အခန်း (၆၁)

1.4K 207 1
                                    


အခန်း (၆၁) : ရက်ရောမှု

"စကားမပြောနဲ့....." ဂျီကွမ်းက သတိပေးလိုက်သော်ငြား အလွန်နောက်ကျသွားလေပြီ။ ပင်လယ်ကျားသစ်ပျံကား တင်းဘူအာ၏ အသံကို ကြားပြီးပြီး ဖြစ်၏။ ထိုကြောင့် ကံကောင်းလှသည့် အသက်ရှင်ကျန်ရစ်သူကို ဘေးကန်လွတ်လိုက်ကာ မိုဝူကျီတို့ဆီ ပြေးလာလေသည်။

"အားလုံး တိုက်ကြ...." မာန်ဖီနေသော ပင်လယ်ကျားသစ်ပျံကား သူတို့ဆီ လွှားခနဲ ရောက်ရှိလာသောကြောင့် ဂျီကွမ်းက သူ့ဓားဖြင့် အပြည့်အဝ ခုခံကာ ကမူးရူးထိုး ရန်သူကို ရင်ဆိုင်ထားလိုက်သည်။ ဂေါင်ကျွမ်းနှင့် ဒဏ်ရာရထားသော စွန်းလီယင်ပင် ထိုအတိုင်း ပြုမူနေကြ၏။ တင်းဘူအာသည် အားအနည်းဆုံး ဖြစ်သော်လည်း သူသည် အခြေအနေကို နားလည်ကာ တွန့်ဆုတ်ခြင်းမရှိ ရှေ့တက်သွားလေသည်။

သူတို့ငါးယောက်တွင် မိုဝူကျီသာလျှင် ကျန်ရှိနေ၏။ သူသည် နောက်တွင် နေနေရုံသာမက မတ်တပ်ရပ်နေဆဲ ဖြစ်၏။ သူသည် သေခြင်းတရားကို ကြောက်သောကြောင့် ထိုသို့ ပြုမူခြင်း မဟုတ်ပေ။ သူသည် ဂျီကွမ်းက မြှားပစ်သားရဲများအကြောင်း ပြောကတည်းမှ ပတ်ဝန်းကျင်ကို သေချာလေ့လာနေခဲ့၏။ လူလေးယောက်၏ အားသည် ပင်လယ်ကျားသစ်ပျံကို ထိန်းချုပ်နိုင်လိမ့်မည်။ ထို့ကြောင့် သူ ဝင်မပါလျှင်ပင် ကိစ္စအများကြီး မရှိပေ။ ထို့အစား မိုဝူကျီသည် စွန်းလီယင်ကို ဒဏ်ရာရစေခဲ့သော မြှားပစ်သားရဲကို ပိုအာရုံစိုက်မိ၏။ တိုက်ရိုက် တိုက်ခိုက်မှုများသည် ရှောင်ရှားဖို့ရန် လွယ်ကူသော်ငြား ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်မှုများကား ပို၍ ခက်ခဲလှ၏။ မြှားပစ်သားရဲ၏ တည်ရှိမှုက မိုဝူကျီအား ပို၍ စိုးရိမ်စေလေသည်။

အဖြစ်အပျက်များကား မိုဝူကျီမျှော်မှန်းထားသကဲ့သို့ ဖြစ်လာလေ၏။ ဂျီကွမ်းနှင့် အခြားလူများသည် ပင်လယ်ကျားသစ်ပျံ၏ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ကြလေသည်။ ပင်လယ်ကျားသစ်ပျံတွင် ကြီးမားသော အင်အား ပိုင်ဆိုင်သော်ငြား ရွေ့လျားနိုင်စွမ်း မကောင်းလှချေ။ လေးယောက်သား ဝန်းရံထားပြီး တင်းဘူအာမှလွဲလျှင် ကျန်သုံးယောက်က အတွေ့အကြုံ များသည့်အတွက် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ထိုအရာကို အခွင့်ကောင်းယူပြီး သူတို့သည် ပင်လယ်ကျားသစ်ပျံနှင့် တိုက်ခိုက်နေကြခြင်း ဖြစ်လေ၏။ သို့သော်လည်း ခြားနားချက်ကား သူတို့၏ တိုက်ခိုက်နှုန်းတွင် ဖြစ်သည်။ ပင်လယ်ကျားသစ်ပျံသည် အခွင့်ကောင်းစောင့်ကာ သူတို့ထံ ကြမ်းကြုတ်ရက်စက်စွာ တဟုန်ထိုး ကန်ထုတ်လိုက်လေသည်။ စွန်းလီယင်၏ ဒဏ်ရာကား ပြန်ပွင့်လာပြီး မိနစ်အနည်းငယ်အတွင်းတွင် တင်းဘူအာသည်လည်း အင်အား ယုတ်လျော့လာလေသည်။ သူ့အား ထိရိုက်လာသည့် အားကို မခုခံနိုင်တော့ဘဲ တင်းဘူအာသည် နောက်သို့ ဆုတ်လိုက်ရ၏။ ပင်လယ်ကျားသစ်ပျံကား ထိုအရာကို မြင်၍ အခွင့်ကောင်းယူကာ တင်းဘူအာကို လှမ်း၍ ဟပ်လိုက်လေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now