အခန်း (၁၁၇)

1.1K 156 0
                                    


အခန်း (၁၁၇) : ဆေးလုံးဆရာများ အပြန်အလှန် ဆွေးနွေးပွဲ

ကျန်းရှောက်ရုက စိတ်ပျော်လက်ပျော် ပြောလိုက်သည် "ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲက စတော့မှာ မဟုတ်ဘူးလား ဒီမှာ ဆေးလုံးဆရာတွေ တော်တော်များများတောင် ရောက်နေကြပြီ ပြီးတော့ ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဆရာက ဆေးလုံးဖော်စပ်ခြင်း အကြောင်း အပြန်အလှန် ဆွေးနွေးကြမယ်တဲ့ အဲမှာ ဆေးလုံးဆရာတိုင်း ပါဝင်လို့ ရတယ်..."

ကျန်းရှောက်ရု စကား ပြီးအောင်ပင် မစောင့်ဘဲ မိုဝူကျီက စိတ်လှုပ်ရှားစွာ ဝင်ဖြတ်မေးလိုက်သည် "အခု အဲဒါကို သွားပါခိုင်းနေတာလား..."

"ဟုတ််တယ်လေ သွားမလား..."

မိုဝူကျီက အနည်းငယ် တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည် "သွားမှာပေါ့ အခု သွားကြမယ်လေ .." ထိုဆွေးနွေးပွဲက ကောင်းကင်ဖွေရှာနန်းတော်မှ လုပ်ခြင်း မဟုတ်လျှင်ပင် သူက သွားဦးမည် ဖြစ်၏။ နားဖြင့်သာ ကြားဖူးခဲ့သော ကောင်းကင်ဖွေရှာ နန်းတော်က မျက်စိရှေ့မှောက်သို့ ရောက်လာသောအခါ ပို၍ပင် ကြည့်ချင်မိသည်။

ကျန်းရှောက်ခယ်၏ အဝတ်အထဲမှ ကျောက်စိမ်းပြား ထွက်လာသည်။ သူက မိုဝူကျီကို ပေးလိုက်ပြီးတော့ "ဝူကျီ ဒါက ဆေးလုံးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အမှတ်အသားပြားပဲ ဒါမရှိဘဲ ရှောက်ရုနဲ့ မင်း အဲထဲကို ဝင်လို့ ရမှာ မဟုတ်ဘူး...."

သူတို့က ကောင်းကင်ဖွေရှာနန်းတော် နေရာသို့ ရောက်လာသောအခါ ထိုကောင်းကင်ဖွေရှာနန်းတော်က ပျောက်ဆုံးနယ်မြေ တစ်ခုလုံးအတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေသည့် အကြောင်းရင်းကို နားလည်သွားလေသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ် နေရာကား ကြီးမားလွန်းသော်လည်း ဤနေရာရှိ ဂိုဏ်းများ၊ လူများလဲ များပြားလှပေ၏။ လက်တွေ့တွင် နေရာ၏ အစွန်အဖျား နေရာများကား ထိုးသိပ်ထားသလို သိပ်သည်းနေတတ်သည်။ သို့သော် နေရာတစ်ခုလုံးတွင် ကောင်းကင်ဖွေရှာနန်းတော်က အကောင်းဆုံးနေရာကို ယူထားသည် သာမက အလယ်တည့်တည့်တွင် ဖြစ်နေသေး၏။ ထို့အပြင် သူတို့ကား ဂိုဏ်းအားလုံးရှိ နေရာများထက် အကြီးမားဆုံးနေရာကို ယူထားလေသည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now