အခန်း (၁၆၇)

1.1K 145 0
                                    


အခန်း (၁၆၇) : ငါ့ကို မနှောင့်ယှက်နဲ့လို့ ပြောထားတယ်မလား

သူ့နှလုံးသားမှ နာကျင်မှု အကြီးစားက ခန္ဓာကိုယ်တစ်လျောက် ချိုး‌ချေပစ်လိုက်သည့်အလား ကျန့်ဝေသည် သဘာဝစွမ်းအားများကို မစုစည်းနိုင်တော့ချေ။ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

ထိုစဉ် မိုဝူကျီ ပါးစပ်မှလည်း သွေးများ ထွက်လာလေ၏။ သူက ထျန်းဂျီတုတ်ကို ကျန့်ဝေ၏ ဓားဖြင့် ရင်ဆိုင်ဖို့ရာ သုံးခဲ့သော်လည်း စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်၏ သဘာဝစွမ်းအားက အမှန်တကယ် အားပြင်းလွန်းလှသည်။ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို အသုံးပြုပြီး အားတချို့ကို မြေကြီးသို့ ပို့ဆောင်လိုက်သော်ငြား သူ့အတွင်း အင်္ဂါများမှာ တုန်တုန်ယင်ယင် ဖြစ်နေသေး၏။

ထိုသည်က မိုဝူကျီကို အကြောက်တရား အချို့ ဝင်စေသည်။ မူလက သူသည် ထျန်းဂျီတုတ်ဖြင့် လုပင်းကို ချောင်းမြောင်းတိုက်နေစဉ် ကျန့်ဝေ တိုက်ခိုက်မှုကို ချပ်ဝတ်ဖြင့်သာ ခုခံမည်ဟု တွေးထားသေး၏။ သူ မလုပ်မိသည်က ကံကြီးလှပေသည်။ အကယ်၍ သူသာ လုပ်ခဲ့လျှင် ကျန့်ဝေကဲ့သို့ မြေပြင်ပေါ် အသက်မဲ့စွာ လဲလျောင်းနေရလိမ့်မည်။

"ဟားဟား.." တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်၏ ထိန်းမနိုင်သိမ်းမရ ရယ်သံက ရုတ်တရက် ရပ်တန့်သွားတော့သည်။ ကျန့်ဝေက သွေးအန်ပြီးတော့ မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားပြီး သူ့မျက်လုံးကား အသက်မဲ့သွားသည်ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီး ဝတ်ရုံနှင့် လူငယ်က အခြေအနေကို သဘောမပေါက်သေးခင် မိုဝူကျီ လက်ထဲမှ တုတ်ကား လုပင်းခါးဆီ ရောက်သွားလေပြီ။

လုပင်းက ကျန့်ဝေ မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်သောအခါ အလန့်တကြား ဖြစ်မိသွားသည်။ မိုဝူကျီ၏ ထျန်းဂျီတုတ် ရောက်ရှိလာသည့်အချိန်တွင် သူက လန့်ဖြပ်သွားကာ သူ့လက်ထဲရှိ ကြာပွတ်က သံမဏိလှံအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီ၏ ထျန်းဂျီတုတ်နှင့် လေထဲတွင် ထိပ်တိုက်တွေ့မိကြသည်။

သဘာဝစွမ်းအားများက ပေါက်ကွဲလာပြီး မိုဝူကျီက လွင့်စင်သွားလေ၏။ သစ်ပင်ကြီး တစ်ပင်ကို တိုက်မိပြီး ဖြေးဖြေးချင်း အောက်လျော့ကျသွားလေပြီး သွေးတစ်ပွက် အန်ထုတ်လိုက်တော့သည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now