အခန်း (၁၉၁)

1.1K 157 5
                                    


အခန်း (၁၉၁) : အန္တရာယ်အကင်းဆုံး နေရာ

မိုဝူကျီက ပြေးထွက်လာလေသည်။ ယခင် သူ မိုးကြိုးမြူတောထဲ ဝင်စဉ်က သတိတကြီး ထားကာ သားရဲများနှင့် မတွေ့ရန် ရှောင်ရှားခဲ့ရသည်။ သို့သော် ယခုတွင် မိုဝူကျီက ဂရုစိုက်နေမည် မဟုတ်ပေ။ အားကောင်းသည့် သားရဲက သူ့ရှေ့ရှိနေလျှင်ပင် ပြေးဝင်သွားဖို့ တွေဝေနေမည် မဟုတ်ပေ။

ရိုးရိုးလေးချီ သို့မဟုတ် သခွားသီးပုတို ပင် ဖြစ်နေပါစေ သူတို့အားအင်များက မိုဝူကျီ လိုက်မှီနိုင်သည့်အရာ မဟုတ်သေးပေ။ အကယ်၍ သူတို့နှစ်ယောက်သာ သူ့ခြေရာ ခံမိသွားပါက ဆိုးရွားစွာ သေဆုံးရလိမ့်မည်။

မိုဝူကျီက လေးရက်တာနီးပါး မရပ်မနား ပြေးလာကာ နောက်ဆုံးတွင် ရပ်တန့်လိုက်တော့သည်။ သူက ထပ်မပြေးချင်တော့၍ မဟုတ်ဘဲ ထိုသို့ မလုပ်ရဲတော့၍ ဖြစ်သည်။

သူ ရောက်ရှိသည်နှင့် ကြောက်ခမန်းလိလိ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ သူက သားရဲမြည်ဟိန်းသံ ကြားဖူး၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွင်း ကောင်းကင်စမ်းသပ်ချက် ခံယူနေသော သားရဲ၏ အော်မြည်ကြွေးမှုကို ကြားဖူးသည်။

အကယ်၍ သူသာ ဆက်ပြေးပါက ထိုသားရဲပါးစပ်ထဲ တည့်တည့် ပြေးမိသွားလိမ့်မည်။ ရပ်တန့်လိုက်သောကြောင့် သူ့လက်ထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်းကို ကြည့်လိုက်တော့သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နေကာ ထိုလက်စွပ်နှစ်ကွင်းက သူ့အောင်မြင်မှု ရလဒ် ဖြစ်သည်။ ထိုလက်စွပ်နှစ်ကွင်းနှင့်ပင် အရာအားလုံး ထိုက်တန်သွားလေပြီ။

သူက ထိုလက်စွပ်များမှ အမှတ်အသားများကို ဖယ်ရှားဖို့ရန် အလျှင်မလိုပေ။ သူ့ကိုယ်သူ ပုန်းကွယ်နိုင်ဖို့က ပို၍ အရေးကြီးပေသည်။

လက်စွပ်များကို ကိုယ်နှင့်အနီးတွင် ထားကာ မိုဝူကျီက ပုန်းခိုရာ နေရာကို သတိတကြီး ရှာဖွေလိုက်တော့သည်။ သူက လေးရက်တာ ပြေးခဲ့သော်လည်း အန္တရာယ်တော့ မကင်းသေးပေ။

ပုံမှန်အားဖြင့် သူ့အတွက် အန္တရာယ်အကင်းဆုံးနေရာကား လျှပ်စီးတောင်ကြားသာ ဖြစ်၏။ သို့သော် ကံဆိုးလှစွာ သူက လျှပ်စီးတောင်ကြားကို မဝင်ရဲတော့ပေ။ ရိုးရိုးလေးချီက သူ့ကို လျှပ်စီးတောင်ကြားများတွင် လိုက်ရှာမှာ စိုးရိမ်၍ ဖြစ်သည်။ ထို့အပြင် သူက လျှပ်စီးတောင်ကြားတွင် နေထိုင်ခဲ့ရက်နှင့် ရိုးရိုးလေးချီက ရှာတွေ့သွားသေး၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now