Arc 6 အပိုင်း {၁၂၈} (Z+U)

4.8K 1.1K 247
                                    

ဆေးရုံ (၉)

UNICODE

သူ့အပေါ်ရှိ လရောင်က ပို၍နီရဲလာသည်ဟု ရှဲ့ချီ ခံစားလိုက်ရသည်။ သူ လှည့်လိုက်ကာ မော့လိုက်ပြီး အနီရောင်လအား အနည်းငယ် မျက်မှောင်ကြုတ်ကာ စက္ကန့်နည်းနည်းကြာအောင် စိုက်ကြည့်လိုက်သည်။ ကောင်းကင်ထက်ရှိ အနီရောင်နှင့် အဖြူရောင်တိမ်တိုက်များအပါအဝင် အနီရောင်နှင့် အဖြူရောင်လတို့၏ ပြောင်းလဲမှုများသည် သူ့အား အတော်အသင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်စုံတစ်ခုကို ပြောပြနေသည်ဟု အမြဲ ခံစားမိလေသည်။

ငြိမ်ငြိမ်လေး ဆက်မနေတော့ဘဲ လူနာဆောင်ဆီသို့ အမြန်လမ်း​လျှောက်သွားလိုက်သည်။ သူသာ ပြေးသွားပါက အလွန်အလျင်လိုနေမှန်း သိသာလိမ့်မည်။ တခြားသရုပ်ဆောင်များသာ သူ့ကိုသတိထားမိသွားပါက နောက်ယောင်ခံလိုက်လာနိုင်သည်။ ထို့ကြောင့် အခုချိန်တွင် သူအလျင်လိုနေသော်ငြား တည်ငြိမ်ချင်ယောင်သာ ဟန်ဆောင်နေရသည်။

ယွမ့်ဇျဲက လိုက်လာရင်း မေးသည်။ "ရှဲ့ချီ၊ မင်းရဲ့ ဇာတ်ရုပ်မှာ သားရှိနေတယ်။ မင်းရဲ့ အနာဂတ်သား ဖြစ်နေတဲ့ သရုပ်ဆောင်ရှိနေမယ်လို့ မင်းထင်လား။"

"အဲ့ဒါ အရေးမကြီးဘူး။"

ယွမ့်ဇျဲ အံ့ဩသွားပြီးမှ ချက်ချင်း သဘောပေါက်လိုက်သည်။ "ဟုတ်သား။ မင်းရဲ့သားကို ကာကွယ်နေစရာမလိုဘူးပဲ။ သူသေသွားလို့လည်း မင်းအပေါ်သက်ရောက်မှုမရှိဘူး။"

ဤသည်က ဇာတ်ကား၏ အခြေခံစည်းမျဥ်းများထဲမှ တစ်ခုဖြစ်ကြောင်း ယွမ့်ဇျဲ သိလိုက်ရသည်။ ကလေးများက သူတို့မိဘတွေကို ကာကွယ်ရမည်မှာ မိဘတစ်ယောက်သေသွားပါက သူတို့ ကလေးပါ ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့သော် မိဘတွေကတော့ ကလေးတွေကို ကာကွယ်စရာမလိုပေ။

"မင်း ဒီအကြောင်းထုတ်ပြောပြီး မင်းရဲ့သားကို လိုက်မရှာချင်ဘူးလား။ မင်းကို ကာကွယ်ဖို့ဆိုပြီး လူအများကြီး ရောက်လာနိုင်တယ်နော်..."

ယွမ့်ဇျဲက သူ့အမြင်ကို ဖော်ပြသည်။

"မဟုတ်ဘူး။ အလုပ်ရှုပ်ပြီး အချိန်လည်းမရှိဘူး။" ရှဲ့ချီ ခဏရပ်လိုက်သည်။ "ရှဲ့ယန်က ငါ့သား သွားဖြစ်နေမှာလည်း စိုးတယ်။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now