အခန်း (၁၆၅)

1.1K 143 0
                                    


အခန်း (၁၆၅) : ပျောက်ဆုံးကောင်းကင်မြို့ပျက်နှင့် ကောင်းကင်လမ်းပန်း

"ကျွန်မ ရှင့်ကို ရှာနေတာ ကြာလှပြီ .... "

မိုဝူကျီက ရှေးဟောင်းမှတ်တမ်းဌာနမှ ထွက်လာလာချင်း တစ်ယောက်က သူ့အား လှမ်းတားလိုက်သည်။

ထိုသူက ချိန်စုယင် ဖြစ်၏။ မိုဝူကျီက သူမကို လှည့်မကြည့်ဘဲဖြင့် အသံနှင့်ပင် တန်းမှတ်မိသည်။

လှည့်ကြည့်လိုက်သည့်အခါ ချိန်စုယင် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ မိုဝူကျီတွင် သူမနှင့် လဲလှယ်စရာ ဘာအရာမှ မရှိသော်လည်း သူမနှင့် တွေ့ဆုံတိုင်း သူမ အလှတရားက မျက်စိပသာဓဖြစ်ကြောင်းတော့ မငြင်းနိုင်ချေ။

"စီနီယာအစ်မချိန် ... ကျွန်တော်က ကျွန်တော့်ရဲ့ လျှပ်စီးခန္ဓာကျင့်စဉ်နဲ့ တကယ်မလဲနိုင်ဘူးဗျ ..." မိုဝူကျီက စိတ်မရှည်စွာ ပြောလိုက်သည်။ ချိန်စုယင်သည် သူ့ဆီမှ ခန္ဓာကျင့်စဉ်ကို မည်မျှ အလိုရှိနေမှန်း သိ၏။

သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည် ...

"ကျွန်မကလည်း ရှင့်ရဲ့ လျှပ်စီးခန္ဓာကျင့်စဉ်ကို အရေးတကြီး လိုအပ်နေတာ၊ အဲ့အတွက် ရှင်နဲ့ အလဲအလှယ်လုပ်နိုင်တယ်၊ ရှင်က အခု ရှေးဟောင်းမှတ်တမ်းဌာနမှာ စာအုပ်ဖတ်ပြီး ထွက်လာတာမလား .... တကယ်လို့ ရှင်သာ အလိုရှိရင် ကျွန်မရဲ့ ဂိုဏ်းအမှတ်တွေနဲ့ လဲပေးနိုင်တယ် ...."

ထိုကိစ္စသာ ဖြစ်နိုင်ပါက မိုဝူကျီသည် ချိန်စုယင်နှင့် ချက်ချင်းပင် လဲလှယ်မိလိမ့်မည်။ သူက အဓိပ္ပါယ်မရှိသည့် အရာများ မလုပ်ဆောင်ချင်ပေ။ အချိန်အားလုံးကို ကောင်းစွာ အသုံးချ၍ ကျင့်ကြံခြင်းနှင့် တိုးတက်ခြင်းအပေါ်မှာသာ အာရုံစိုက်ထားချင်မိသည်။ သို့သော်လည်း သူ့တွင် လျှပ်စီးခန္ဓာကျင့်စဉ် အမှန်တကယ် မရှိချေ။

မိုဝူကျီက ပြန်မဖြေသောကြောင့် ချိန်စုယင်က ဆက်ပြောလိုက်သည် "ကျွန်မက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်ကနေ အပြင်စည်းဂိုဏ်းအထိ သွားရှာပြီးပြီ၊ ပြီးတော့ ပညာရပ်ခန်းမလည်း ရောက်ခဲ့သေးတယ် ရှေးဟောင်းမှတ်တမ်းဌာနကို အခုလာကြည့်မိတာပဲ ... "

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now