ချန်လုကျိုး အပေါ်ထပ်သို့တက်လာပြီးသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျူးယန်ချီနှင့်ချိုက်ယင်းယင်းသည်လည်း ညစာစားကြမည့်နေရာအား အချိန်းအချက်ပြုပြီးဖြစ်နေ၏။ တောင်တန်းဗီလာစံအိမ်လေးမှာ ကြီးကြီးမားမားမကျယ်ဝန်းသော်ငြား အစားအသောက်မျိုးတော့စုံဖွယ်ဖွယ်ရာရာရသည်။ ဖုယွိချင် အနှီလူသည် ဘဝနေထိုင်မှုအား မည်သို့ပျော်ရွှင်စေရကောင်းမှန်း အမှန်နားလည်သည့်သူပေ။ စီချွမ်းဟင်းလျာ ၊ ဟွိုင်ယန်အချက်အပြုတ် ၊ ဟန်ကျိုးစားဖွယ် မှန်သမျှအပြင် အရှေ့မြောက်ပိုင်းဒေသ၏အိုးချက်စတူးဟင်းလျာများပင်ရှိ၏။ စားဖိုချောင်ထဲတွင် နေ့အလိုက်ဟင်းလျာများ မတူညီအောင်ပြင်ဆင်ထားချေသေး၏။
ကံမကောင်းစွာဖြင့်တော့ ယနေ့အတွက်ဟင်းလျာမှာ စီချွမ်းဟင်းများဖြစ်ပြီး လေးယောက်လုံး တစ်ယောက်မှ အစပ်မစားနိုင်ကြချေ။
ချန်လုကျိုးက အဆင်ပြေနေသေးသော်လည်း ကျန်သုံးယောက်မှာကား အစပ်စားပြီးလျှာတစ်လစ်ဖြစ်နေနှင့်ပေပြီ။ ထို့ကြောင့် ချိုက်ယင်းယင်းက ဦးစွာအကြံပြုလာလေ၏။
"ဒါမှမဟုတ် ခဏနေကျမှ ငါတို့တွေ အောက်ထပ်က ဘားမှာပဲအရက်သွားသောက်ကြရအောင်လား!"
ကျူးယန်ချီမှာ လက်ရောခြေပါမြှောက်၍ ထောက်ခံလာ၏။
ရွှီကျစ်မှာတော့ ဖုန်းထဲမှ ဖဲဂိမ်းကစားရင်း 'သဘောရှိ'ဟု ပြန်ဖြေလာသည်။
သုံးယောက်သားမှာ ဘယ်အချိန်ကတည်းက ညစာအတူစားရန် အချိန်းအချက်ပြုထားကြမှန်းမသိသည့်အပြင် ချန်လုကျိုးကိုပါ အပါဆွဲခေါ်နေကြလေသည်။
သူ့လက်ကိုင်ဖုန်းမှာတော့ အိပ်ရာဘေးတွင်တင်ထားပြီး မကြာခဏတုန်ခါနေပါသော်ငြား ယူမကြည့်မိ ၊ မျက်လုံးဖွင့်ဖို့ရာပင်ပျင်းရိနေပြီး အိပ်နေသည့်အလား တင်းတင်းမှိတ်ထား၏။ သူသည် အပေါ်ပိုင်းတစ်ခုလုံး အဝတ်မပါတမ်း ဗလာကျင်းထားပြီး ကျယ်ပြန့်သည့်ပုခုံးပြင် ၊ ချောမွေ့နေသည့်နောက်ကျောသားတို့အား လှစ်ဟထားလျက်ဖြင့် အိပ်ရာထက်၌ မလှုပ်မယှက်လှဲနေသည်။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~