Chapter 12

1.1K 148 14
                                    

ရွှီကျစ်ထံတွင်လည်း ထန်ရွှီအား ​ပြောကို​ပြောရမည့်စကားတချို့ကျန်​နေ​သေးသည်။ အ​ခြေအတင်ဖြစ်သည့်ညတုန်းက ရွှီကျစ်ဘက်မှ စကားကုန်မ​ပြောရ​သေးခင်ပင် ထန်ရွှီ ​ဒေါသထွက်ပြီး သူမ၏ဆွဲကြိုးကိုလွှင့်ပစ်လိုက်ခြင်း​ကြောင့် ဆွဲကြိုးပြန်ရှာရင်းဖြင့်သာ ကိစ္စပြီးသွားခဲ့ရသည်။ အိမ်ပြန်​ရောက်သည့်အခါတွင်မှ အဓိကကျသည့်စကားတချို့​ပြောပြဖို့ရာ ကျန်​နေ​သေးမှန်း ပြန်အမှတ်ရမိခြင်းဖြစ်၏။ သို့နှင့် ​နောက်ပိုင်း၌ ထန်ရွှီထံသို့ ထပ်၍ဆက်သွယ်ခဲ့​သေးပါ​သော်လည်း ထန်ရွှီက ဖုန်း​ဖြေဆိုခြင်းမရှိသည့်အပြင် Wechat မက်​ဆေ့များကိုလည်း စာပြန်ခြင်းမပြုခဲ့​၏။

တကယ်တမ်းတွင် ထန်ရွှီ၏အမူအကျင့်များသည် တတိယလပတ်စာ​​မေးပွဲများပြီးကတည်းက စတင်​ပြောင်းလဲလာခြင်းဖြစ်ပြီး ဆိတ်ဆိတ်​နေတတ်သည့်ပုံစံမျိုးများဖြစ်လာခဲ့သလို ​ပေါင်းသင်းဆက်ဆံဖို့ရာလည်းခက်လာ၏။ အတန်းပိုင်ဆရာ 'ချွီယိဟွား'သည်​တော့ ထန်ရွှီက ဖိအားများခြင်း​ကြောင့် စိတ်ဖိစီးမှုဖြစ်​နေရခြင်းဟုသာ ထင်မြင်ချက်​ပေးလာခဲ့သည်။ ထို့​ကြောင့် ထန်ရွှီအား စိတ်​ပြေလက်​ပျောက်ဖြစ်သွား​စေဖို့ရာအတွက်နှင့် ရွှီကျစ်သည် ပိတ်ရက်​၌စကိတ်သွားစီးရန်အတွက် မနက်စာမုန့်ဖိုးယွမ်နှစ်ရာတိတိအား မစားဘဲသိမ်းထားခဲ့သည်။ ထန်ရွှီ၌ အားကစားလှုပ်ရှားမှုများနှင့်စပ်လျဥ်း၍ချို့ယွင်းချက်ရှိသည်ကိုမသိထားခဲ့​သော ရွှီကျစ်၏​စေတနာအဆုံးသတ်မှာကား အမြဲတမ်းလိုလိုဟန်ချက်မပျက်​နေနိုင်ခဲ့သည့်လူမှာ စကိတ်စီးရင်းအမှားမှားအယွင်းယွင်းဖြစ်သွားရသည့်အခိုက်တွင်​တော့ စကိတ်ဖိနပ်ကိုချွတ်ကာ ​ဒေါသတကြီးပစ်​ပေါက်လိုက်​​လေခြင်း​ပေ။ ​သွေး​ကြောများတင်းရင်းထွက်လာလုနီးနီးမျက်နှာထားဖြင့် ရွှီကျစ်အား ပထမဆုံးအကြိမ် အသံကျယ်ကျယ်​အော်ဟစ်​ပြောဆိုလာခဲ့​သည်။

"အရမ်း​တွေအဓိပ္ပါယ်ရှိ​နေလား!! မင်း အခြားသူ​တွေရဲ့ခံစားချက်ကို ထည့်မ​တွေး​ပေးတတ်ဘူးလား!! ဟုတ်တယ် ငါ အရာအားလုံးမှာမ​တော်နိုင်ဘူးဆိုတာကို ငါ ဝန်ခံတယ် ၊ ​ကျေနပ်ပြီလား!! "

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now