Chapter 50

1.1K 147 31
                                    

အမှန်တကယ်တွင် ရွှီကျစ်သည် စကားလုံးတိုင်းကို ရှင်းလင်းပြတ်သား​အောင်​ပြောခဲ့ပြီးပြီ​ပေ - ရည်းစား​တွေမဟုတ်ဘဲ နမ်းတာကမှ စိတ်ဝင်စားစရာ​ကောင်းတာ ၊ ဒါ​ပေမယ့် ချစ်သူရည်းစား​တွေဟုတ်သည်ဖြစ်​စေ မဟုတ်တာဘဲဖြစ်​စေ ငါ နင့်ကို သ​ဘောကျတာကလည်းတကယ် ၊ ငါတို့နှစ်​ယောက်ကြားမှာ ဒီလိုဖြစ်​နေမှာမျိုးကို​တော့ ငါ လက်မခံချင်ဘူး ၊ အနာဂတ်​​မှာ ဘယ်လိုပဲဖြစ်လာပါ​စေ ၊ အနည်းဆုံး​တော့ လက်ရှိအချိန်မှာ ငါ နင်နဲ့အတူတူ ဆက်ပြီးကစားသွားချင်တယ်.....

အကယ်၍များ အချိန်ကာလတို့​နောက်ပြန်ဆုတ်သွားခဲ့ပါလျှင် သူမဟာ ယခုအခိုက်အတန့်တွင် ချန်လုကျိုးဆိုသည်မှာ ဘာသာရပ်​ပေါင်းစုံအမှတ်အမြင့်ဆုံးရထားသည့်​ကျောင်းသားဟူ၍လည်း မသိနိုင်ခဲ့ ၊ ​အသံသွင်းရိုက်ကူး​ရေးပြုလုပ်သည့်​နေ့ကကဲ့သို့ အ​ရေးတယူမပြုမူခံရသည့်အ​တွေ့အကြုံမျိုးကိုလည်း ကြုံ​တွေ့ခဲ့ရမည်မဟုတ်ခဲ့ ၊ သူဟာ အမှတ်(၁)အထက်တန်း​ကျောင်း၏နာမည်ကြီးတစ်​ယောက် ၊ ထူးချွန်ဆုရလက်မှတ်များကို တစ်မြို့လုံးအနှံ့​ကြော်ငြာစာတမ်းကပ်ခံရသည့် ထိပ်တန်း​ကျောင်းသားတစ်​ယောက်ဖြစ်​နေခဲ့လိမ့်မည်ကိုလည်း မသိနိုင်ခဲ့၏။ အတိုင်းထက်အလွန် တဖိတ်ဖိတ်​တောက်ပ​နေကြသည့်အုပ်စုထဲတွင်ပင် သူ၏တည်ရှိ​နေမှုဟာ ယှဥ်ပြိုင်ဘက်မရှိ ၊ ဖိနှိပ်ထားနိုင်စွမ်းတို့ပင် လက်လှမ်းမမှီ​တော့သည့်အ​နေအထားဖြစ်​နေ​ချေ​တော့သည်။

အကယ်၍ နှစ်​ယောက်သား၏ ပထမ​တွေ့ဆုံမှုအစသာဖြစ်ခဲ့ပါလျှင် ၊ အထက်တန်းတတိယနှစ်​ကျောင်းသား​များ​နေထိုင်သည့် အ​​ဆောက်အဦးထဲမှ စာ​တော်သည့်သာမန်​ကျောင်းသား ချန်လုကျိုးသာဖြစ်ခဲ့ပါလျှင် ရွှီကျစ်အ​နေဖြင့် 'နင် ငါ့​ကောင်​လေးလုပ်မလား'ဆို​သောစကား ​ပြော​ကောင်း​ပြောခဲ့ပါလိမ့်မည်။ သို့​သော် ယခုအ​နေအထားတွင်​တော့ ဤစကားတစ်ခွန်းအား သူမဘက်မှ အရင်ဦးစွာ​ပြောထွက်မိ​တော့မည်မဟုတ်၏။

ရွှီကျစ်သည် ငယ်စဥ်ကတည်းက သူမကိုယ့်ကိုယ် ​သေးနုတ်သိမ်ငယ်သူအဖြစ် ဘယ်​သောအခါကမှ မခံယူခဲ့သလို သိမ်ငယ်သည့်စိတ်ဖြစ်လာသည်မျိုးလည်း အလွန်ရှားခဲ့သည်။ ငယ်စဥ်ကတည်းက မည်သူကမှလည်း သူမကို သိမ်ငယ်စိတ်ဝင်​အောင်မလုပ်နိုင်ခဲ့ခြင်းဟု ဆိုရမည်။ မဟုတ်ပါက 'ကျွန်မရဲ့အလှကို သူငယ်ချင်းတို့အတွက် ထိန်းသိမ်းထား​ပေးမယ်'ဆိုသည့်စကားတစ်ခွန်းအား ​ပြောထွက်ခဲ့မည်ပင်မဟုတ်၏။ ချန်လုကျိုးနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အချိန်တွင်မှ သူမဟာ ပထမဆုံးအကြိမ်အဖြစ် သိမ်ငယ်စိတ်တို့ဝင်လာရခြင်းဖြစ်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now