part 135

2.5K 280 2
                                    

Unicode

အပိုင်း (၁၃၅)
အစ်ကို ၂၊ ညီမလေးက အစ်ကို့ကို နှင်းစက်တွေအတူကြည့်ဖို့ ဖိတ်ခေါ်ပါတယ်
ရုတ်တရက် အပြင်ဘက်က မြင်းခွာသံကို ကြားလိုက်ရသည်။
နန်းပေါင်ရီက ပျော်ရွှင်သွားပြီး “ရှီးခူပြန်လာပြီ၊ သူ့ကို ငါတို့စားဖို့ ခရုအစပ်သွားဝယ်ခိုင်းလိုက်တာ၊ အတူတူစားကြရအောင်”
နန်းပေါင်ကျူးက လိုက်ကာကို အမြန်မလိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။
သူမက အလွန်အံ့အားသင့်သွားပြီး “ကျောင်းကျောင်း၊ လာကြည့်”
နန်းပေါင်ရီက အပြင်ဘက်ကို သိချင်စိတ်ပြင်းပြစွာဖြင့် အလျင်အမြန် ကြည့်လိုက်သည်။
ချန်းအိမ်တော်ရဲ့ အပြင်ဘက်တံခါးဝကို ရာချီနေတဲ့ စစ်သည်တွေက ရုတ်တရက် ရောက်လာကြပြီး တစ်ယောက်ချင်းစီက နွားလှည်းနဲ့ သေတ္တာတွေကို သယ်ဆောင်လာကြသည်။ ထိုစစ်သည်တွေက ချန်းအိမ်တော်ထဲက သေတ္တာတွေကို သယ်ထုတ်လာကြပြီး လှည်းပေါ်တင်နေကြသည်။
သေတ္တာတစ်လုံးက မတော်တဆ မြေပြင်ပေါ်ကို ကျသွားပြီး ပွင့်သွားသည်။ အထဲမှာ ရွှေစတွေ၊ ရှေးကျပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ ပန်းချီကားတွေ၊ ပိုးထည်တွေနဲ့ တခြားပစ္စည်းတွေ အပြည့်ရှိနေသည်။
သူမလည်း အံ့အားသင့်သွားသည်။
ရှောင်းယီက ချန်းအိမ်တော်ရဲ့ တံခါးဘောင်ကိုဖြတ်ပြီး ဂရုမစိုက်ဟန်နဲ့ ထွက်လာသည်။ သူက မြင်းပေါ်ကို သေသပ်စွာတက်လိုက်ပြီး ဇက်ကြိုးကို လက်တစ်ဖက်က ကိုင်လိုက်သည်။
“ဒီသေတ္တာတွေက ချန်းအိမ်တော်က ပြန်ရတဲ့ အကြွေးတွေပဲ”
နန်းပေါင်ရီရဲ့ မီးငှက်လိုမျက်လုံးရွဲကြီးတွေက ပြူးကျယ်ဝိုင်းစက်သွားသည်။ အမတ်မင်းက အချိန်အတော်ကြာတဲ့အထိ ချန်းအိမ်တော်က ပြန်မထွက်လာတာဟာ အကြွေးတွေ သိမ်းယူနေတာကို စောင့်ကြပ်ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။
သူမက ချိုမြိန်စွာပြုံးလိုက်ပြီး “အစ်ကို ၂ ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ညီမလေးက အစ်ကို့ကို ခရုအစပ်စားဖို့ ဖိတ်ခေါ်ပါတယ်”
ရှောင်းယီရဲ့မျက်ခုံးတွေက မြင့်တက်သွားသည်။ မိန်းမငယ်လေးက ရှားရှားပါးပါး သဘောထားကြီးစွာနဲ့ သူ့ကို အစားအသောက်ကောင်းတွေစားဖို့ဖိတ်ခေါ်နေသည်။
ရှီးခူက ခရုအစပ်တွေထည့်ထားတဲ့အိတ်ကြီးနဲ့ သိပ်မကြာခင်ပြန်ရောက်လာခဲ့သည်။ နန်းပေါင်ရီက စိတ်အားထက်သန်စွာနဲ့ ရှောင်းယီအပါအဝင် အစေခံတွေပါမကျန် အားလုံးကို ခွဲဝေပေးလိုက်သည်။
အားလုံးက သူမရဲ့ သဘောထားကြီးမှုနဲ့ စိတ်ကောင်းရှိမှုကြောင့် ကျေးဇူးတင်နေကြသည်။
နန်းပေါင်ရီက ပြုံးလိုက်ပြီး ရှီးခူကို ကမ်းပေးလိုက်ရင်း “အပြေးသွားရတာပင်ပန်းသွားပြီ၊ ခရုအစပ်လေး စားပါဦး”
ရှီးခူက ယူလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်သည်။ သို့သော်လည်း တစ်ခုခုက မှားနေသလို သူခံစားလိုက်ရသည်။ ဒီလတ်လတ်ဆတ်ဆတ်အစားအစာတွေက သူ့ငွေနဲ့ သူဝယ်လာခဲ့တာဖြစ်သည်။ ဘာကြောင့် အားလုံးက မမလေး ၅ ကို ကျေးဇူးတင်နေကြသည်လဲ?
ချန်းအိမ်တော်မှ အပြန်ခရီးက ဆုလာဘ်တွေနဲ့ပြည့်စုံနေသည်။
ဆုန်းဟယ့်ခြံရဲ့ ဧည့်ခန်းမှာ နန်းသခင်မကြီးက နန်းပေါင်ရီနဲ့ နန်းပေါင်ကျူးကို လက်မောင်းထဲ ထည့်ဖက်ထားရင်း ပါးစပ်နားရွက်ချိတ်မတတ်ပြုံးရွှင်နေသည်။
နန်းပေါင်ကျူးက စိတ်လှုပ်ရှားစွာနဲ့ ဂန္တဝင်အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြနေသည်။
“အဘွား၊ အဘွားမတွေ့လိုက်လို့၊ ကျောင်းကျောင်းက စကားလုံးတစ်လုံးရွတ်လိုက်တိုင်း ဧည့်သည်တွေ အားလုံးက တိတ်ဆိတ်သွားတာ၊ အစ်ကို ၂ ကလည်း ရွှေဆံထိုးသုံးချောင်းလုံး ငါးကြီးကို စိုက်အောင် ပစ်လိုက်တာ၊ ချန်းသခင်လေးက အသုံးမဝင်တဲ့ခွေးလိုမျိုး ကျောင်းကျောင်းရဲ့အရည်အချင်းအောက်မှာ ပြားပြားဝပ်နေတာသိလား၊ အစ်ကို ၂ က စစ်ရေးရော သိုင်းပညာရော ထူးချွန်တာ၊ သူတို့နှစ်ယောက်က ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ယောကျာ်းလေးနဲ့ လှပတဲ့မိန်းကလေးအတူရှိနေသလိုပဲ”
နန်းအဘွားအိုရဲ့ အပြုံးက ရုတ်တရက် ရပ်တန့်သွားသည်။
“ထက်မြက်ပြီး အရည်အချင်းရှိတဲ့ယောကျာ်းလေးနဲ့ လှပတဲ့မိန်းကလေးက အတူရှိနေသလို…..”
ဒီလိုစကားလုံးမျိုးကို သုံးလို့ရရဲ့လား?
သူမက ရှောင်းယီကို ကြည့်လိုက်သည်။ သူက လက်ဖက်ရည်သောက်နေပြီး ကိုယ်ဟန်အနေအထားက ဘာဆိုဘာမှ အပြစ်လုပ်မထားဟန်တည်ငြိမ်နေသည်။ သူ့ရဲ့နှလုံးသားကသာ တောက်လောင်နေခြင်း ဖြစ်တန်ရာ၏ ။
သူက သူမရဲ့အဖိုးတန်ကျောင်းကျောင်းကို အသည်းအသန် လိုချင်နေပေမယ့် အမြဲတမ်း ကျောင်းကျောင်းရဲ့ရှေ့မှာဆို ဂရုမစိုက်သလို ဟန်ဆောင်နေသည်။
သူက ကျောင်းကျောင်းကိုလှည့်စားပြီး ဖျားယောင်းသွေးဆောင်သည်။ သူ့ရဲ့အရည်အချင်းတွေကို အမှီပြုပြီး ကျောင်းကျောင်းရဲ့ရှေ့မှာ အံ့မခန်း အရည်အချင်းနဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြသည်။ ကျောင်းကျောင်းက သူ့အကြောင်းကိုပဲ စဉ်းစားပြီးရင်း စဉ်းစားနေအောင် ပြုမူသည်။ ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်သလဲ?
နန်းပေါင်ရီက စိတ်ပါလက်ပါဖြင့် “အဘွား၊ ဒီတစ်ခေါက်မှာ သမီးတို့က ချန်းအိမ်တော်ကို ဝင်မွှေခဲ့တယ်၊ ချန်းသခင်မကြီးကပြောတယ်၊ မနက်ဖြန်ကျရင် ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့ သူအိမ်တော်ကို လာခဲ့မယ် တဲ့”
“ကြောင်းလမ်းမှုကို ဖျက်သိမ်းမယ်?”
အဘွားအိုက သူမရဲ့လက်လေးတွေကို စိတ်ပူစွာ ဆုပ်ကိုင်လိုက်ပြီး “ကျောင်းကျောင်းက ချန်းသခင်လေး အကြောင်းကို အများကြီးစဉ်းစားပြီး သူနဲ့လက်ထပ်ချင်တယ်ဆိုတာ အဘွားမှတ်မိပါတယ်၊ ဘာလို့ ရုတ်တရက်ကြီး နောက်ဆုတ်လိုက်တာလဲ၊ သမီးရဲ့အစ်ကို ၂ က အဲ့လိုလုပ်ခိုင်းလို့လား”
နန်းပေါင်ရီက အားကိုးရာမဲ့စွာပြုံးလိုက်ပြီး “အဘွား၊ ဘာတွေစဉ်းစားနေတာလဲ၊ သမီးက ကိုယ့်ဘာသာ ကြောင်းလမ်းခြင်းကို ဖျက်သိမ်းချင်တာပါ၊ အစ်ကို ၂ ကဘာမှမလုပ်ခိုင်းပါဘူး၊ ချန်းသခင်လေးက သမီးကိုမချစ်ဘူး၊ သမီးစဉ်းစားကြည့်တယ်၊ သမီးလက်ထပ်ပြီး သူတို့အိမ်ကို ရောက်သွားရင်တောင်မှ ပျော်ရွှင်ရမှာမဟုတ်ဘူးဆိုရင် ဘာလို့ ဒီလက်ထပ်ပွဲကို ဆက်လုပ်နေဦးမှာလဲလို့”
ကောင်မလေးရဲ့အသံက ဖယောင်းကဲ့သို့ နူးညံ့ပျော့ပြောင်းသည်။ သူမက ယဉ်ကျေးပြီး စဉ်းစားတွေးခေါ် ဆင်ခြင်တတ်သည်။
အဘွားအိုက သူမအတွက် စိတ်မကောင်းဖြစ်သွားပြီး လက်မောင်းတွေကြားမှာ ကြင်နာစွာ ပွေ့ဖက်ထားလိုက်သည်။
“ကျောင်းကျောင်းက ချန်းတယ်ယွီကို မကြိုက်ဘူးဆိုရင် အဘွားတို့ ကြောင်းလမ်းခြင်းကို ဖျက်သိမ်းကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် အဘွားတို့အိမ်တော်မှာ ငွေကြေးတွေအများကြီး ရှိတယ်၊ တစ်သက်လုံး ဒီတိုင်းနေမယ်ဆိုရင်လည်းရတယ်၊ အိမ်တော်ကို ယောကျာ်းလေးတစ်ယောက် ခေါ်လာမယ်ဆိုလည်းအတူတူပဲ၊ ဘာပြဿနာမှမရှိဘူး၊ ဟုတ်ပြီလား”
နန်းပေါင်ရီက မျက်နှာကိုလက်နဲ့ဖုံးအုပ်လိုက်သည်။
သူမက အိမ်ထောင်လည်းမပြုချင်သလို အိမ်တော်ကိုလည်း ယောကျာ်းတစ်ယောက်ကို ခေါ်မလာချင်ပါချေ။
အားလုံးပြန်သွားကြတဲ့အခါ သူမက အဘွားရဲ့အိပ်ခန်းကို လိုက်သွားခဲ့သည်။ အဘွားအိုက ကြေးမုံရှေ့မှာ ထိုင်နေပြီး ဆံထုံးမှာစိုက်ထားတဲ့ လေးလံတဲ့ ဆံထိုးတွေကို ငြင်သာစွာဖြုတ်နေသည်။
နန်းပေါင်ရီက ဆင်ဆွယ်ဘီးကို ယူလိုက်ပြီး အဘွားအိုရဲ့ဆံပင်တွေကို စိတ်ပါလက်ပါဖြီးပေးနေသည်။
“အဘွား၊ ဒီနေ့သမီးက ပြဿနာအကြီးကြီးရှာလိုက်မိတယ်၊ နောက်ကျလို့ သမီးတို့အိမ်ရဲ့စီးပွားရေးကို တခြားသူတွေက အနှောင့်အယှက်ပေးလာရင် သမီးကို စိတ်ဆိုးမှာလားဟင်”
သဘောကောင်းတဲ့အဘွားအိုရဲ့မျက်နှာက ကြေးမုံပေါ်မှာ ရှင်းလင်းစွာ ထင်ဟပ်နေသည်။
အဘွားအိုက အလေးအနက်ပြောလိုက်သည်။
“အဘွားက ကျောင်းကျောင်းကို ဘယ်တော့မှ စိတ်မဆိုးပါဘူး၊ အဘွားစိတ်ပူတာက ကျောင်းကျောင်းကို နောက်ပိုင်းမှာ လက်ထပ်ဖို့ ငြင်းပယ်ကြမှာကိုပဲ၊ … ချန်းတယ်ယွီက တော်ဝင်မိသားစုမှာ မွေးဖွားလာပြီး အရည်အချင်းရှိပြီး လူသိများထင်ရှားတယ်၊ ပညာတတ် သခင်လေးတွေက ရှားပါးတယ်လေ”
သူမက နန်းပေါင်ရီရဲ့ လက်လေးကို မဝံ့မရဲဆုပ်ကိုင်ရင်း “ကျောင်းကျောင်း၊ သမီးသူ့ကို တကယ်မကြိုက် တော့ဘူးလား.. တခြားသခင်လေးတစ်ယောက်ယောက်ကိုများ စိတ်ထဲရှိနေတာလား”
နန်းပေါင်ရီက အဘွားအိုရဲ့ဒူးခေါင်းနားမှာ ထိုင်လိုက်ပြီး ဖွဖွပွတ်သပ်နေသည်။ သူမအဘွားရဲ့ မေတ္တာရိပ်ကြောင့် သူမ ပိုလို့သက်တောင့်သက်သာရှိသွားရသည်။
သူမက မျက်ခုံးတွေကို အနည်းငယ်တွန့်လိုက်ပြီး “အဘွား၊ ချန်းတယ်ယွီက အရည်အချင်း ဘယ်လောက်ပဲရှိရှိ သူက ကိုယ်ချင်းစာတရားခေါင်းပါးပြီး ကြင်နာစိတ်လည်းမရှိဘူး၊ အဘွားက အမြဲပြောတယ်လေ၊ အရည်အချင်းမရှိတာက ကြောက်စရာမကောင်းဘူး၊ ကိုယ်ကျင့်တရား ပျက်စီးတာကမှ တကယ်ကြောက်စရာ ကောင်းတာဆို၊ ကျောင်းကျောင်းက ကမ္ဘာပေါ်က အကောင်းဆုံး ယောကျာ်းကိုလက်ထပ်ချင်တာ၊ အမှန်တရားဘက်က ရပ်တည်ပြီး ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားတတ်ရမယ်၊ တရားမျှတပြီး ရိုးသားဖြောင့်မှန်တဲ့ အစ်ကို ၂ လိုလူမျိုးကိုပဲလက်ထပ်မှာ”
အဘွားအိုက ဆွံ့အသွားသည်။ ချစ်ခြင်းမေတ္တာကိုလေးစားပြီး တရားမျှတတဲ့သူ၊ ပွင့်လင်းပြီး ရိုးသားတဲ့သူ….. အဲ့ဒါရှောင်းယီကို ရည်ညွှန်းတဲ့စကားလုံးတွေလား?
ကျောင်းကျောင်းပြောတဲ့ ဒီလိုအရည်အချင်းမျိုးတွေရှောင်းယီမှာရှိမယ်လို့ သူမမထင်ခဲ့၊ သူမက ရှောင်းယီကို ကိုးကွယ်စရာလို ချီးမြှောက်လွန်းနေပြီပင်။
အဘွားအိုက မိန်းမငယ်လေးရဲ့ခေါင်းကို ငြင်သာစွာထိကိုင်လိုက်ပြီး ပရိယာယ်ကြွယ်ဝစွာ ပြောလိုက်သည်။
“အစ်ကို ၂ က စစ်မြေပြင်မှာ တိုက်ခိုက်ပြီး သွေးထွက်သံယိုတွေရှိနိုင်တယ်၊ သူနဲ့နီးနီးကပ်ကပ်နေတာက သိပ်မကောင်းဘူး”
နန်းပေါင်ရီက တက်ကြွစွာနဲ့ “အဘွား၊ စိတ်မပူပါနဲ့ သမီးနဲ့အစ်ကို ၂ ကြားမှာ နားလည်မှုလွဲနေတဲ့ကိစ္စကို  ဖြေရှင်းပြီးသွားပြီ၊ သမီးတို့က အရမ်းချစ်ခင်ကြတဲ့ အစ်ကို နဲ့ ညီမလေးပဲ၊ ကောလဟာလတွေလိုမျိုး သမီးတို့က ရှုပ်ထွေးသွားဖို့ မရှိပါဘူး၊ ဘယ်လောက်ပဲ ချန်းအိမ်တော်ကို မုန်းမုန်း အစ်ကို ၂ ကြောင့်သာ အခုလိုမျိုး ကလဲ့စားချေနိုင်ခဲ့တာ”
အဘွားအိုက ခဏမျှစဉ်းစားလိုက်ပြီး အမှန်တရားကို နားလည်သွားသည်။
ရှောင်းယီအရင်တစ်ခေါက် အပြစ်ပေးခံရတုန်းက ကျောင်းကျောင်းအပေါ် မထားသင့်တဲ့အချစ်မျိုး ထားခဲ့မိတာကို သူနောင်တရပြီဖြစ်ကြောင်း သူ့ရဲ့အစေခံက ငိုယိုပြီး သူမကိုလာပြောခဲ့သည်။
အဘွားအိုက ပြုံးလိုက်ပြီး “ကောင်းပြီ၊ ဒီကိစ္စကို မစစ်ဆေးတော့ဘူး၊ ဒီနေ့ အဘွားပျော်နေတယ်၊ အဲ့ဒါကြောင့် ဂုဏ်ပြုညစာစားပွဲလုပ်လိုက်ကြရအောင်၊ မနက်ဖြန်ကျရင် ချန်းအိမ်တော်နဲ့လည်း စကားပြောရဦးမယ်”
“အဘွားက အရမ်းကောင်းတာပဲ”
နန်းပေါင်ရီက အဘွားအိုရဲ့ဒူးခေါင်းကိုပျော်ရွှင်စွာ ဖက်လိုက်သည်။
ညစာစားပွဲမှာ နန်းပေါင်ရီက ဆန်နဲ့ချက်တဲ့ သေရည်ခွက်သေးတစ်ခွက်ကိုသောက်လိုက်ပြီး မူးနေသည်။ သူမက မူးနောက်နေပြီး ဟယ်ယဲ့က အိပ်ခန်းပြန်ဖို့ ကူညီပေးရသည်။ မြေနဂါးက မီးမြှိုက်နေသလိုမျိုး ပူလောင်လှသည်။
အခန်းကိုပြန်ရောက်တော့ ဟယ်ယဲ့ယူလာပေးတဲ့ အမူးပြေဟင်းရည်ကိုသောက်လိုက်ပြီး အနီရောင် ယုန်မွှေးအပြင်ဝတ်စုံကိုထပ်ဝတ်လိုက်ပြီး မီးအိမ်ကိုကိုင်၍ ရှောင်းယီကိုရှာဖို့ ကျောက်ဝမ်ခြံကို ပျော်ရွှင်စွာထွက်လာခဲ့သည်။
ထိုအချိန်မှာ ညက တဖြည်းဖြည်းနက်လာပြီး နှင်းများက ကျဆင်းလာသည်။
ရှောင်းယီက အလွန်အဖိုးတန်တဲ့ သားမွှေးဝတ်ရုံကို ဝတ်ဆင်၍ ပြတင်းနားမှာထိုင်နေပြီး ဓါးရှည်ကို အဝတ်စနဲ့ သုတ်နေသည်။
ရုတ်တရက် ပြတင်းအပြင်ဘက်က အလင်းရောင်အနည်းငယ် ဝင်ရောက်လာသည်။ သူက ပြတင်းကိုဖွင့်ပြီးကြည့်လိုက်တဲ့အခါ နန်းပေါင်ရီက ပြတင်းဘောင်ပေါ်မှာ လဲလျှောင်းနေပြီး မျက်နှာလေးက အအေးဒဏ်ကြောင့် နီရဲပြီး မျက်လုံးတွေက ညှို့ရီနေသည်။
မျက်ဝန်းနှစ်စုံက အချင်းချင်း ကြည့်လိုက်ကြသည်။
ကောင်မလေးက ချိုမြိန်တဲ့အသံလေးနဲ့ ပြောလာသည်။
“အစ်ကို ၂ ညီမလေးက အစ်ကို့ကို နှင်းစက်တွေအတူကြည့်ဖို့ ဖိတ်ခေါ်ပါတယ်”

အာဃာတပြန်တမ်းWhere stories live. Discover now