part 151

2.1K 298 7
                                    

Unicode
အပိုင်း (၁၅၁)
နန်းကျောင်းကျောင်း၊ မင်းကိုယ်မင်း သန့်ရှင်းစင်ကြယ်အောင်နေရင် ပိုကောင်းမယ်
နန်းပေါင်ရီက ဘဘကြီး ၂ ဘာနည်းလမ်းမျိုး သုံးလိုက်လဲဆိုတာ မသိပါချေ။
ဆယ်ရက်အတောအတွင်း ပြီးပြည့်စုံတဲ့ ဘုရင်ခံနန်းတော်ကနေ ဘာသတင်းမှ မကြားခဲ့ရပေ။ လျိုမိသားစုရဲ့ အင်အားက ချောင်ထိုးခံရမည်မှာ အသေအချာပင်။
လျိုအမေနဲ့ သမီးက အလွန်ကို စိတ်ပူပန်နေပြီး သူမကတော့ ခြားနားစွာပဲ အစားအသောက် ကောင်းကောင်းစားဖြစ်ပြီး နေ့ရက်တိုင်းက ပျော်စရာအတိပင်။ အချိန်တိုင်း အမတ်မင်းကိုတော့ သူမ တွေ့ဖြစ်နေသည်။
သူမက ပန်းပင်တွေပျိုးထားပြီး ဒီဆယ်ရက်အတွင်း အမြစ်နဲ့ အစို့အညှောက်ထွက်လာဖို့သာ စောင့်ရန်လိုသည်လေ။
မနက်ခင်းစောစောမှာ နန်းပေါင်ရီက ကျောက်ဝမ်ခြံရဲ့ စာကြည့်ခန်းထဲကို ရောက်လာပြီး ပြတင်းနားမှာထိုင်ရင်း စာရွက်ကိုဖြန့်၍ မင်ကိုပြင်လိုက်သည်။ သူမက ရှောင်းယီနဲ့အတူ စာဖတ်၊ စာရေးရတာကိုနှစ်သက်သည်။ သူ့ရဲ့ အေးစက်ပြီး တည်ငြိမ်နေတဲ့ မျက်နှာဘေးဘက်ခြမ်းကို ကြည့်လေလေ သူမရဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေက ဝေးလွင့်လေလေဖြစ်ပြီး အလင်းရောင်နဲ့ ပျော်ရွှင်ခြင်းကိုသာ အပြည့်အဝ ခံစားရစေသည်။
သူမက ပါးဖောင်းဖောင်းလေးတွေကိုကိုင်ပြီး စာရွက်ကို စိုက်ကြည့်ပြီး တွေးတောနေသည်။
ကျန်းဆွေ့ဟန်က ဘယ်ရီသီးလက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားပြီး ပြောလာသည်။
“နန်းသခင်မလေး ၅ မင်းထိုင်တွေးနေတာ အမွေးတိုင်တစ်တိုင်ထွန်းစာ အချိန်တောင်ကုန်နေပြီ၊ မင်းက အေးစက်နေတဲ့ ငတုံးမလေးလား?”
“အစ်ကိုကမှ ပိုတုံးတာ…”
နန်းပေါင်ရီက စုတ်တံကို ကိုက်ရင်း “ဒီတစ်ခေါက်ဝတ္တုကို ဘာအကြောင်းအရာရေးရမလို့ ညီမ စဉ်းစားနေတာ၊ အရင်နှစ်အုပ်တုန်းက နွေဦးကျောက်စိမ်းစံအိမ်မှာ ပြဇာတ်ကို နှစ်ဝက်ကျော်ကြာအောင် အကြိမ်ကြိမ် ကပြခဲ့ရတယ်၊ အခု နှစ်ကုန်တော့မယ်ဆိုတော့ ဒီတစ်ခါ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းသစ်ကို ဖန်တီးရတော့မယ့် အချိန်ပဲ၊ အစ်ကိုကျန်းမှာ အကြံလေးဘာလေးများ မရှိဘူးလား?”
ကျန်းဆွေ့ဟန်က ဟာသလုပ်လိုက်သည်။
“အရမ်းစိတ်လောနေတာပဲ၊ မင်းက ရာသီပွဲတော်ရဲ့ ဈေးကွက်ကို လုဖို့ကြိုးစားနေတာလား”
“ရာသီပွဲတော်ဈေးကွက်ဆိုတာဘာလဲ?”
နန်းပေါင်ရီက ပဟေဠိဖြစ်သွားရသည်။
“နှစ်ကူးပြီး ပထမလရဲ့ ဆယ့်ငါးရက်နေ့လောက်အထိ ကျင်းပတဲ့ပွဲတော်ပဲ၊ တရုတ်နှစ်သစ်ကူးကြောင့် လူတွေအားလုံးက အားနေကြတာလေ၊ အဲ့ဒါကြောင့် ပြဇာတ်ရုံကို ဧည့်သည်တွေအများကြီးဝင်ပြီး  စားကြသောက်ကြ ပြဇာတ်ကြည့်ကြတာပေါ့၊ ငွေတွေအများကြီးရှာဖို့ လွယ်ကူတဲ့နည်းလမ်းပဲ”
နန်းပေါင်ရီက တွေးဆဆဖြင့် ခေါင်းညိတ်လိုက်သည်။
“ရာသီပွဲတော်ရဲ့ ဈေးကွက်ကို ညီမတစ်ကယ်လုချင်တယ်”
ကျန်းဆွေ့ဟန်က အကြံပြုလိုက်သည်။
“ပထမလမှာ ဆွေမျိုးတွေက တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ကြတယ်၊ ငါကတော့ မိဘတွေနဲ့ ပက်သက်ပြီး စိတ်အားထက်သန်နေတယ်၊ ဒီတစ်ခေါက်မှာ ယောက္ခမ အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ရေးကြည့်လိုက်လေ”
“ယောက္ခမ ဇာတ်လမ်း?”
“အဲ့ဒါက ယောက္ခမနဲ့ ချွေးမကြားက ရန်ပွဲအကြောင်းပေါ့၊ ဟင်း…. နှစ်ထောင်ပေါင်းများစွာမှာ ယောက္ခမနဲ့ ချွေးမကြားက အငြင်းပွားပုံတွေက အရမ်းထင်ပေါ်တဲ့ အကြောင်းအရာပဲလေ၊ အဒေါ် ၇ နဲ့ အဒေါ် ၈ လည်း အဲ့ဒါမျိုး နားထောင်ရတာကိုကြိုက်ကြတယ်၊ နှစ်သစ်ကူးမှာ နွေဦးကျောက်စိမ်းစံအိမ်မှာ ဖျော်ဖြေမယ်ဆိုရင် ကျင်းကွမ်မြို့သားတွေကို ဆွဲဆောင်နိုင်မှာ အသေအချာပဲ၊ ယောက္ခမနဲ့ ချွေးမတွေ အတူ လာကြည့်ရင် ကြည့်ရှုနှုန်းကောင်းမယ်ဆိုတာ အာမခံနိုင်တယ်”
နန်းပေါင်ရီက နားမလည်စွာဖြင့် “ကြည့်ရှုနှုန်းဆိုတာ ဘာလဲ?”
“လူပြိန်းနည်းနဲ့ပြောရရင် ဧည့်သည်ဘယ်နှယောက် လာကြည့်လဲဆိုတဲ့ အရေအတွက်ပေါ့”
နန်းပေါင်ရီက စုတ်တံကို ကိုက်နေသည်။ ကျန်းဆွေ့ဟန်ရဲ့ အကြံဉာဏ်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ သူမထင်သည်။
အရင်ဘဝတုန်းက သူမလက်ထပ်ပြီး ချန်းအိမ်တော်ကိုရောက်တဲ့အခါ သခင်မဟောင်က ယောက္ခမ တစ်ဦးရဲ့အာဏာကိုသုံးပြီး အစွမ်းကုန် ကောက်ကျစ်ယုတ်မာခဲ့သည်။
သခင်မဟောင်ကို စံနမူနာထား၍ ယုတ်မာကောက်ကျစ်တဲ့ ယောက္ခမတစ်ဦးအဖြစ် ပုံဖော်ပြီး သူမရဲ့ ချွေးမက လက်ထပ်ပြီးတဲ့အခါ ဉာဏ်ရှိရှိနဲ့ သူမကိုပြန်ပြီး စီးချင်းထိုးတဲ့ အကြောင်းကိုသာရေးလိုက်မယ် ဆိုရင် ပိုပြီးကောင်းသွားမှာပင်။
သခင်မဟောင်က အရင်ဘဝက သူမကို စာရေးဖို့ ကုန်ကြမ်းတွေ လုံလောက်အောင် ပေးခဲ့သည်ပဲ။
အဝတ်လျှော်သစ်သားပြားပေါ်မှာ ဒူးထောက်ခိုင်းတာ၊ နှင်းတွေထူထပ်အောင်ကျနေတဲ့နေ့မှာ တံခါးအပြင်ဘက်မှာ စောင့်ခိုင်းထားတာ၊ ချန်းတယ်ယွီနဲ့ လင်မယားအရာမြောက်ခွင့်မပေးတာ၊ လူပြိန်း တစ်ယောက်လိုမျိုး သူမကို ဆဲဆိုကြိမ်းမောင်းတာ အဲ့ဒါတွေအားလုံးက သူမကို ချောမွေ့တဲ့ စာအုပ် တစ်အုပ်ဖြစ်လာအောင် ရေးနိုင်စေမဲ့ ကုန်ကြမ်းတွေပင်။
သူမက ဖြတ်လတ်စွာ ရေးပြီးရင်းရေးရင်းနဲ့ နေ့မွန်းတည့်တိုင်အောင် မနားတမ်းရေးနေတော့သည်။
ကျန်းဆွေ့ဟန်က သူ့ရဲ့လည်ပင်းကိုဆန့်ပြီး ကြည့်လိုက်ပြီး ရှောင်းယီကို တီးတိုး ပြောလိုက်သည်။
“နန်းသခင်မလေး ၅ က ဘယ်တုန်းကမှ လက်မထပ်ဖူးဘူးဆိုတာ သေချာလား? ကောက်ကျစ်တဲ့ ယောက္ခမကို စာရွက်ပေါ်မှာ ပုံဖော်ထားတာ အရမ်းကို အသက်ဝင်နေတယ်”
ရှောင်းယီက ဖတ်လက်စ စာအုပ်ကို စာရွက်နောက်တစ်ရွက်လှန်လိုက်ရင်း သူ့ကိုလစ်လျှူရှုလိုက်သည်။
နေ့လည်စာချိန်ရောက်တဲ့အခါမှာ နန်းပေါင်ရီနဲ့ ကျန်းဆွေ့ဟန်က ပန်းပွင့်ခန်းမသို့ ထွက်သွားကြသည်။ ရှောင်းယီက စာအုပ်ကို ချလိုက်ပြီး ပြတင်းနားသို့ လျှောက်သွားသည်။ သူက မျက်လုံးတွေကို အောက်ချပြီး နန်းပေါင်ရီရဲ့ လက်ရေးစာမူကို စာရွက်အနည်းငယ်လှန်ကြည့်လိုက်သည်။
စာရွက်ပေါ်က ရှင်းလင်းပြီး သေသပ်လှပတဲ့ စကားလုံးတွေကို ဖတ်လိုက်သည်။  ဟာသဆန်ဆန် ဇာတ်လမ်းတစ်ပုဒ် လို့ထင်ရတဲ့ စာကြောင်းကို ကြည့်ရင်း ဇာမဏီငှက်မျက်လုံးတွေက ပင်လယ်လို နက်ရှိုင်းမည်းမှောင်လာသည်။ နားလည်ရခက်တဲ့ ခံစားချက်တွေက လှိုင်းလုံးတွေလို မြင့်တက်လာကြ သည်။
နန်းကျောင်းကျောင်းသူ့ကိုပြောပြဖူးတဲ့ အိပ်မက်အကြောင်းကို သူမှတ်မိသေးသည်။
ဒီဇာတ်လမ်းထဲက ယုတ်မာကောက်ကျစ်တဲ့ ယောက္ခမလုပ်ခဲ့တဲ့ အရာတွေဟာ ကောင်မလေး အဲ့ဒီ အိပ်မက်ထဲမှာ ကြုံခဲ့ရတဲ့အကြောင်းအရာတွေများလား?
“အစ်ကို ၂”
ရုတ်တရက် ခေါ်သံတစ်ခုကိုကြားလိုက်ရသည်။
နန်းပေါင်ရီက စာကြည့်ခန်းထဲကို ပျော်ရွှင်စွာပြေးဝင်လာသည်။
“နေ့လည်စာက စားပွဲပေါ်မှာ အဆင်သင့်ဖြစ်နေပြီ၊ အစ်ကိုကျန်းနဲ့ ရှန်းရိချောင်က အစ်ကိုကို့ အတူစားဖို့ စောင့်နေကြတာ၊ အယ်… ဘာလို့ညီမလေးရဲ့လက်ရေးစာမူကို လှန်ကြည့်နေတာလဲ”
“ဒီတိုင်းကြည့်ကြည့်တာ”
ရှောင်းယီက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“အယ်.. အစ်ကို ၂ က ညီမလေးရေးတဲ့ ယောက္ခမနဲ့ ချွေးမဇာတ်လမ်းကို တော်တော် စိတ်ဝင်စားတယ် ထင်တယ်၊ အစ်ကိုက ကြည့်ချင်ပေမယ့် အစ်ကိုကျန်းနဲ့ တခြားသူတွေကိုမသိစေချင်လို့ ညီမလေးတို့ နောက်ကွယ်မှာ တိတ်တိတ်လေး ခိုးကြည့်နေတယ်ပေါ့”
နန်းပေါင်ရီက ဥဒေါင်းမလေးလို ဂုဏ်ယူဝင့်ကြွားနေသည်။
သူမက အောင်မြင်လေဟန် ပျော်မြူးအားရစွာနဲ့ အသံကိုတိုးလိုက်ပြီး “အစ်ကို ၂၊ စိတ်ချလက်ချ ကြည့်လို့ရပါတယ်၊ ညီမလေးသူများတွေကို ပြန်မပြောပါဘူး”
ရှောင်းယီက သူမကိုကြည့်လိုက်သည်။ ကောင်မလေးရဲ့ မျက်ခုံးတွေကို ကွေးညွတ်ထားဟန်က လေဒဏ်နဲ့ နှင်းဒဏ်ကို မခံစားဖူးတဲ့ ပန်းလေးတစ်ပွင့်လို အပြစ်ကင်းစင်ပြီး နန်းထိုက်တော်ဝင်လှသည်။
ဒါပေမယ့် ဘာကြောင့် သူမရေးထားတဲ့စာသားတွေကို မြင်တဲ့အခါမှာ စိတ်မချမ်းမြေ့တဲ့ ခံစားချက်ကြီးကို သူခံစားလိုက်ရတာလဲ?
သူမက ဒီဇာတ်လမ်းကို အတွေ့အကြုံရှိနေပုံရပြီး ဇာတ်လမ်းထဲက မိန်းကလေးလို ဉာဏ်မကောင်းခဲ့ပေ။ သူမကျခဲ့ရတဲ့ သွေးတွေ၊ မျက်ရည်တွေ၊ နာကျင်မှုတွေအားလုံးကို တစ်ယောက်တည်း သည်းခံခဲ့ပြီး နောက်ဆုံးသူ မတွေးချင်တဲ့ …..
ရှောင်းယီက နာကျင်မှုတွေပြည့်နှက်နေတဲ့ သူ့ရဲ့အကြည့်ကို ပြင်လိုက်သည်။
သူက သူမရဲ့ဖြူဖွေးနေတဲ့ နဖူးလေးကို တစ်ချက်တောက်လိုက်ပြီး အထက်စီးဆန်စွာ ပြောလိုက်သည်။
“မင်းရဲ့ အရေးအသားတွေ ဘယ်အခြေအနေရောက်ပြီလဲဆိုတာကို ကြည့်ရုံပဲ၊ ဘာတွေလျှောက်ထင်နေတာလဲ?”
နန်းပေါင်ရီက နဖူးလေးကို ပွတ်လိုက်ပြီး တိတ်တဆိတ် နူတ်ခမ်းတွန့်လိုက်သည်။
ပန်းပွင့်ခန်းမကို ရှောင်းယီနဲ့အတူ သူမလိုက်ခဲ့စဉ်မှာ ပန်းခြံထဲက နန်းကွမ်ရဲ့ခေါင်းလေးကို သူမမြင်လိုက် ရသည်။
“ဖေဖေ..”
ရှောင်းယီရှိနေတာကိုမြင်တဲ့အခါ နန်းကွမ်က ခြေလှမ်းကို ရှေ့သို့မတိုးရဲပါချေ။ သို့သော်လည်း ရှောင်းယီက စိုက်ကြည့်နေတာကြောင့် ထွက်လည်းမပြေးရဲပေ။
သူကခေါင်းကိုထုလိုက်ပြီး လက်တွေကို ဝတ်ရုံလက်ထဲထည့်ဖွက်ရင်း လမ်းလျှောက်လာသည်။
သူကပြုံးလိုက်ရင်း “ကျောင်းကျောင်း၊ အဖေက သမီးနဲ့အတူ ကိစ္စတစ်ခုဆွေးနွေးချင်လို့ ဒီကိုလာခဲ့တာ”
နန်းပေါင်ရီက သူ့ကိုကြည့်လိုက်သည်။ သူမရဲ့အဖေက ထိုငွေရောင်မြေခွေးသားမွှေးဝတ်ရုံကို ဝတ်ဆင် ထားဆဲဖြစ်ပြီး ဆယ်ရက်တိုင်အောင်ဝတ်ပြီးတာတောင် မချွတ်ရသေးပေ။
သူ့ရဲ့ဆံထုံးမှာ ပန်းပွင့်ပုံဆံထိုးကိုထိုးထားသည်က ထူးဆန်းပြီး အနည်းငယ်ရယ်ချင်စဖွယ်ဖြစ်နေသည်။ ထိုအရာက ချန်းယဲ့ရူကို ဆွဲဆောင်ဖို့အတွက်ဆင်ယင်ထားခြင်းဖြစ်ရမည်။
သူမက စူးစမ်းလိုက်သည်။
“ဖေဖေက သမီးနဲ့ ဘာအကြောင်းဆွေးနွေးမှာလဲ?”
“ဒီနေ့ညက နှစ်သစ်ကူးအကြိုညလေ၊ သမီးသိတယ်မှလား?”
နန်းကွမ်က ချီတုံချတုံဖြစ်နေပြီးမှ “အဖေ.. အဖေက အိမ်ကို ဧည့်သည်တစ်ယောက်ဖိတ်ပြီး အဖေတို့နဲ့အတူ မိသားစုညစာစားပွဲလုပ်ချင်လို့…..”
နန်းပေါင်ရီက ပြုံးလိုက်ပြီး နူးနူးညံ့ညံ့နဲ့ မေးလိုက်သည်။
“ဖေဖေဖိတ်ချင်တာက ဘယ်သူများလဲ?”
“ချန်းမိသားစုရဲ့ အကြီးဆုံးသမီး ချန်းယဲ့ရူ”
နန်းကွမ်က ရှက်ကိုးရှက်ကန်းပြုံးနေပြီး “ကျောင်းကျောင်း၊ ဖေဖေလည်း အသက်မငယ်တော့ဘူး၊ မိသားစုမှာ မိန်းမသားတစ်ယောက်မရှိဘဲနဲ့ နေလို့ဘယ်ဖြစ်မလဲ၊ ရူအာက ကြင်နာတတ်ပြီး နူးညံ့တယ်၊ သူက မိသားစုအသိုင်းအဝိုင်းကြီးက မိန်းကလေးတစ်ယောက်ပဲ၊ သူ့မှာကောင်းမွန်တဲ့ မိသားစုရှိတယ်၊ သူက အိမ်တော်ကို ရောက်လာခဲ့ရင်တောင် သမီးကိုဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး”
နန်းပေါင်ရီက ပေါင်ကို တိတ်တဆိတ် ဆွဲဆိတ်လိုက်ပြီး ဆက်နားထောင်လိုက်သည်။
သူမက ချက်ချင်း မျက်လုံးတွေနီရဲပြီး မျက်ရည်တွေကျဆင်းလာကာ မွန်းကြပ်လာတော့သည်။
“ဒီနှစ်တွေမှာ ဖေဖေ့ကို တစ်ယောက်ယောက်ကအဖော်ပြုပေးဖို့ သမီးအမြဲမျှော်လင့်ခဲ့တာပါ၊ အဒေါ်လျိုက စိတ်ထားမကောင်းလို့သာ သူ့ကိုသမီးက သဘောမကျတာ၊ ဒေါ်ဒေါ်ချန်းကတော့ မတူဘူး၊ သူကတရားဝင်သမီးတစ်ယောက်ဖြစ်ပြီး နောက်ကြောင်းကလည်း အပြစ်ကင်းစင်တယ်၊ သူသာသမီးတို့ အိမ်ကိုရောက်လာမယ်ဆိုရင် သမီးက အဆတစ်ရာပျော်မှာ၊ သူ့ကို သမီးတို့ရဲ့မိသားစုညစာစားပွဲကို ဖိတ်လိုက်ပါ၊ သမီးက သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်”
ကောင်မလေးက ဖော်ရွေ၊ နွေးထွေးပြီး စဉ်းစားဆင်ခြင်တတ်သည်။ နန်းကွမ်က ကြည်နူးသွားပြီး ငယ်စဉ်ကလို သူမကိုချီပြီး လေထဲကိုပင့်မြှောက်လိုက်သည်။ ပြန်ဖမ်းလိုက်ပြီးနောက် သူမရဲ့ပါးစုန့်ကြီး တွေကို အားရပါးရ နမ်းလိုက်သည်။
သူကချီးမွမ်းလိုက်သည်။
“ကျောင်းကျောင်းက အဖေရဲ့အတွင်းဝတ်စုံလေးဖြစ်ဖို့ထိုက်တန်တယ်၊ အရမ်းချစ်ဖို့ကောင်းတယ်”
နန်းပေါင်ရီရဲ့မျက်နှာက ဘာအမူအရာပြရမယ်မှန်းမသိတော့ပါချေ။
“အတွင်းဝတ်စုံ?”
“မှားလို့၊ ပါးလွှာတဲ့ အပေါ်ဝတ်စုံလေး၊ ပါးလွှာတဲ့ အပေါ်ဝတ်စုံလေး ဟား… ဟား… ဟား… ကျောင်းကျောင်း၊ ဖေဖေက ရူအာကိုခေါ်လာခဲ့ပြီး အိမ်မှာ နှစ်သစ်ကူးချိန်ကို အတူကုန်ဆုံးကြမယ်”
နန်းကွမ်က အလွန်ပျော်ရွှင်နေကာ သူမကိုပြန်ချလိုက်ပြီး အိမ်အပြင်ကို ပြေးထွက်သွားတော့သည်။
နန်းပေါင်ရီက ဒေါသထွက်နေပေမယ့် ရီလည်းရီချင်နေသည်။
“အစ်ကို ၂ ၊ သွားရအောင်၊ သွားစားကြမယ်”
ရှောင်းယီက ပဝါကိုထုတ်ယူလိုက်ပြီး သူမရဲ့အနမ်းခံလိုက်ရတဲ့ပါးပြင်ကို သုတ်ပေးလိုက်သည်။
သူက မကျေမနပ်ဖြင့် “သူများရဲ့တံတွေးတွေပေအောင် အနမ်းခံလိုက်ရတာက အရမ်းရွံစရာ ကောင်းတယ်၊ နန်းကျောင်းကျောင်း၊ မင်းကိုယ်မင်း သန့်ရှင်းစင်ကြယ်အောင်နေရင် ပိုကောင်းမယ်”

အာဃာတပြန်တမ်းWhere stories live. Discover now