါ့အပြင် သူတို့က တခြားသူတစ်ယောက်ရဲ့ နာကျင်ကြေကွဲမှုကို စောင့်ကြည့်ပြီးပျော်ရွှင်ကြသေးသည်။
သူမကပြုံးလိုက်ပြီး ဝ
နန်းပေါင်ရီက မတ်တပ်ရပ်လိုက်သည်။ သူမကနန်းယန်ဆီကို လျှောက်သွားလိုက်ပြီး သူမရဲ့လက်ကို ပင့်မြှောက်၍ နန်းယန်ရဲ့ဖြူဖွေးနူးညံ့တဲ့မျက်နှာလေးကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်သည်။
သူမကပြုံးရင်း “မမက ညီမလေးအတွက် ထည့်စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်၊ မမနဲ့ ချန်းသခင်လေးတို့ အမြဲအတူနေနိုင်ပြီး ဘဝတစ်လျှောက်လုံးချစ်ခင်ကြပါစေလို့ ညီမလေး ဆုတောင်းပေး ပါတယ်၊ ….မမမှာ ချမ်းသာတဲ့အသွင်းပစ္စည်းတွေမပါရင်တောင် ချန်းမိသားစုက ချစ်ပေးကြဖို့ ညီမလေး မျှော်လင့်ပါတယ်၊ နန်းမိသားစုက မမကိုမချစ်ကြတော့ ညီမလေးလိုမျိုး အသွင်းပစ္စည်း ကောင်းကောင်း တွေ ပြင်ဆင်ပေးမှာမဟုတ်ဘူးနော်”
နောက်ဆုံးတော့ နန်းယန်ရဲ့ပျော့ပြောင်းတဲ့မျက်နှာမှာ အက်ရာတစ်ခုထင်သွားပြီဖြစ်သည်။ ဒီနေ့ သူမက နန်းပေါင်ရီကို လှောင်ရယ်ဖို့လာခဲ့တာဖြစ်သည်။ လက်ထပ်ပွဲအရှိန်အဝါကို အားကိုးပြီး နန်းပေါင်ရီကို သူမရဲ့ ခြေထောက်အောက်မှာ ပြားပြားဝပ်နေအောင် နင်းခြေပစ်ဖို့ လာခဲ့တာဖြစ်သည်။
သို့သော်လည်း နန်းပေါင်ရီက သူမရဲ့အသွင်းပစ္စည်းကိစ္စနဲ့ မျိုးရိုးအဆင့်အတန်းကို ကိုင်ပြီး ခြိမ်းခြောက်လိမ့်မည်ဟု မထင်ခဲ့ပါချေ။
ဟုတ်သည်။ ချန်းမိသားစုကသူမကို လက်ထပ်ချင်တာဟာ သူမနန်းအိမ်တော်မှာ နေတာကို ချန်းသခင်မကြီးက တွေ့ပြီး သူမကို နန်းအိမ်တော်က နောက်ဆုံးအသိအမှတ်ပြုလိုက်ပြီဟု မှားယွင်းထင်မှတ်သောကြောင့်သာ ဖြစ်သည် ဆိုတာကို သူမသိသည်။
သို့သော် နန်းအိမ်တော်က သူမကို ဘယ်တော့မှ လက်ခံမှာမဟုတ်ပါချေ။ ယခုကဲ့သို့ လက်ထပ်ပွဲကို လူပြောင်းလဲလိုက်ခြင်း အပြီးမှာ နန်းအိမ်တော်က သူမကိုလက်ခံဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်တော့ပေ။
နန်းပေါင်ရီရဲ့စကားလုံးတွေက ရေအေးတစ်ခွက်ကို သူမရဲ့ခေါင်းပေါ်ကနေ လောင်းချလိုက်သလိုပင်။
အပျော်လွန်နေတာတွေက အားပျော့သွားပြီး သူမရဲ့နှလုံးသားထဲမှာ အင်အားပြင်းတဲ့ ကပ်ဆိုးလို အဖြစ်အပျက်ကြီးကသာ ကျန်ရှိနေခဲ့သည်။
သူမစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သဘောပေါက် သွားသည်။ ဒီရက်တွေအတွင်း နန်းပေါင်ရီရဲ့ လှုပ်ရှားမှုတိုင်းကို သူမပြန်စဉ်းစားမိပြီးနောက် အဓိကအချက်ကို သူမဖမ်းဆုပ်မိသွားသည်။
သူမက တည်ကြည်စွာဖြင့် “နင်ငါ့ကိုတော့ ဖုံးကွယ်လို့မရပါဘူး”
နန်းပေါင်ရီက ပြုံးရင်းမေးသည်။
“ဘယ်လိုလုပ်သိလဲ?”
“နင်က ချန်းတယ်ယွီကို လက်မထပ်ချင်ဘူး၊ ဒီရက်တွေမှာ နင့်ရဲ့အပြုအမူတွေကို သုံးသပ်ကြည့်တော့ နင်က သူ့ကိုလက်မထပ်ချင်တဲ့အပြင် ငါ့ကိုသူနဲ့လက်ထပ်ဖြစ်ဖို့ တွန်းအားပေးနေတာ၊ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ငါမသိပေမယ့် အဲ့ဒါက သိသာတယ်၊ ချန်းမိသားစုနဲ့ ငါလက်မထပ်ခင် နင်က အသွင်းပစ္စည်းအကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး လက်ထပ်ပွဲကို နှောင့်ယှက်ဦးမှာ”
“မမက အရမ်းဉာဏ်ကောင်းတာပဲ”
နန်းပေါင်ရီက စဉ်းစားလိုက်ပြီး “နင့်အကြောင်းကိုငါက မဖော်ရင်တောင် ချန်းမိသားစုက အနှေးနဲ့အမြန် သိသွားကြမှာပဲလေ၊ အဲ့ဒီအခါကျရင် နင်ဘာလုပ်မှာလဲ”
နန်းယန်က သူမကိုနက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေပြီး အေးစက်တဲ့မျက်နှာနဲ့ အဝေးကိုလှည့်ထွက်သွား တော့သည်။
တောင်လေက တဝေါဝေါအသံပြု၍ အဝေးကိုတိုက်ခတ်သွားပြီး ချိုမြိန်မှုနဲ့ ခါးသီးမှုတွေကို အခန်းရဲ့လေထုထဲကနေ ဖယ်ထုတ်လိုက်သည်။
နန်းပေါင်ရီက ပြတင်းနားမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
အနက်ရောင် တိမ်တိုက်တွေက ကောင်းကင်ပေါ်မှာ ဖွဲ့တည်နေပြီး သည်းထန်တဲ့ နှင်းမိုးစက်တွေက ငှက်မွှေးတွေလို ဖြာကျနေသည်။
ရှောင်းယီက သူမရဲ့နောက်ကျောကို ကြည့်ပြီးတွေးနေသည်။ ခေါင်းရမ်းပန်းရဲ့ရနံ့လေးက သင်းပျံ့နေသလို ကောင်မလေးက နူးညံ့ပြီး တောက်ပနေသည်။
သူက အသံအက်အက်နဲ့ ပေါ့ပါးဟန်ဖြင့် “မင်းသူ့ကိုမုန်းတယ်ဆိုရင် ဒီအစ်ကို့ကို သေချာပြောပြသင့်တယ် ..… ဒါမှ ဒီအစ်ကို စိတ်ပျော်နေတဲ့အချိန် မင်းအတွက် သူ့ကိုသတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးမှာပေါ့”
နန်းပေါင်ရီက နူတ်ခမ်းသေးသေးလေးနဲ့ ပြုံးလိုက်သည်။ သူမရဲ့လက်တွေကိုဆန့်လိုက်ပြီး ပေါ့ပါးပြီး အေးမြနေတဲ့ နှင်းစက်တွေကို လက်ဖဝါးနဲ့ခံလိုက်သည်။ သူမက တည်ငြိမ်စွာနဲ့ ပြောလာသည်။
“ညီမလေးရဲ့ စိတ်ဓါတ်တွေကိုပြောင်းလဲစေခဲ့တဲ့ အိပ်မက်အကြောင်း အစ်ကို ၂ ကို ပြောပြဖူးတယ်နော်၊ အဲ့ဒီအိပ်မက်ထဲမှာ ညီမလေးဘယ်လိုသေခဲ့ရလဲဆိုတာကို အစ်ကို မသိချင်ဘူးလား”
ရှောင်းယီက သတိလက်လွတ်နဲ့ လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားသည်။ နန်းကျောင်းကျောင်းရဲ့ အိပ်မက်အဆုံးသတ်က သေဆုံးခြင်းတဲ့လား….
ဒါဟာ ကောင်မလေးရဲ့ အိပ်မက်တစ်ခုပဲလို့ သူသိနေပေမယ့် သူ့ရဲ့နှလုံးသားကတော့ မီးမြှိုက်ခံနေရသလို အလွန် ပူလောင်နာကျင်ရသည်။
သူမဘယ်လိုသေခဲ့ရလဲဆိုတာ သူသိချင်သည်။ သို့ပေမယ့် သူ့နူတ်ခမ်းဖျားကနေ သူထုတ်မမေးနိုင်ခဲ့။
“အစ်ကို ၂၊ ဖြစ်နိုင်မယ်ဆိုရင် ညီမလေးတစ်သက်လုံး ဒီကျင်းကွမ်မြို့မှာပဲ နေချင်တယ်၊ ဘယ်တော့မှ ရှန်ကျင်းကို မသွားချင်ဘူး၊ တကယ်လို့ နောက်အနာဂတ် တနေ့နေ့မှာ ကံကြမ္မာစီစဉ်တဲ့ အကြောင်းတချို့ကြောင့် ရှန်ကျင်းမြို့တော်က လမ်းတွေပေါ်ကို လျှောက်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေကို ကြုံရနိုင်တယ်၊ ညီမလေးအတွက်တော့ နန်းယန်က ထက်ရှတဲ့ကျောက်တုံးတစ်တုံးလို ရန်သူတစ်ယောက်ပဲ”
“………..”
“ညီမလေးရဲ့ ဓါးကိုသွေးဖို့ သူ့ကိုသုံးပစ်မယ်၊ ညီမလေးက တခြားသူရဲ့အကူအညီ မပါဘဲနဲ့ သူ့ကိုသေတဲ့အထိ ရောက်အောင် တွန်းပို့နိုင်မယ်ဆိုရင် ရှန်ကျင်းမှာ အသက်ရှင်နေနိုင်ပြီ”
ကောင်မလေးရဲ့အသံက တည်ငြိမ်နေသည်။ ရှောင်းယီက သူမရဲ့အသံထဲက အစီအဉ်ကျမှုနဲ့ တည်ကြည်ပြတ်သားမှုတွေကို ခံစားရသည်။
နန်းကျောင်းကျောင်းက ငယ်ရွယ်ပေမယ့် ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ပင်။
အခန်းက အချိန်အတန်ကြာတိတ်ဆိတ်သွားခဲ့သည်။
ရှောင်းယီရဲ့စိတ်ထဲက လေထုက အလွန်ထိုင်းမှိုင်းနေသည်။ နန်းပေါင်ရီက ရုတ်တရက်ရှောင်းယီရဲ့ရှေ့ကို လျှောက်လာသည်။
“အစ်ကို ၂”
သူမက လက်တွေကိုနောက်မှာဖွက်လိုက်ပြီး မီးငှက်လိုမျက်လုံးတွေက တောက်ပလာသည်။
ရှောင်းယီက မျက်ခုံးပင့်လိုက်ပြီး “ဘာလဲ”
နန်းပေါင်ရီက နှစ်ကြိမ်ခန့်ခိုးရယ်လိုက်ပြီး သူ့ကိုကျော်ပြီး သူ့ရဲ့နောက်က နှင်းပွင့်တွေကို လက်နဲ့ဖွက်ယူ လိုက်သည်။
သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေသည်။
သူမက နှင်းတစ်ဆုပ်နဲ့ သူ့မျက်နှာကို ပက်လိုက်ပြီး အဝေးကို ထွက်ပြေးသွားသည်။  ရှောင်းယီက သူမကို အပြစ်ပေးမှာကြောက်တာကြောင့် တံခါးမှပြေးထွက်လိုက်သည်။
တံစက်မြိတ်အောက်က နှင်းတွေက လွယ်လွယ်ကူကူ ချော်လဲနိုင်တယ်ဆိုတာကို သူမထင်မထားမိခဲ့။ သူမက ‘အိုး’ ဆိုတဲ့အသံနဲ့အတူ နှင်းတောထဲသို့ လဲကျသွားတော့သည်။
အပြင်ဘက်က ငိုသံကို ရှောင်းယီက နားထောင်နေပြီး မျက်ခုံးပေါ်က နှင်းစက်တွေကို ဖြည်းဖြည်းချင်း သုတ်ဖယ်လိုက်သည်။
သူအိပ်ခန်းထဲက ထွက်ကြည့်လိုက်တဲ့အခါ ကောင်မလေးက နှင်းတွေထဲမှာ လိမ့်နေသည်။ သူမရဲ့ဒူးကိုဖက်၍ မျက်လုံးက မျက်ရည်တွေကျဆင်းနေပြီး နာကျင်မှုကြောင့် ညည်းညူနေသည်။
သူထွက်လာတာကိုမြင်တဲ့အခါ သူမက ကြည့်ရဆိုးနေတဲ့အခြေအနေကိုထိန်းပြီး ပြုံးပြဖို့ ကြိုးစားနေ သည်။ သို့သော်လည်း ထိုအပြုံးကသူမကို ပိုပြီး ကြည့်ရဆိုးစေသည်။
ရှောင်းယီ အနည်းငယ်ရယ်ချင်သွားသည်။
“မင်းတစ်ခုခုမှ မလွဲရရင် မနေနိုင်ဘူးလား”
နန်းကျောင်းကျောင်းနဲ့ တကယ်ကို လိုက်ဖက်တဲ့စကားပင်။
နှင်းတွေက အရမ်းထူထပ်နေပြီး သူမက သူ့ကိုယ်သူမထိန်းနိုင်ဖြစ်နေသည်။ သူမ ညည်းညူနေပေမယ့် ရှောင်းယီက သူမကိုဂရုမစိုက်တာကို တွေ့တဲ့အခါ ကိုယ့်ဘာသာထရပ်ဖို့ ကြိုးစားနေသည်။
နေဝင်ရီတရောအချိန်ရောက်လာတာကြောင့် အဒေါ်ကျိက သူမကို ညစာစားဖို့ လာခေါ်သည်။ ပန်းပွင့်ခန်းမမှာ နန်းအဘွားအိုက ခဲအိုအသစ်နဲ့ အကြီးဆုံးမမကြီးအတွက် စားပွဲတစ်ခု ပြင်ဆင်ထားကြောင်း သူမနဲ့ ရှောင်းယီကိုလည်း ဖိတ်ခေါ်ကြောင်းပြောလာသည်။
နန်းပေါင်ရီရောက်တဲ့အခါမှာ မမကြီးရဲ့ အိမ်အပြန် ညစာစားပွဲတစ်ခုတင်မဟုတ်ဘဲ သူမအတွက် အိမ်ထောင်ဘက်ရွေးပွဲဖြစ်နေတာကို သိလိုက်ရသည်။
စားပွဲဝိုင်းပေါ်မှာ ပုံတူပန်းချီကားချပ်တွေနဲ့ပြည့်နေပြီး အားလုံးက ရှုနိုင်ငံရဲ့ မြင့်မြတ်တဲ့အိမ်တော်တွေက သခင်လေးတွေဖြစ်သည်။
အဘွားက တောင်ဝှေးကိုအားပြုပြီး ထိုသခင်လေးတွေရဲ့ပုံတူပန်းချီကိုထောက်လိုက်သည်။
“ရှုနိုင်ငံမှာ ချန်းတယ်ယွီထက်ကောင်းတဲ့ သမက်ကိုမရှာနိုင်ဘူးဆိုတာ ငါမယုံဘူး၊ ငါ့အတွက် ထပ်ပြီးရှာပေးကြ၊ ကျောင်းကျောင်းအာက ချန်းတယ်ယွီထက်ကောင်းတဲ့သူကိုလက်ထပ်ပြီး နန်းယန်ကို အနိုင်ယူရမယ်”
…………….

အာဃာတပြန်တမ်းWhere stories live. Discover now