မထင်မှတ်ထားသည့်အတိုင်း ယခုနှစ်တွင်တော့ ကျန်းချန်က မွေးနေ့လက်ဆောင်ပို့ပေးလာသည့်အပြင် အထက်တန်းကျောင်းတုန်းက သိပ်မရင်းနှီးခဲ့သည့်သူငယ်ချင်းများပင် Wechat မှတဆင့် မွေးနေ့ဆုတောင်းစကားများပို့လာကြသည်။
ချန်ရှင်းချီထံမှလည်း မက်ဆေ့တစ်စောင်ရောက်လာခဲ့သည်။
[ အစ်ကို မွေးနေ့မှာပျော်ရွှင်ပါစေနော် ]
တရားရုံး၌ ချန်ရှင်းချီ၏အုပ်ထိန်းခွင့်အား ချန်ကျီရှန်းထံလွှဲအပ်လိုက်ပြီးသည့်အချိန်ကတည်းက သူတို့ညီအစ်ကိုနှစ်ဦးကြားတွင် အဆက်အသွယ်မရှိတော့။ အထုတ်အပိုးများပြင်ပြီး လျန်ဟွေ့နှင့်အတူ ဗီလာထဲမှထွက်လာသည့်ညတွင် ချန်ရှင်းချီသည် သူ့လည်ပင်းအား ကိုအာလာတစ်ကောင်လိုသိုင်းဖက်ထားခဲ့၍ ငိုယိုပြီးအမေးထုတ်ခဲ့သေး၏ ; 'အစ်ကို ကျွန်တော်ရော အစ်ကိုနဲ့လိုက်ခဲ့လို့မရဘူးလား....ကျွန်တော် သူတို့နှစ်ယောက်နဲ့မနေချင်ဘူး'
ချန်လုကျိုး၏အခြေအနေမှာ ထိုရက်ပိုင်းများတုန်းက အတော်လေးဆိုးရွားခဲ့ပြီး စကားသံကအစ အသံမထွက်နိုင်လောက်တော့သည်အထိအက်ကွဲနေခဲ့၏။
"မရဘူး ၊ ငါကိုယ်တိုင်တောင် အလုပ်လုပ်ရင်းကျောင်းတက်ရမှာ ၊ မင်းကို ဘယ်လိုကျွေးမွေးထားရမှာလဲ"
ချန်ရှင်းချီက မျက်လုံးများဖောင်းအစ်နေအောင်ငိုရင်း လေသံတိုးတိုးနှင့်စကားဆိုနေဆဲဖြစ်၏။
"ကျွန်တော်က ကျွေးမွေးထားလို့လွယ်ပါတယ် ၊ အစ်ကို ထမင်းပဲစားခိုင်းရင်တောင်ရပါတယ်"
ထိုအချိန်တုန်းက ချန်လုကျိုး၏အင်္ကျီအဝတ်အစားသည်ပင် ချန်ရှင်းချီဆွဲထားခြင်းကြောင့် ပုံစံပျက်ယွင်းကုန်ခဲ့ပြီး လျန်ဟွေ့ထံလှမ်းကြည့်လိုက်လျှင်လည်း လျန်ဟွေ့က စကားတစ်ခွန်းမှဝင်မပြောသဖြင့် နောက်ဆုံး၌ ချန်ရှင်းချီကို အောက်ချ၍နှစ်သိမ့်ပေးရတော့၏။
"အိမ်မှာ လိမ်လိမ်မာမာနေကြားလား ၊ အစ်ကိုအားတာနဲ့ မင်းဆီလာခဲ့မယ်"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~