အခန်း (၅၀)

1.5K 209 0
                                    


အခန်း (၅၀) : အင်မော်တယ် မော်တယ် (Immortal Mortal) ကျင့်စဉ်


တစ်ရက်တာ အနားယူပြီးနောက် မိုဝူကျီသည် နေထိုင်ရာမှ ထွက်လာခဲ့ပြီး လောင်ဟိုင်ကုန်သည်အိမ်တော်ဆီ ဦးတည်လိုက်သည်။

နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ စတင်ရန် တစ်လတာ လိုသေး၏။ ထို့ကြောင့် မိုဝူကျီသည် သူအလိုရှိလှသော ကျင့်စဉ်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ သူ မတတ်နိုင်သည်က အမှန်ဖြစ်သော်လည်း ကြည့်ရုံဖြင့် ဆိုးကျိုးမရှိချေ။

သွေးကြောဖွင့်ဆေး ထုတ်လုပ်ရန် လိုအပ်သောကြောင့် မိုဝူကျီသည် ထူးဆန်းစွာ စိတ်မလှုပ်ရှားနေပေ။ သူသည် ဆေးကို ဖော်စပ်နိုင်သော်လည်း လျှပ်စီးမရှိလျှင် အကျိုးသက်ရောက်မှု မရှိပေ။

လောင်ဟိုင်ကုန်သည်အိမ်တော်သည် ခမ်းနားလှသည့် ထျန်းလော်ဟိုတယ်နှင့် ယှဉ်လျှင် ပြဒါးတစ်လမ်း သံတစ်လမ်း ခြားနားလှပေသည်။ အပေါက်ဝတွင် ကြောက်မက်ဖွယ် အမည်မသိ သားရဲနှစ်ကောင် ရုပ်ထုအား ထားရှိလေ၏။ ကျယ်ဝန်းလှသော တံခါးများတွင် လူများ အစုံလိုက် အပြုံလိုက် သွားလာနေကြပြီး မိုဝူကျီသည် လူထုနှင့်အတူ စံအိမ်ထဲရောက်ရှိသွားသည်နှင့် ဆေးရနံ့ကို တန်းရလိုက်၏။

ပထမထပ်ရှိ ဧည့်ခန်းမတွင် ဆေးအမြောက်အမြားရှိနေပြီး သန့်ရှင်းသပ်ရပ် ကြည်လင်သည့် ဗီရိုထဲတွင် စနစ်တကျ စီထည့်ထား၏။ သာမာန်ကာလျှံကာ ကြည့်လိုက်သော်လည်း ဘာအရာမှ အစီအစဉ် မကျဖြစ်နေခြင်း မရှိပေ။ ဆေးအမည်များသည် သူတို့၏ လုပ်ဆောင်ချက်များ၊ အဆင့်များနှင့် အတူ ထားရှိပြီး သူတို့ဖော်စပ်နိုင်သည့် ဆေးနည်းများနှင့် ဆေးဖော်စပ်ရန် အဓိက ဆေးပင်များကိုပင် ရှင်းရှင်းလင်းလင်း မှတ်သားထားလေသည်။

မိုဝူကျီသည် အရင်က ယောင်ကျိုးမြို့တွင် ဆေးလောကအကြောင်း စူးစမ်းရှာဖွေဖူး၏။ သို့သော်လည်း ယောင်ကျိုးမြို့ရှိ ဆေးများသည် သာမာန်ဖြည့်စွက်ဆေးများသာ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

ကောင်တာတစ်ခုချင်းစီနောက်တွင် ဆိုင်အကူတစ်ယောက် ထိုင်နေလေသည်။ ဈေးဝယ်သူသည် ဈေးနှုန်းများအကြောင်း မမေးသရွေ့ သူတို့သည် အမူအယာ ကင်းမဲ့စွာ ထိုင်နေမည် ဖြစ်၏။ သို့သော်လည်း ဈေးဝယ်သူက တစ်ခုခု မေးမြန်းသည်နှင့် ဆိုင်အကူများသည် သူတို့၏ အကြံပြုချက်များနှင့် အဆိုပြုချက်များကိုပါ ပြောပြပေးလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now