ပတ်ဝန်းကျင်တစ်ခုလုံး နှစ်မိနစ်နီးပါးတိတ်ဆိတ်သွားခဲ့ပြီးနောက်တွင် ရွှီကျစ် မတ်တပ်ရပ်၍ ထပြန်ရန်ပြင်လိုက်တော့သည်။ ထိုအခါ ချန်လုကျိုးက ရီမုခလုတ်ကို ကျူးယန်ချီထံသို့ပစ်ပေးလိုက်ပြီး ;
"ငါ သူ့ကို လိုက်ပို့ပေးလိုက်ဦးမယ် ၊ မင်းဘာသာမင်းကြည့်တော့"
ကျူးယန်ချီက တည်ငြိမ်ချင်ယောင်ဆောင်ထားလိုက်၏။ နောက်ထပ်တစ်ကြိမ် အိမ်တံခါးဖွင့်သည့်အသံကြားလိုက်ရသည့်အခါတွင်တော့ ကျူးယန်ချီသည် ရောင်စုံပလပ်စတစ်ဖဲစများဖောက်လွှတ်သောဘူးကို အသင့်ကိုင်လျက်သား ၊ ဤရောင်စုံပလပ်စတစ်ဖဲစဘူးမှာ ချန်လုကျိုးတစ်ယောက် ကျောင်းဆရာတစ်ဦး၏မင်္ဂလာပွဲ၌ သတို့သားအရံလုပ်ပေးရင်းက အမှတ်မဲ့ယူလာမိခြင်း။ အိမ်ထဲဝင်လာသည့်လူက မည်သူမှန်းမသိ ၊ ကျူးယန်ချီ ဧည့်ခန်းထောင့်တစ်နေရာတွင်ပုန်းလိုက်ပြီး တံခါးပိတ်သံဖွဖွမြည်ပြီးသွားတော့သည်နှင့် ရောင်စုံပလပ်စတစ်ဖဲစဘူးအား ဖုန်းခနဲဖောက်လွှတ်လိုက်တော့၏။ ထို့အပြင် ဧည့်ခန်းထဲမှ ခုန်ထွက်ပစ်လိုက်လေပြီး ;
"အကြီးဆုံးသခင်လေးချန်က တစ်ကိုယ်တည်းသမားဘဝကနေ ကျွတ်သွားပြီပေါ့....."
"....."
ကျူးယန်ချီ မျက်နှာထက်မှအပြုံးတစ်ခုက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး စကားတစ်ခွန်းအား လွှတ်ခနဲပြောထွက်မိတော့၏။
"....အေ့....အမေ.....အာ.....မှားလို့ ၊ အန်တီလျန်"
------
လရောင်ခြည်ဟာ ကောင်းကင်ကြီးထက်၌ အေးချမ်းငြိမ်သက်စွာချိတ်ဆွဲထားလျက်သား။
ချန်လုကျိုး၏အိမ်နှင့် ရွှီကျစ်၏အိမ်မှာ တကယ်တမ်းသိပ်မဝေးပါဘဲ လမ်းနှစ်လမ်းမျှကွာခြားပြီး လမ်းလျှောက်သွားလျှင် မိနစ်နှစ်ဆယ်မျှသာအချိန်ပေးရသည်။ အချိန်မနှောင်းသေးသည့်အတွက် လမ်းမကြီးတစ်ခုလုံးလင်းထိန်နေသည့်အပြင် လူသွားလူလာများအပြည့်။ နှစ်ယောက်သားက အေးအေးလူလူသာလျှောက်လာကြရင်း စိတ်ဝင်စားစရာကောင်းသည့်ဆိုင်များတွေ့လျှင်လည်း ခဏဝင်ပတ်ကြည့်ကြသေး၏။ အမွှေးရနံ့များရောင်းချသည့်ဆိုင်တစ်ခုရှေ့အရောက်တွင်တော့ ရွှီကျစ်က စိတ်လိုလက်ရနှင့်ဝင်သွားခဲ့ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်နေလေသည်။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~