အဆောင်သို့ပြန်ရောက်သည်နှင့် ချန်လုကျိုး အပေါ်ထပ်အနွေးထည်ကိုချွတ်ပြီး ထိုင်ခုံနောက်မှီပေါ်တင်ထားလိုက်သည်။ ခန္ဓာကိုယ်ထက်တွင် အဖြူရောင်လည်ဝိုက်အင်္ကျီလက်ရှည်နှင့် မီးခိုးရောင်ဘောင်းဘီကိုသာဝတ်ထားပြီး ထိုင်ခုံကိုအနောက်သို့ယိုင်ချလိုက်သဖြင့် ထိုင်ခုံ၏အရှေ့ခြေနှစ်ချောင်းဟာ အနည်းငယ်မြှောက်သွားရ၏။ သူဟာ လက်ကိုင်ဖုန်းကိုလှည့်ကစားနေရင်း အတော်ကြာသွားပြီးတော့မှသာ ဖုန်းဖွင့်၍ လျန်ဟွေ့ထံဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းတစ်ဖက်မှ ချက်ချင်းလက်ခံဖြေဆိုလာသည့်တိုင် နှစ်ဖက်စလုံးက စက္ကန့်သုံးဆယ်နီးနီးအထိ တိတ်ဆိတ်နေပြီးနောက်တွင်မှ လျန်ဟွေ့ အရင်စကားဆိုလာခဲ့ပြီး စကားသံတို့က ယခင်အတိုင်းနူးညံ့သိမ်မွေ့နေဆဲဖြစ်သည်။
"သား အဲ့ဒီမှာအရမ်းအလုပ်များနေတာလား"
ချန်လုကျိုးက 'အင်း'ဟု အသံပြုလိုက်၏။ ခေါင်းငုံ့ထားခြင်းကြောင့်လည်း သူ့မျက်နှာအမူအရာအား ရှင်းရှင်းလင်းလင်းမမြင်ရနိုင်။ တစ်ဖက်တွင် နားကြပ်တပ်ပြီးဂိမ်းကစားနေသည့်အခန်းဖော်ဖြစ်သူသည်တော့ အသံကြားလိုက်ခြင်းကြောင့် စူးစူးစမ်းစမ်းလှမ်းကြည့်လာမိလေ၏။ အကြောင်းမှာလည်း ကျောင်းလာတက်ပြီးတစ်လကျော်ကြာလာသည့်တိုင်အောင် ချန်လုကျိုးမှ သူ့မိသားစုထံဖုန်းဆက်သည်အား ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်။
"အမေ ကျွန်တော့်ဆီကို ပိုက်ဆံလွှဲပေးစရာမလိုဘူး ၊ ကျွန်တော် ပညာသင်ဆုလျှောက်ဖြစ်မှာ"
လျန်ဟွေ့က အသံငြိမ်ငြိမ်နှင့်စကားဆိုလာ၏။
"သား ပညာသင်ဆုယူတာ၊မယူတာတွေက မေမေ့ကိစ္စမဟုတ်ဘူး ၊ ပြောရကြေးဆိုရင် သားတို့ကျောင်းရဲ့ပညာသင်ဆုပမာဏက အမြင့်ဆုံးတောင် ယွမ်တစ်သောင်းခွဲ ၊ ကျောင်းစရိတ်ပဲပေးလိုက်ပါဦး သားမှာ ဘယ်လောက်ကျန်မှာမလို့လဲ ၊ တရားရုံးကလည်း သားရဲ့အုပ်ထိန်းပိုင်ခွင့်ကို မေမေ့လက်ထဲထည့်လိုက်တာဆိုတော့ မေမေ့ဆီမှာ သားကို ထောက်ပံ့ပေးဖို့ဝတ္တရားရှိတယ် ၊ ပိုက်ဆံကို မေမေလွှဲထားမယ် ၊ သုံးတာမသုံးတာက သားကိစ္စ"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~