ရွှီကွမ်းကျိသည် မနက်ခင်းအိမ်မှထွက်သွားချိန်တုန်းက ကန်တင်းထမင်းစားကဒ်ကျန်ခဲ့သည်ဖြစ်၍ ရွှီကျစ်ထံသို့ ဖုန်းဆက်ပြီးလာပို့ခိုင်းထားခဲ့သည်။ သို့သော်ငြား ရွှီကျစ် မထင်မှတ်ထားခဲ့သည်မှာ ရုံးခန်းတံခါးဝသို့ရောက်လျှင်ရောက်ချင်း လောင်ရွှီတစ်ယောက် တတွတ်တွတ်နှင့်စကားပြောနေသည်အား ကြားလိုက်ရတော့သည်။
သူမကိုယ်တိုင် ယခုလိုစကားမျိုးများ ဘယ်အချိန်ကပြောခဲ့သည်ကိုပင် မမှတ်မိ။ အလွန်ဆုံးနေ၍ လောင်ရွှီတစ်ယောက်တည်းသောက်နေသည်ကိုကြည့်ရင်း 'ဝူလျန်ယဲ့'နှစ်ငုံ့မျှသာယူသောက်မိခဲ့ပြီး စိတ်မထိန်းတော့သည့်အဆုံး စကားတစ်ခွန်းသာလွှတ်ခနဲပြောခဲ့မိသည်။
"ဖေဖေ.....သမီး သူ့ကို နည်းနည်းလေးတော့ လက်မလွှတ်ပေးလိုက်နိုင်ဘူးထင်တယ်"
"သမီးအတွက် ပထမဆုံးရည်းစားထားဖူးတာမလို့ ဖေဖေ နားလည်ပါတယ် ၊ အနည်းနဲ့အများတော့ လေးနက်နေမှာ"
ရွှီကွမ်းကျိက အနည်းငယ်တည်ငြိမ်စပြုလာပြီးနောက်တွင် သမီးဖြစ်သူကို နှစ်သိမ့်ပေးလိုသည့်အမူအရာနှင့် စကားဆက်ဆိုခဲ့သည်။
"နန်းနန်း.....တကယ်တော့ လူ့ဘဝမှာ အများစုက ဒုက္ခသုခတွေကို လှိုင်းကြီးတံပိုးကြီး ကြုံကြိုက်ကြရတာမဟုတ်ဘူး ၊ လေပြင်းမိုးပြင်းကြုံရတာမျိုးလည်း မဟုတ်ကြဘူး ၊ နည်းနည်းချင်း ကြုံတွေ့နေရတဲ့ဒုက္ခတွေရယ်.....လက်လွှတ်နိုင်ခြင်း.....လက်မလွှတ်နိုင်ခြင်းတွေကြားမှာမှ ကိုယ့်ကိုယ်ကိုယ် ဖြေးဖြေးချင်းကြီးပြင်းလာနိုင်အောင် ကြိုးစားရမှာ"
ဖေဖေက ပြောပါသေးတယ်......ဘဝဆိုတာ ဘယ်တုန်းကမှ ပန်းတွေဝေဆာနေတဲ့အရပ် ၊ နေရာတိုင်းမှာ ငှက်ကလေးတွေသီချင်းဆိုပြီး ပန်းရနံ့သင်းနေတဲ့အရပ်မျိုးမဟုတ်ခဲ့ပါဘူး။ ဒီအတိုင်း ပန်းရနံ့လေးနည်းနည်း ၊ မြက်ရနံ့လေးသင်းသင်း ၊ နေရောင်ခြည်ရဲ့အပူဓါတ်လေးတချို့ရယ် ၊ မိုးရေစိုစွတ်မှုလေးတွေ နည်းနည်းထပ်ပေါင်းထည့်တာကမှ ဘဝ လို့ ခေါ်တာ။ မိုးရေလည်း အမြဲတမ်းရှိနေမှာဖြစ်သလို ရာသီဥတုသာယာတဲ့နေ့ရက်တွေလည်း အမြဲတမ်းရောက်လာမှာ.......
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~