အခန်း (၅၉)

1.4K 211 0
                                    


အခန်း (၅၉) : တစ်ကိုယ်တော်

တင်းဘူအာပင် သူတို့ အသုံးချခံလိုက်ရကြောင်း နားလည် သဘောပေါက်လိုက်သည်။

"ဝူကျီ....." တင်းဘူအာသည် မျက်နှာပျက်ကာ မိုဝူကျီကို ကြည့်လိုက်လေ၏။

မိုဝူကျီသည် ဂျီကွမ်းတို့က သူတို့ကို အဖွဲ့ထဲသို့ စတင်ဖိတ်ခေါ်ကတည်းက သံသယရှိခဲ့၏။ ယခုအခါ ကိစ္စများသည် သိသာလာကာ သူက ထိတ်ထိတ်ပျာပျာ ဖြစ်မသွားသော်ငြား စိတ်ကို အေးအေးထားကာ မေးလိုက်သည် "ငါတို့မှာ တန်ဖိုးရှိတယ်လို့ ဆိုလိုတာပဲ....တကယ်လို့ ငါတို့မှာသာ တန်ဖိုးမရှိဘူးဆိုရင် အစ်ကိုဂျီက ငါတို့ကို ဖိတ်မှာမဟုတ်ဘူး.... ဟုတ်တယ်မလား....."

နောက်ဆုံးစကား‌ ပြောပြီးချိန်တွင် မိုဝူကျီသည် ဂျီကွမ်းဘက်သို့ လှည့်ကာ မျက်နှာမူလိုက်သည်။ အမှန်ဆိုလျှင် သူသည် စိတ်ထဲမထားပေ။ ဂျီကွမ်းက သူ့အား အသုံးချလျှင် တချိန်တည်းတွင် ဂျီကွမ်းအား ပြန်၍ အသုံးချမည်။ အကယ်၍ ဂျီကွမ်းက ဦးမဆောင်လျှင် ဒီကိုရောက်ဖို့ပင် အလွန်တရာ ခက်ခဲပေလောက်၏။ ထို့အပြင် သူ့အတွက် အပိုကူညီသူ သုံးယောက်ရသကဲ့သို့ပင် ဖြစ်၏။

ဂျီကွမ်းသည် မိုဝူကျီအား အသုံးချရန် ကြံစည်ထားသော်လည်း သူသည် မိုဝူကျီက အမှန်တကယ် လျှပ်စီးဒဏ်ခံနိုင်လားဆိုတာ မသိချေ။ လျှပ်စီးကား ဂျီကွမ်းလို လူမျိုးအတွက် အိမ်မက်ဆိုးပင် ဖြစ်၏။ သို့သော်လည်း ထိုအရာသည် မိုဝူကျီအတွက် အကောင်းဆုံးသော အခွင့်အရေး တစ်ခု ဖြစ်နေပေ၏။ အကယ်၍ သူ့တွင် ဘာမှပေးကမ်းစရာ မရှိပါက မည်သူကမှ သူနှင့် တင်းဘူအာအား အဖွဲ့ထဲသို့ လက်ခံလိုမည် မဟုတ်ပေ။

"ကောင်းတယ်... ညီလေးမိုက ပွင့်ပွင့်လင်းလင်းသမားပဲ..... လာ သွားကြစို့...." ထိုစကားဆုံးသည်နှင့် ဂျီကွမ်းသည် ရော်ဘာလှေအပေါ် ခုန်တက်လိုက်သည်။

မိုဝူကျီသဘောတူသည်ကို မြင်၍ တင်းဘူအာက ဘာမှထပ်၍ မပြောတော့ချေ။ လှော်တက်ကို ယူကာ မိုဝူကျီနှင့်အတူ ရော်ဘာလှေသို့ တက်လိုက်ကြသည်။

မိုဝူကျီသည် အစက လူလေးယောက် ရော်ဘာလှေလှော်ခြင်းက အရမ်းမမြန်လောက်ဟု တွေးထင်မိခဲ့၏။ သို့သော်လည်း ရော်ဘာလှေပေါ်သို့ ရောက်ပြီးသည်နှင့် သူ့အတွေးများသည် မှားနေကြောင်း သိလိုက်ရ၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now