၂၃၅

1.3K 155 0
                                    

God of Slaughter (chapter – 235)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၅) ဒီနေ့ မနေ့ကထက်ကောင်းမယ်

ရှီးခွေ၏ ဦးခေါင်း လွင့်စင်ပေါက်ကွဲသွားပြီးနောက် သဲမုန်တိုင်းလေဆင်နှာမောင်းများကြားမှ သိုင်းသမားအုပ်စုသည်လည်း ဆက်လက် ရှင်သန်ရန် အခွင့်အရေးမရှိတော့ပါ။

ပျက်သုန်းခြင်းစွမ်းအင်များမှ ဖြစ်ပေါ်လာသော မကောင်းဆိုးဝါးကြီးသုံးကောင်သည် ထို အရူးအမူး ရုန်းကန်တိုက်ခိုက်နေကြသော ကမ္ဘာမြေအဆင့် သိုင်းသမားများ၏ အသက်ဇီဝိန်ကို လွယ်လင့်တကူ ခြွေချလိုက်ကြပြီးဖြစ်သည်။

ခိုင်ရာပင်လယ်ပြင်မှ ကမ္ဘာမြေအဆင့် သိုင်းသမားများသည်လည်း ခြွင်းချက်မဟုတ်ပေ။
သူတို့တွင် ၀ိညာဉ်အသိတိုက်ခိုက်မှုကို ခုခံရန်အတွက် အထူးသိုင်းဝိညာဉ်သော်လည်းကောင်း လျှို့ဝှက်မှော်ရတနာသော်လည်းကောင်း ပိုင်ဆိုင်မထားကြပါ။
အားလုံးက သားသတ်ရုံထဲတွင် စောင့်ဆိုင်းနေရသော သိုးကလေးများသဖွယ်သာ ဖြစ်သွားခဲ့ပါသည်။

ရှီးခွေ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကြီးက တအိအိ ပြိုလဲကျသွားသည်။
သဘာဝစွမ်းအင်စီးကြောင်းများက ရှီယန်၏ မရီဒျန်များထဲသို့ စီးဝင်လာကြသည်။

“ရွှပ်”
သူ့ခြေထောက်တွင် စိုက်ဝင်နေသော နှင့်ဓါးရှည်ကို ဆွဲနှုတ်လိုက်သည်။
ရှီယန်က ရှီးခွေ၏ အလောင်းကောင်ကြီးကို ခံစားချက်မဲ့စွာ ကြည့်နေရင်း
“ငါနဲ့ အနီးကပ်တိုက်ခိုက်ရဲလောက်အောင် တုံးနေမှတော့ သေလိုက်ပေါ့”

ကျောက်ခန္ဓာသိုင်းဝိညာဉ် အင်မော်တယ်သိုင်းဝိညာဉ်အပြင် မြေကမ္ဘာမီးလျှံဖြင့် သန့်စင်ထားသော ရှီယန့် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသည် အခြား သိုင်းသမားများ စိတ်မကူးနိုင်လောက်သောအနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
လက်နက်မဲ့ တိုက်ခိုက်မှုတွင် အဆင့်တူမှ မည်သည့်သိုင်းသမားမျှ ရှီယန့် ပြိုင်ဖက်မဟုတ်တော့ချေ။

သူ့ခြေထောက်ရှိ ဒိုးယိုပေါက် ဓါးဒဏ်ရာကြီးသည် အင်မော်တယ်သိုင်းဝိညာဉ်၏ အကူအညီဖြင့် တဖြည်းဖြည်းချင်း ပြန်လည် စေ့ပိတ်လာနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now