ချန်လုကျိုး နောက်ပြန်လှည့်၍ပြန်ရောက်လာသည့်တိုင် အခန်းတံခါးကဒ်က သူ့ထံတွင်ရှိမနေ။ သို့နှင့် စင်္ကြံလျှောက်လမ်းရှေ့ နံရံထက်တွင် အတော်အတန်ကြာအောင်ရပ်နေမိပြီးနောက်တွင်မှ လက်ကိုင်ဖုန်းကိုထုတ်၍ ကျူးယန်ချီထံ ဖုန်းခေါ်ဆိုလိုက်သည်။ လက်ရှိအခိုက်အတန့်၌ သူဟာ စိတ်နှင့်ကိုယ်တစ်သားတည်းမကပ်နိုင်ဘဲ လွတ်ထွက်သွားတော့မယောင်ခံစားမိနေခဲ့ကာ တစ်ဖက်လူထံ ဖုန်းဆက်ကြွားပြီး သုံးလေးခွန်းအဆဲခံလိုက်ရတော့မှသာ နေထိထိုင်သာဖြစ်သွားခဲ့၏။ သူ မနေနိုင်အောင်လည်းပြုံးလိုက်မိ၍ ;
"မင်း ငါ့ကို နှစ်ခွန်းလောက်ထပ်ဆဲပေးစမ်းပါ"
ကျူးယန်ချီက သက်ပြင်းတစ်ချက်ရှိုက်စာအတွင်းမှာတင် ပြည်တွင်းဆဲနည်းပေါင်းစုံပြောထွက်လာခဲ့ပြီး ;
"ငါ့ကြောင့်သာမဟုတ်ရင် မင်း ရွှီကျစ်ကိုရမှာတဲ့လား ၊ တက္ကစီခကို အခုချက်ချင်းလွှဲလာခဲ့ ၊ ငိုး ငါ အခုထိကားလမ်းပိတ်မိနေတုန်း ၊ ငါကဖြင့် မင်းကို အရမ်းတွေမိုက်မယ်ထင်တာလား....ငိုး ကောင်မလေးလိုက်ပိုးတာတောင် ဒီလောင်ဇစ်က ဝင်ကူညီပေးနေရတယ်.....အလကားကောင်"
ဖုန်းတစ်ဖက်ဆီမှလေသံမှာ ကျောက်တုံးကြီးပင်ကွဲထွက်သွားလောက်သည်အထိအားကောင်း၍ နားအူသွားစေနိုင်လောက်သောကြောင့် ချန်လုကျိုးမှာ လက်ကိုင်ဖုန်းအား နားနှင့်ချက်ချင်းပင်ခွာပြီး ရယ်လိုက်မိတော့၏။
"ရပြီ ရပြီ.....ငါ ရှင်းပေးမယ်ဟုတ်ပြီလား ၊ ဖုန်းချပြီ"
လက်ကိုင်ဖုန်းအား အိတ်ကပ်ထဲပြန်ထည့်ပြီးချင်းမှာပင် ချပ်ခနဲမြည်သံနှင့်အတူ အခန်းတံခါးက ခပ်ဟဟလေးပွင့်လာ၏။ အသံလာရာအတိုင်း ချန်လုကျိုး လှည့်ကြည့်လိုက်လျှင် ရွှီကျစ်က တံခါးဖွင့်ဖို့ရန်ပြင်နေခြင်းဖြစ်ပြီး ဆံပင်ရေစက်လက်နှင့်အတူ အင်္ကျီအဝတ်အစားများလည်းပြန်ဝတ်ထားပြီးပြီဖြစ်၏။ အခန်းတံခါးပေါက်ဝ မီးရောင်မှိန်မှိန်အောက်တွင်ရပ်နေပြီး မျက်ဝန်းများဟာလည်း ယခုလေးတွင်မှရေစိမ်ထားသည့်အလား ကြည်လဲ့လဲ့လေးနှင့် သူ့အား အသေအချာကိုလှမ်းကြည့်နေလေသည်။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~