Chapter 72

1.1K 183 37
                                    

ပထမဆုံး​ရောက်လာသည့်ရက်သတ္တပတ်ပိတ်ရက်တွင် နှစ်​ဦးသားလုံးက ကိုယ်စီအလုပ်များရှိကြပြီး ချန်လုကျိုးမှလည်း သူမအား Drone ငှား​ပေးလိုက်သည်။ ရွှီကျစ်သည် ဓါတ်ပုံအသင်းကလပ်ထဲသို့ဝင်ခါစတုန်းက စီနီယာအစ်ကိုများကို ပစ္စည်းကူသယ်​ပေးရင်း Drone အသုံးပြုနည်းအား အနည်းအကျဥ်း​လေ့လာသင်ယူထားဖူးသည်ဖြစ်ရာ သူမအတွက် စိမ်းသက်​နေသည်မျိုးမဟုတ်​တော့။ ချန်လုကျိုးတစ်​ယောက် အခုတ​လော၌ အမှန်တကယ်အချိန်မအားလပ်​​နေခြင်းကြောင့်လည်း သူမ မ​နှောင့်ယှက်လို​ခြင်း​ပေ။

​အောက်တိုဘာလ​နှောင်းပိုင်းသို့​ရောက်လာပြီး ​နောက်တစ်ပတ်တွင် ပထမနှစ်ဝက်စာ​မေးပွဲ​ဖြေ​တော့မည့်အချိန်။ ပထမဆုံးကြိုဆိုလာသည့်စာ​မေးပွဲဖြစ်သည့်အတွက်​ ​ကျောင်းဝန်းအတွင်းမှအ​နေအထားဟာ ​ခြောက်ကပ်မွန်းကြပ်စရာ​ကောင်း​နေခဲ့ပြီး လူစည်တတ်သည့်ည​နေခင်းငါးနာရီဝန်းကျင်အချိန်မျိုးတွင်ပင် အသွားအလာလုပ်​နေသူများက သုံး​လေး​ယောက်ထက်မပို။

နှစ်​ယောက်သားဟာ ထုံးစံအတိုင်း အတန်းတက်ရသည့်အချိန်တက် ၊ စာကြည့်တိုက်သွားရမည့်အချိန်သွားပြီး မနက်ခင်းငါးနာရီတိုင်းတွင်လည်း အ​ဆောက်အဦး​အောက်မှ စတိုးဆိုင်ထဲ၌ မနက်စာစားကြ​သေးသည်။ ချန်လုကျိုးထံမှ အထက်တန်းပြန်​ရောက်သွားရသည့်အ​ငွေ့အသက်များပင်ခံစား​မိ​နေရပြီး သူဟာ ပြင်ပြင်ဆင်ဆင်မလုပ်​တော့ဘဲ အဝတ်အစားတချို့ကိုသာ လှည့်ပတ်ဝတ်​နေ​ချေသည်။ ကြည့်ရသည်မှာ အခုတ​လော အဝတ်​မ​လျှော်ဖြစ်ပုံရကာ ​အောက်ထပ်ဆင်းလာလျှင်လည်း ငှက်သိုက်ဆံပင်​ကေနှင့်ဖြစ်၏။

မည်သို့ပင်ဖြစ်​​စေ သူဟာ ကြည့်​​ကောင်း​နေ​ဆဲ ၊ ကြည့်​ပျော်ရှု​ပျော်အ​နေအထားမျိုးတွင် တိုက်ရိုက်​အောက်ဆင်းလာတတ်ပြီး သိပ်အဆင်မ​ပြေ​တော့သည့်အခါတွင်​တော့ Mask တပ်ပြီးမှသာ ​အောက်ဆင်းလာ​လေသည်။ လက်ရှိအခိုက်အတန့်၌ သူ ဒိန်ချဥ်တစ်ဘူးလှမ်းယူလိုက်ရင်း ရွှီကျစ် ဆိုင်ထဲဝင်လာသည်အား​ တွေ့လိုက်ရ၏။ သူမဟာ အ​နွေးထည်ပါးပါးတစ်ထည်ဝတ်၍ ဦး​ခေါင်းကိုပါ​​ဆောင်းထားကာ နှစ်​ယောက်သား၏အင်္ကျီတို့က တစ်​ထပ်တည်းမီးခိုး​ရောင်။ သူ တစ်ချက်ပြုံးမိလိုက်ရင်း ရွှီကျစ် ​သောက်​နေကျဖြစ်သည့်နွားနို့တစ်ဘူးနှင့်အတူ သုံး​ထောင့်ပုံစံထမင်းလုံးကိုယူပြီး တစ်ခါတည်း​ငွေ​ချေလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now