Arc 5 အပိုင်း {၁၀၉} (Z+U)

6.7K 1.4K 96
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၁၁)

UNICODE

ရှဲ့ရှင်းလန် ပြုံးလိုက်သည်။ "ကောင်းပြီလေ။ ကိုယ့်ကိုစောင့်နေ။"

အထပ်မပြောင်းလဲခင် ရှဲ့ချီသည် သတင်းပေးမည့်အရာမှန်သမျှ အားလုံးကို ရှဲ့ရှင်းလန်ဆီ ထားခဲ့လေသည်။ သူ့ဆီတွင် စွမ်းအင်တစ်ချို့သာ ချန်ထားသည်။

သူ့တွင် စွမ်းအင်များနေပါက အခြားသူများက သူ့ကိုလာတိုက်ခိုက်နိုင်ခြေ ရှိလေသည်။ အရမ်းနည်းနေပါကလည်း သူ့ကို အားနည်းသည်ဟုထင်ကာ ကြောက်ကြလိမ့်မည်မဟုတ်ပေ။ သူ့ကို တစ်ခါတည်း အကျိုးမြတ်ထုတ်ကြလိမ့်မည်။

ပြန်လည်မွေးဖွားခြင်း တစ်ပတ်လည်ပြီးနောက် အကျဥ်းသားများသည် စွမ်းအားပိုများသည့် သရုပ်ဆောင်များကို အလိုလိုကြောက်သွားတတ်ကြပြီး စွမ်းအင်နည်းကြသူများကိုကား မုန်းတီးကြလေသည်။ အကြောင်းမှာ စွမ်းအင်သည် ခွန်အားကို ကိုယ်စားပြုသောကြောင့်ပင်။

သူနှင့် ရှဲ့ရှင်းလန်မှာ ဝိညာဥ်ခွဲထုတ်ထားခြင်းဖြစ်သည်ကို ဘယ်သူမှမသိကြပေ။ အခြားသရုပ်ဆောင်များ၏ မျက်လုံးထဲတွင် သူသည် စွမ်းအားကြီးသည့် ရှဲ့ချီ ဖြစ်နေဆဲပင်။ ရှဲ့ရှင်းလန်၏ ရှိန်အောင်လုပ်နိုင်စွမ်းက ရှိနေသေးသည်။ သူဘာမှမလုပ်သ၍ လူသိကြမည်မဟုတ်ပေ။ တစ်ထပ်တွင် လူသုံးယောက်သာလျှင် နေခွင့်ရှိခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမှာ သတင်းအချက်အလက်ဖလှယ်ရာတွင် ​နှောင့်နှေးကြခြင်းဖြစ်သည်။ ပရိသတ်များက တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိလောက်သော်လည်း သရုပ်ဆောင်များက လုံးဝသတိထားမိလိမ့်မည်မဟုတ်ပေ။ စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားခြင်းက အခြားတစ်ထပ်တည်းအတူနေကြသူများက သူ့ကို မနာလိုကြတော့မည်မဟုတ်ဘဲ ဓားပြတိုက်ခံရမည့်ရန်ကို ရှောင်ပြီးဖြစ်လေသည်။

************

ကျိရှင်းချန် မျက်လုံးများဖွင့်လိုက်သည့်အချိန်တွင် သူအာရုံစိုက်မိသွားသည်က သွေးနီရောင် ကောင်းကင်ကြီးဖြစ်သည်။ သူထလိုက်ပြီး ချောက်ကမ်းပါးမြင့်တစ်ခုပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ တောင်ကမြင့်ပြီး အရောင်မှာ မှင်ပန်းချီကားအလား အဝါနှင့် အနက်ရောင်ဖြစ်သည်။ သူ၏ရှေ့ရှိ အနက်ရောင် ထင်းရှူးပင်အကြီးကြီးသည် သူ၏ မြင်ကွင်းတော်တော်များများကို ကွယ်ထားသည်။ ကျိရှင်းချန် ရှေ့သို့ ဆက်သွားကြည့်လိုက်သည်။ သစ်ကိုင်းများ၊ သစ်ရွက်များနှင့် ထူထဲလှသော သွေးမြူစိုင်ကြားထဲမှ အောက်ထဲရှိ အခြေအနေကို တွေ့လိုက်ရပြီး အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now