အနှီနှစ်ဦးသားထွက်သွားပြီးသည်အထိ ချန်လုကျိုးသည် ထိုနေရာ၌ဆယ်မိနစ်နီးပါးရပ်နေရပြီး ကျူးယန်ချီရောက်လာသည့်အချိန်က မထင်ထားလောက်အောင်နောက်ကျလေသည်။ တစ်ဖက်လူက တက္ကစီပေါ်မှအလောတလျင်ပြေးဆင်းလာပါသော်လည်း ချန်လုကျိုးမှာကား စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ လက်ကိုင်ဖုန်းကိုငုံ့ကြည့်နေသည့်အချိန် ၊ ခပ်သွက်သွက်ပြေးလာသည့်ခြေသံများကိုကြားလိုက်ခြင်းကြောင့် ကျူးယန်ချီ ရောက်လာတော့မည့်အချိန်ဟု သူ စိတ်ထဲတွေးရင်း ပန်းခုံအစွန်းမှခုန်ချလာလိုက်သည်။ ထို့နောက် သူ ခေါင်းမော့ကြည့်ရုံရှိသေး ၊ အရှိန်နှင့်ပြေးဝင်လာသည့်အရိပ်မည်းမည်းတစ်ခုကိုသာတွေ့လိုက်ရလေပြီး မည်သို့မျှပင်ရှောင်ဖယ်ချိန်မရတော့ဘဲ အားပြင်းသည့်လက်သီးတစ်ချက်က သူ့မေးရိုးတည့်တည့်ပြေးဝင်လာချေတော့သည်။
အသက်ပြင်းပြင်းရှူထုတ်လိုက်မိသည့်အပြင် လူတစ်ယောက်လုံး ဟန်ချက်ပျက်၍ယိုင်ကျတော့မယောင်ဖြစ်သွားရ၏။ အချိန်မီတုံ့ပြန်နိုင်လိုက်ခြင်းကြောင့်သာ လက်တစ်ဖက်က မေးစေ့ကိုအုပ်ပြီး ပြေးဝင်လာသည့်လူ၏ပုခုံးကိုလှမ်းဆွဲ၍ လဲမကျသွားအောင်ထိန်းနိုင်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်လျှင် တစ်ဖက်လူက တကယ်လည်းကျူးယန်ချီ။
"ငိုး! မင်း လက်ပါမယ်ဆိုလည်း နေရာတော့ကြည့်ဦးလေ!"
ချန်လုကျိုး အံကျိတ်ရင်းနှင့် ခက်ခက်ခဲခဲစကားထုတ်ပြောလိုက်ရသည်။
ကျူးယန်ချီမှာလည်း ကြောင်အမ်းနေလျက်သား။ တကယ်တမ်း၌ သူဟာ ရင်ဘတ်ကိုထိုးမည်အပြုနှင့်ပြေးဝင်လာခြင်းဖြစ်ပြီး ချန်လုကျိုးက ပန်းခုံပေါ်မှခုန်ချလာလိမ့်မည်ဟု မထင်ထားခဲ့။ လက်သီးအရှိန်ကိုလည်းမထိန်းနိုင်တော့သဖြင့်လည်း မေးရိုးဆီတည့်တည့်မတ်မတ်ကြီးရောက်သွားရခြင်းဖြစ်ပေသည်။
"ငိုး ၊ မင်း ဘယ်လိုဖြစ်လို့ ဒီနေ့ကျမှ နှေးတိနှေးကန်ဖြစ်နေရတာတုန်း"
ယခင်က ချန်လုကျိုးဟာ တုံ့ပြန်မှုမြန်ဆန်ပြီးအရှောင်အတိမ်းကောင်းလွန်းသောကြောင့် ယခုလက်ရှိအနေအထားတွင် ကျူးယန်ချီကိုယ်တိုင်ပင် အံ့အားသင့်နေရ၏။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~