အခန်း (၁၃၇)

1.1K 140 0
                                    


အခန်း (၁၃၇) : ကျုပ်က ခင်ဗျားကို သတ်ပစ်ချင်တာ ကြာလှပြီ

တုန့်လွန်က မိုဝူကျီ အဆောင်အသက်သွင်းလိုက်သည်ကို မြင်သောအခါ စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်။ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လောက်ဖြင့် သူ့အား ကြံစည်ရဲသည်။ မိုဝူကျီ တွေးထားသည့်အတိုင်း သူက မိုဝူကျီကို မျက်လုံးထဲ မထားသည့်အတွက် သူ့တည်နေရာအတိုင်း နောက်ဆုတ်ရဲတာ ဖြစ်၏။

သူက ဒဏ်ရာရလျှင်၍ မိုဝူကျီက နောက်တစ်ခါ ထပ်တိုက်မည် ဆိုလျှင်ပင် သူက မျက်ခုံးတစ်ချက် တွန့်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက အချက်ကျကျ ကြံစည်ခဲ့သောကြောင့် ငြိမ်နေ၍ မဖြစ်တော့ပေ။

တုန့်လွန်၏ သဘာဝစွမ်းအားများက မိုဝူကျီကို ရင်ဆိုင်ဖို့ရာ တဟုန်ထိုး မြင့်တက်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် တုန့်လွန်မျက်နှာက ပြောင်းလဲသွားလေသည်။ သူ့လှုပ်ရှားမှုများက မယုံနိင်လောက်ဖွယ်‌ နှေးသွားကာ ပတ်ဝန်းကျင်မှ အအေးဓာတ်က စိမ့်ဝင်ပြန့်နှံ့လာသည်။ ထိုရေခဲစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို အလျှင်အမြန် အေးခဲလာတော့သည်။

မကောင်းတော့ချေ.... ထိုအဆောင်သည် သူရင်ဆိုင်မတွေ့လိုသော အဆောင်မျိုး ဖြစ်သည်။ တုန့်လွန် နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေပြီး သူ့စွမ်းအားများကို သိမ်းမထားရဲတော့ချေ။ သူက သဘာဝစွမ်းအားများကို လှည့်ပတ်ပြီး ထိုရေခဲစက်ကွင်းမှ လွတ်မြောက်ရန် လုပ်ဆောင်လိုက်သည်။

ကံဆိုးလှစွာ သူသည် အခွင့်အရေး ဆုံးရှုံးသွားပြီးလေပြီ။ အကယ်၍ သူသာ အစကတည်းမှ အကောင်းဆုံး ကြိုးစားခဲ့ပါက သူ့တွင် ထွက်ပြေးရန် အခွင့်အရေး ရကောင်း ရနိုင်သေး၏။ ယခုတွင် ရေခဲကွဲထွက်ခြင်း အဆောင်ကို လုံးဝမရှောင်ရှားနိုင်တော့ချေ။

"ဝှီး..." စက္ကန့်အနည်းငယ်အတွင်း တုန့်လွန်သည် နေရာတွင် မလှုပ်မရှားအေးခဲနေလေပြီ။ ပိုးမွားတစ်ကောင် ပင့်ကူအိမ်တွင် ကပ်နေသည့်အလား သူ့ကိုယ်သူ မလွတ်မြောက်နိုင်တော့ပေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now