Chapter 37

1K 146 21
                                    

အဝါ​ဖျော့​ဖျော့လ​ရောင်ခြည်ဟာ ​ကောင်းကင်ထက်၌ထိန်ထိန်သာလျက်ရှိပြီး မိုး​ရနံ့သင်းသင်းများက ​လေထုတစ်ခွင်လုံး လှိုင်သင်းလျက်ရှိသည့်အလယ် ​ပျော်ရွှင်ရယ်မြူးသံများကလည်း အဆက်မပြတ်ပါ​​ပေ။ စား​သောက်ပြီးစီးကြသည့်သူများသည်လည်း တစ်စစနှင့်လူစုခွဲ၍ ခပ်သွက်သွက်​လျှောက်သွားကြသည်မှာ မသိပါက အလျင်မမီ​တော့မည့်​နောက်ထပ်ပွဲတစ်ခုခုရှိသလိုလို။

ချန်လုကျိုးသည်​တော့ လူအများနှင့်ကွဲထွက်စွာ တစ်​ယောက်တည်းရှိ​နေပြီး စတိုးဆိုင်တစ်ခု​ရှေ့တွင် ​ဆောင့်​ကြောင့်ထိုင်လျက်ဖြင့် ဖြတ်သွားဖြတ်လာများ တဖြည်းဖြည်းဆဲသွားသည့်မြင်ကွင်း ၊ ဖြတ်သွားဖြတ်လာများ နှုတ်ဆက်ကြသည့်မြင်ကွင်း ၊ ဖြတ်သွားဖြတ်လာများ မနက်ဖြန်ကိုတက်ကြွစွာ​မျှော်လင့်​နေကြသည့်မြင်ကွင်း လှမ်းကြည့်​နေခဲ့သည်။

'ဘန်း ဘန်း ဘန်း'

ကြည်လင်ပြတ်သားအား​ကောင်းသည့်အသံတစ်ခု ၊ သူ ဘီယာဘူးခွံများအား တစ်ဘူးချင်းစီ​ ညစ်​ချေပစ်လိုက်သည့်အသံ​ကြောင့် နံ​ဘေးဆီမှ ​ခွေးအုပ်စုက သူ့အားစိုက်ကြည့်လာ၍ "ဝုတ် ဝုတ် ဝုတ် ဝုတ်....."

သူ လုပ်မိလိုက်သည့်အသံက ​ခွေးပင်သည်းမခံနိုင်၍ ထ​ဟောင်လာသည်အထိ ဆူညံသွားမှန်း ချန်လုကျိုးသိလိုက်၏။ ထိုအခါ သူက ​လှောင်ရယ်သလိုပြုံးလိုက်ပြီး လက်သီး​ပေါ် လက်တစ်ဖက်အုပ်ကာ ​အရှုံး​ပေးသည့်ဟန်ဖြင့် ပျင်းတွဲတွဲစကားဆိုလိုက်သည်။

"​ကောင်းပါပြီ ​ကောင်းပါပြီ.....ငါ မှားသွားပါတယ်"

သို့နှင့် သူ ယဥ်ယဥ်​ကျေး​ကျေး​လေးမတ်တပ်ထရပ်ပြီး ဘီယာဘူးခွံများအားလုံးကို အမှိုက်ပုံးထဲထည့်​တော့မှသာ ​ခွေး​ဟောင်သံများရပ်သွားခဲ့သည်။

လမ်းတစ်​လျှောက်လုံး တဖန်ပြန်၍တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လ​ရောင်ခြည်မှာလည်း တိတ်တဆိတ်​လေး ​တောက်ပ​နေပြီး ​နွေရာသီအလယ်​ပိုင်း​ကျော်လာသည့်ကာလမျိုး​ကြောင့်ဖြစ်မည်ထင် ၊ ​ကျေးငှက်​အော်သံများက သိသိသာသာကြည်လင်ပြီးမြိုင်ဆိုင်​နေ​တော့သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now