part 157

2.3K 286 3
                                    

Unicode
အပိုင်း (၁၅၇)

လျိုမိသားစု

နှစ်သစ်ကူးအကြို ညစာစားပွဲက လှုပ်ရှားအသက်ဝင်နေသည်။
တစ်ဖက်မှာတော့ လျိုရှောင်မုံ့က ငိုပြီး အိပ်ရာပေါ်မှာ လဲနေသည်။
နန်းကွမ်က စိတ်မရှည်စွာပြောလိုက်သည်။
“သမားတော်ကပြောတယ်၊ မင်းရဲ့ဗိုက်က လေနည်းနည်းအောင့်တာတဲ့၊ အဲ့ဒါပြဿနာကြီးမှမဟုတ်တာ၊ ဘာလို့ငိုနေတာလဲ၊ ကောင်းမွန်နေတဲ့ ညချမ်းမှာ မင်းကငါ့ကို စိတ်ရှုပ်အောင်လုပ်နေတာပဲ”
“ကျွန်မက နှစ်သစ်ကူးအကြိုညကို ဖျက်စီးတယ်?”
လျိုရှောင်မုံ့က ထထိုင်လိုက်ပြီး “ရှင်က ချန်းယဲ့ရူကို အိမ်တော်ကိုခေါ်မလာခဲ့ရင် ဘာလို့ကျွန်မက အခုလို ဖြစ်နေမှာလဲ၊ ကျွန်မကို မဟေသီအဖြစ်သတ်မှတ်ပြီး အဓိကအခန်းကိုပေးမယ်လို့ ရှင်သေချာပြောခဲ့တယ်‌ လေ၊ နန်းကွမ် အဲ့ဒီအတွက် ရှင့်မှာတာဝန်ရှိတယ်”
နန်းကွမ်က စိတ်ရှည်ရှည်ထားပြီး အလိုက်အထိုက်ပြောဖို့ကြိုးစားသည်။
“ရှောင်မုံ့ မင်းက သိမ်မွေ့ပြီး စဉ်းစားတတ်တယ်၊ ဂရုလည်းစိုက်တတ်ပြီး ကြင်နာတတ်တယ်၊ မင်းရဲ့ကိုယ်ဝန်ကြောင့် အခု အဓိပ္ပါယ်ရှိရှိ မတွေးနိုင်တော့တာပါ၊ ရူအာက မင်းထက်ပိုပြီး မကောင်းပါဘူး၊ ဒါပေမယ့် သူက မင်းထက်ငယ်ပြီး ပိုလည်းလှတယ်၊ မင်းက သူ့ရဲ့အစ်မလိုပါပဲ၊ မင်းကစဉ်းစား တတ်ပါတယ်၊ သူ့ကိုဒီတိုင်းခွင့်ပြုလိုက်ပါ”
လျိုရှောင်မုံ့က ပါးစပ်နဲ့အပြည့် သွေးအန်တော့မလိုဖြစ်သွားရသည်။
သူမက ချန်းယဲ့ရူကို ညီမလေးလိုသဘောထားရမယ်?
သူမကို ခွင့်ပြုပေးရမယ်? ဘာလို့ခွင့်ပြုပေးရမှာလဲ?
သူမရဲ့နှလုံးသားက သွေးစိမ်းရှင်ရှင်ပန်းထွက်နေသလိုခံစားနေရပြီး သူမက ဘာပဲဖြစ်လာလာ ရင်ဆိုင်တော့မည့်ဟန်နဲ့ ခေါင်းအုံးကိုယူပြီး နန်းကွမ်ကို ပစ်ပေါက်လိုက်တော့သည်။
“ကျွန်မဂရုမစိုက်ဘူး၊ ခွင့်လည်းမပြုနိုင်ဘူး၊ သူကလည်းညီမ ဖြစ်မလာနိုင်သလို ကျွန်မကလည်း အစ်မ ဖြစ်မလာနိုင်ဘူး၊ နန်းကွမ် ကျွန်မကရှင့်အတွက် ကလေးနှစ်ယောက်တောင်မွေးပေးထားပြီး ဗိုက်ထဲမှာ လည်းတစ်ယောက်ကို လွယ်ထားရသေးတယ်၊ ရှင်ကျွန်မကို ဒီလိုလုပ်လို့မရဘူး”
နန်းကွမ်က ခေါင်းအုံးကိုကိုင်ပြီး သူ့ရဲ့ကြည်လင်နေတဲ့စိတ်က ဒေါသလှိုင်းထန်လာရသည်။ သူက လျိုရှောင်မုံ့ကို ကြည့်လိုက်သည်။
သူမရဲ့မျက်နှာက မျက်တွင်းတွေချောင်ကျနေပြီး အကျည်းတန်နေသည်။ ရူအာရဲ့ ဖြူစင်တဲ့ အသားအရေနဲ့ နူးညံ့မှုတွေ၊ ယဉ်ကျေးတတ်တဲ့အပြုအမူတွေနဲ့ တင့်တယ်လှပမှုကို ဘယ်လိုယှဉ်နိုင်မှာ တဲ့လဲ။
သူအရင်က တကယ်ကိုကန်းခဲ့သည်။ သူက ဒီလိုရုပ်ဆိုးပြီး အကျည်းတန်တဲ့မိန်းမကို အပြင်ဆောင် မောင်းမအဖြစ် ထားခဲ့မိသည်။ သူကစိတ်ထဲမှာ တတွတ်တွတ်ရေရွတ်နေပြီး ခေါင်းအုံးကို မွေ့ရာပေါ်ကို ပြန်တင်လိုက်သည်။ သူက အလေးအနက်မထားဟန်နဲ့ ပြောလိုက်သည်။
“မင်းကိုယ်မင်း ပြန်ထိန်း၊ ငါဒီည စာကြည့်ခန်းမှာအိပ်မယ်”
“နန်းကွမ်….”
လျိုရှောင်မုံ့က ကယောင်ချောက်ချားနဲ့ အော်ဟစ်တော့သည်။
“ဒီည ရှင်ဒီအခန်းရဲ့တံခါးကနေထွက်ရဲရင် ကျွန်မ ပစ္စည်းတွေသိမ်းပြီး ကျွန်မဇာတိက မိသားစုဆီကို ပြန်တော့မယ်၊ ကျွန်မ မိသားစုတွေကလည်းရောက်နေကြတာကို ရှင်တွေ့တယ်နော်”
နန်းကွမ်က မတုန်လှုပ်ဘဲ ‘ဟွန်း’ ဟု သရော်လိုက်ပြီး နောက်ကိုလှည့်မကြည်စတမ်း ထွက်သွား တော့သည်။
“အား… အား… အား… အား… အား…”
လျိုရှောင်မုံ့က လုံးဝကိုပြိုလဲသွားရတော့သည်။ သူမကထရပ်ပြီး လက်ဖက်ရည်ခွက်တွေနဲ့ ကြွေထည် ပစ္စည်းတွေအားလုံးကို တွန်းချပစ်လိုက်တော့သည်။
သူမက ငိုကြွေးရင်း ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဗီဒိုဆီကိုပြေးပြီး ပစ္စည်းတွေကို ထုပ်ပိုးတော့သည်။
သူမက တုံးအတဲ့သူတစ်ယောက်မဟုတ်ပါချေ။ ဒီအချိန်မှာ သူမရဲ့အခြေအနေက တည်မြဲနေမှဖြစ်မည်။  နောင်အခါ ချန်းယဲ့ရူ အိမ်တော်ကို ဝင်လာခဲ့ရင် နန်းကွမ်ရဲ့ဘေးမှာ သူမအတွက် နေစရာနေရာ ရှိတော့မှာမဟုတ်ချေ။
နန်းကွမ် သူမအတွက် ခံစားချက်ရှိနေတဲ့အချိန် ဗိုက်ထဲက ကလေးကို အဝေးကိုခေါ်သွားတာက ပိုကောင်းသည်။ သူစိတ်ပြေသွားတဲ့အခါကျရင် သူမရဲ့ကောင်းကွက်တွေကို တွေးမိပြီး သူမကို ပြန်လာဖို့ အလိုအလျှောက် တောင်းပန်လာလိမ့်မည်။
သူမရဲ့ လှလှပပတွက်ချက်မှုက အရမ်းကိုပြောင်မြောက်နေသည်….
ဟုန်အာက ပြတင်းအပြင်ဘက်မှာ အထင်သေးစွာရပ်ကြည့်နေသည်။ သူမက လက်ဖက်ရည်ကရားနဲ့ ခွက်တွေတင်ထားတဲ့ လင်ဗန်းကိုကိုင်ရင်း ဘေးဘက်က လျိုမိသားစုရဲ့ အခန်းဆီကို တည့်မတ်စွာ လျှောက်သွားလိုက်သည်။
တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ မိသားစုလေးယောက်က အခန်းထဲက ပရိဘောဂတွေကို အထူးတဆန်း လို ကြည့်နေကြပြီး သူတို့ရဲ့လောဘတွေိကို မနည်းချွန်းအုပ်ထားရင်း တစ်ခုပြီးတစ်ခုကို ကိုင်ကြည့်နေ ကြသည်။
ဟုန်းအာက လက်ဖက်ရည်လင်ဗန်းကိုချလိုက်ပြီး ပျူငှာစွာနဲ့ “ရှင်တို့က နန်းအိမ်တော်ရဲ့ အထူးဧည့်သည်တွေလို့ သခင် ၃ က ပြောပါတယ်၊ အဲ့ဒါကြောင့် လက်ဖက်ရည်ကောင်းကောင်းလေး သုံးဆောင်ကြပြီး အမောဖြေကြပါဦး”
အစ်မလျိုက ပါးစပ်နားရွက်ချိတ်မတတ်ပြုံးပြီး သူမရဲ့လက်တွေကို ဆုပ်ကိုင်ရင်း ချီးကျူးလိုက်သည်။
“မျှော်မှန်းထားတဲ့အတိုင်း နန်းအိမ်တော်က အစေခံတွေကတောင် အရမ်းလှကြတာပဲ၊ နန်းအိမ်တော်က လောကကြီးမှာ တကယ်ကို ချမ်းသာကြွယ်ဝတဲ့နေရာတစ်ခုပဲ၊ ငါတို့အိမ်က ဒီကအိမ်သာလောက်တောင် မသားနားဘူး”
ဟုန်းအာက လက်ဖက်ရည်ခွက်တွေကို ထည့်ပေးရင်း အပြုံးတစ်ပွင့်နဲ့ပြောလာသည်။
“နှမြောစရာက ဒေါ်ဒေါ် အကြာကြီးမနေရလောက်ဘူး”
မိသားစုလေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
အစ်မလျိုက မျက်မှောင်ကြုပ်ပြီး “ဘာကိုဆိုလိုတာလဲ၊ ဘာလို့လဲ နန်းအိမ်တော်ကလူတွေက ငါတို့ကို နှင်ထုတ်ကြမှာမို့လို့လား?”
“အဲ့လိုမဟုတ်…. အဲ့ဒါက ကျွန်မအခုလေးတင် ဒေါ်ဒေါ်လျိုက ပစ္စည်းတွေကို ထုပ်ပိုးနေတာကို တွေ့ခဲ့လို့ပါ၊ သူကပြောတယ်၊ ဇာတိကအိမ်ကိုပြန်တော့မယ်တဲ့၊ အဲ့ဒါကြောင့် သူသာဒီကထွက်သွားရင် ဒီနေရာမှာ ဆက်နေလို့မရလောက်တော့ဘူးလေ”
အစ်မလျိုက ရုတ်တရက် ဒေါသအပြင်းအထန်ထွက်သွားပြီး ခါးထောက်လျက် ဆဲရေးတော့သည်။
“ဒီခွေးမ လျိုရှောင်မုံ့က သူတစ်ယောက်တည်း ချမ်းသာချင်တယ်၊ ငါတို့တွေဒီမှာ အတူတူ ပျော်ပျော်ရွှင်ရွှင်နေရမှာကို သူက မလိုလားဘူး၊ သူအိမ်ပြန်မှာကို ငါသွားတားရမယ်”
သူမက အလောတကြီးနဲ့ ဘေးဘက်အခန်းကို စိတ်ဆိုးမာန်ဆိုးထွက်သွားတော့သည်။
လျိုရှောင်မုံ့က ပစ္စည်းတွေထုပ်ပိုးပြင်ဆင်နေစဉ်မှာပဲ အစ်မလျိုက ပြေးဝင်လာတော့သည်။ သူမက ရုတ်ချည်း ပစ္စည်းထုပ်ကိုဆွဲယူလိုက်ပြီး အထဲက ရွှေငွေတွေကို ကြမ်းပြင်ပေါ် သွန်ချလိုက်သည်။
သူမက အော်ဟစ်တော့သည်။
“ဒီခွေးမ၊ ညဉ့်နက်သန်းခေါင်ကြီး ဘယ်ကိုပြေးမလို့လဲ၊ ငါတို့က နောက်ဆုံးမှ ခက်ခက်ခဲခဲ ဒီအိမ်တော်ကို ဝင်နိုင်ခါစကို နင်ကဘာလုပ်တာလဲ၊ ငါတို့တွေကို မောင်းထုတ်ခံရစေချင်တာလား?”
လျိုရှောင်မုံက အသည်းတဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားပြီး ဗီဒိုကိုကိုင်၍ အားပြုထားရသည်။
သူက ခြောက်လရှိပြီဖြစ်တဲ့ ဗိုက်ကို တစ်ဖက်ကကိုင်ပြီး “ယောင်းမ…..”
“ပါးစပ်ပိတ်ထား၊ နင်က ငါ့ကိုယောင်းမလို့ အသိအမှတ်ပြုသေးရင် ငါ့အတွက် နန်းအိမ်တော်မှာပဲ နေရမယ်၊ ဘယ်နေရာကိုမှ ထွက်သွားခွင့်မရှိဘူး”
“ယောင်းမ၊ ကျွန်မက နန်းကွမ်ရဲ့ အပြင်ဆောင်မောင်းမတစ်ယောက်သာပါ၊ ကိုယ်လုပ်တော်တောင် မဟုတ်ဘူး…၊ တကယ်လို့ ကျွန်မက ဒီလိုမှသူ့ကိုထိရောက်အောင် မလုပ်နိုင်ရင် ချန်းယဲ့ရူနဲ့ လက်ထပ်ပြီးတဲ့အခါ ကျွန်မကို ကန်ထုတ်လိမ့်မယ်…”
လျိုရှောင်မုံ့က ခါးသီးစွာနဲ့ အကြောင်းပြချက်ကို ရှင်းပြဖို့ ကြိုးစားပေမယ့် တဖက်ကတော့ ဘာကိုမှ နားမထောင်ပါချေ။
အစ်မလျိုက အထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီး “မစင်တောထဲမြုပ်နေတဲ့ ပန်းချီက ပြန်ဆယ်လို့ မရသလိုပဲ နင်က အပြင်ဆောင်မောင်းမဖြစ်တာတောင် တော်လှပြီ၊ ဖြစ်နိုင်ရင်တော့ ငါလည်း သခင် ၃ ရဲ့ မဟေသီဖြစ်ချင်တာပေါ့၊ ချန်းယဲ့ရူက အရမ်းမဆိုးပါဘူး၊ စိတ်ထားကောင်းရှာပါတယ်၊ ငါတို့ကို ဒီမှာနေခွင့်ပေးပြီး နင့်ကို စောင့်ရှောက်ခိုင်းတယ်၊ သူအိမ်တော်ကို ဝင်လာရင်တောင် နင်က သူ့ကို ကြိုးစားပမ်းစား တောင်းပန်ပေါ့၊ သူကနင့်ကို ကိုယ်လုပ်တော်တစ်ယောက်ဖြစ်အောင် ကူညီပေးမှာ ကျိန်းသေတယ်၊ အဲ့ဒါဆိုရင် ငါတို့မိသားစုလည်း ကောင်းကောင်းနေရမှာပဲ”
လျိုရှောင်မုံ့က သူမနဲ့စကားကောင်းပြောဖို့ အစီအစဉ်မရှိတော့ပါချေ။
သူမက သွေးဆောင့်တက်သွားပြီး မျက်နှာက ရွှေရောင်စာရွက်လိုဝါလာသည်။ သူမရဲ့ဗိုက်က ပြင်းပြင်းထန်ထန်ကို နာလာတော့သည်။
သူမက အစ်မလျိုကို တွန်းထုတ်လိုက်ပြီး ခက်ခက်ခဲခဲထိုင်ချလိုက်ပြီး ကြမ်းပြင်က ရွှေငွေတွေကို ကောက်ယူနေသည်။
“ကျွန်မရှင်နဲ့ စကားဆက်မများတော့ဘူး၊ ကျွန်မကိုသွားခွင့်ပေးပါ၊ ဒီအိမ်ကနေ ထွက်သွားချင်ပြီ…”
“နင်လုပ်ရဲလား..”
အစ်မလျိုက ငြင်းဆန်လိုက်ပြီး လျိုရှောင်မုံ့ကို တစ်ချက်တွန်းလိုက်သည်။ လျိုရှောင်မုံ့က အထိန်းအကွပ်မဲ့စွာနဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားတော့သည်။ သူမက ဖြူဖျော့လာပြီး ဗိုက်က အဆိုးရွားဆုံးနာကျင်လာလေသည်။
သူမက ဘောလုံးတစ်လုံးလိုကွေးနေပြီး နဖူးက ကြီးမားတဲ့ချွေးစီးတွေ တစ်တောက်တောက် ကျလာတော့သည်။
“အရမ်းနာတယ်… ဗိုက်နာတယ်… သမားတော်ကိုခေါ်ပါ၊ ယောင်းမ သမားတော်ကို သွားခေါ်ပေးပါ”
“လာဟန်ဆောင်မနေနဲ့”
အစ်မလျိုက သူမကို ကြင်နာမှုမရှိစွာ တစ်ချက်ကန်လိုက်ပြီး “နင်က ငါ့ကိုလှလှပပလေး နှင်ထုတ်ဖို့ ကြံစည်နေတယ်ပေါ့ ပြီးမှ တစ်ယောက်တည်းထွက်ပြေးမယ်ပေါ့လေ၊ ငါနင့်ကိုပြောလိုက်မယ်၊ နင်ဘယ်တော့မှ နန်းအိမ်တော်ကနေ ခြေလှမ်းဝက်တောင် ထွက်သွားလို့မရစေရဘူး”
“ကျွန်မဗိုက်နာတယ်… တကယ်နာနေတာ…”
လျိုရှောင်မုံ့က သူမရဲ့ဝတ်စုံအစွန်းကို ဖမ်းဆုပ်လိုက်ပြီး နာကျင်မှုကြောင့် မျက်ရည်တွေ ကျဆင်းလာသည်။
“သရုပ်ဆောင်ကတော့ ပြီပြင်ပါတယ်၊ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ ငါတို့ရွာက ကိုယ်ဝန်ဆောင်သည် တွေဆို ကြမ်းကြမ်းတမ်းတမ်းနဲ့ အလုပ်တွေလုပ်နေကြတာပဲ၊ အဲ့ဒါမကောင်းဘူးလား?”
အစ်မလျိုက လက်ပိုက်လိုက်ပြီး ခနိုးခနဲ့ပြောပြန်သည်။
“နင်ကငါတို့ကို ဒီမှာမနေစေချင်ဘူးဆိုတာ ငါသိပါတယ်၊ တစ်ယောက်တည်း စည်းစိမ်ချမ်းသာတွေကို ခံစားချင်တယ်မှလား၊ လျိုရှောင်မုံ့ …လျိုရှောင်မုံ့…. ငါက အရူးမဟုတ်ဘူး”
သူမ ပျက်ရယ်ပြုလို့အပြီးမှာ လျိုရှောင်မုံ့ရဲ့ ဝတ်စုံက အနီရောင်သွေးတွေ စွန်းထင်းနေတာကို တွေ့လိုက်ရသည်။ သူမ အလွန်ထိတ်လန့်သွားသည်။
လျိုရှောင်မုံ့က နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်မှာ လှိမ့်နေသည်။ အမောတကောပြောနေပေမယ့် စကားသံထွက်ဖို့ ခက်ခဲနေသည်။
အစ်မလျိုက တံတွေးမြိုချလိုက်မိပြီး ကြောက်လန့်သွားတော့သည်။ သူမက နောက်ကို နှစ်လှမ်းဆုတ်လိုက်ပြီး နောက်ကိုလှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
လျိုရှောင်မုံ့က အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ တစ်ယောက်တည်းလဲရင်းကျန်နေခဲ့သည်။ သွေးတွေကလည်း တလဟော ကျဆင်းလာသည်။
သူမက သန္ဓေသားကိုကာကွယ်ဖို့ အကောင်းဆုံးအချိန်ကို လွဲချော်သွားတော့သည်…..
တောင်လေရဲ့ ငိုညည်းသံက ကောင်းကင်ထက်က နှင်းစက်တွေကျဆင်းနေသလိုပင်….
အရှေ့ခြံက သွေးတွေနဲ့ နီစွေးသွားပြီး လောကကြီးထဲက တစ်စုံတစ်ခုက လစ်ဟာသွားသည်။
ရှောင်းယီရောက်လာတဲ့အခါမှာ နန်းပေါင်ရီက နှင်းတွေကြားထဲမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ပိုးထည်လည်စည်းပဝါ အစိမ်းရောင်ကို ပတ်ထားပြီး အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
လျိုရှောင်မုံ့ရဲ့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတဲ့ သတင်းကိုကြားပြီး သူအိပ်ရာထဲက အပြေးထွက်လာခြင်း ဖြစ်သည်။
“နန်းကျောင်းကျောင်း”
သူခေါ်လိုက်တဲ့အခါ နန်းပေါင်ရီက နောက်ကိုလှည့်ကြည့်လိုက်သည်။
အမတ်မင်းက အလွန်အဖိုးတန်လှတဲ့ အနက်ရောင်မြွေပါကတိုးသားမွှေး အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး စက္ကူထီးတစ်ချောင်းကို လက်ကကိုင်ထားသည်။ တစ်ဖက်က မီးအိမ်ကိုကိုင်ပြီး နှင်းလေညှင်းသွဲ့သွဲ့ တိုက်ခတ်နေတဲ့ကြားက တစ်လှမ်းချင်းလှမ်းလာသည်။
သူမအနီးကိုရောက်တဲ့အခါ သူ့ရဲ့လက်မောင်းတွေထဲ ပွေ့ဖက်ထားလိုက်ပြီး တည်ကြည်လေးနက်တဲ့ အသံနဲ့ပြောသည်။
“မင်းက ဒီပွဲကိုလာကြည့်လိမ့်မယ်လို့မှန်းမိလို့ ငါလာကြည့်လိုက်တာ၊ အေးနေလား?”
………………..

အာဃာတပြန်တမ်းWhere stories live. Discover now