389

593 96 1
                                    

Chapter 389: အသိတွေရှီယန်က လောင်ညီအစ်ကိုတို့နှင့်အတူ ရပ်နေရင်း မျှော်စင် ပြူတင်းတံခါးမှတစ်ဆင့် သဏ္ဍန်လေးမျိုး ကျောက်တောင်ကြီးများ၏ ပြောင်းလဲမှုကို လှမ်းမျှော်ကြည့်ရှုနေသည်။တောင်ကြီးလေးလုံး၏ ပတ်ဝန်းကျင်အခြေအနေသည် တဖြည်းဖြည်း မူလကနှင့် ကွဲပြားခြားနားလာနေသည်။တစ်စုံတစ်ရာ မကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာတော့ရန် တာဆူနေဟန်တူသည်။သားရဲများ၏ အော်မြည်သံများက လှိုင်းလုံးကြီးများသဖွယ် တရိပ်ရိပ် တက်လာနေသည်။မရေမတွက်နိုင်သော သားရဲကောင်ကြီးများ တောင်လေးလုံး၏ အောက်ခြေတွင် စုဝေးနေကြသလိုမျိုး။ရှေးဟောင်းမြို့တော်ကြီးထဲသို့ အချိန်မရွေး လှိမ့်ဝင်လာကာ မြို့ထဲရှိ သိုင်းသမားများအား မှုန့်မှုန့်ညက်ညက် ချေပစ်တော့မလိုမျိုး။သားရဲကောင်များ၏ ဟိန်းဟောက်သံများနှင့်အတူ မိုးပြာနဂါးတောင်ကြီးပေါ်မှ အလင်းရောင်များစတင်ဖြာထွက်လာသည်။မကြာမီမှာပင် အရှေ့ဘက် ကောင်းကင်တစ်ခွင်ကို လျှပ်စီးမိုးကြိုးများဖုံးလွှမ်းသွားလေသည်။အနောက်ဘက်အရပ်ရှိ ကျားဖြူတောင်ကြီးထံမှလည်း ကြမ်းတမ်းလှသော လေဆင်နှာမောင်းကြီးများ ရုန်းထလာကြသည်။အရာအားလုံးကို ဆွဲယူဖျက်ဆီးပစ်တော့မလိုမျိုး ပတ်ဝန်းကျင်ရှိ ကျောက်စိုင်ကျောက်သားများပင် ပဲ့ထွက်လွင့်ပါသွားကြသည်။လေဆင်နှာမောင်းထဲ ရောက်သွားကြသော ကျောက်တုံးကျောက်ခဲကြီးများ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့်အတူ တန်နှင့်ချီသော အင်အားသက်ရောက်မှုများ ဖြစ်ပေါ်လာသည်။အနီရောင်ငှက်ကြီးသဏ္ဍန် ကျောက်တောင်ကြီးရှိရာ တောင်ဘက်အရပ်ဆီတွင်တော့ ကောင်းကင်ယံထက်သို့ မီးလုံးကြီးများ ထိုးတက်လာသည်။တဟူးဟူးတဟဲဟဲ လောင်ကျွမ်းနေသော မီးတောက်မီးလျှံများက အရာအားလုံးကို ၀ါးမျိုသွားကြသည်။မြောက်အရပ်ရှိ ပင်လယ်လိပ်ကြီးသဏ္ဍန် တောင်ကြီးပတ်ဝန်းကျင်မှာကတော့ လေထုအပူချိန် ရုတ်ချည်း ထိုးကျသွားပြီး ရေခဲတမျှ အေးစက်လာသည်။အလွန်ထူထပ်သော ဆီးနှင်းများ ကျဆင်းလာပြီး အချိန်တိုအတွင်းပင် အနက်ရောင်ပင်လယ်လိပ်သဏ္ဍန် တောင်ကြီးတစ်ခုလုံး ဆီးနှင်းများဖြင့် ဖြူဖွေးသွားတော့သည်။အပြောင်းအလဲများက တောင်ကြီးလေးလုံးတွင် ဆက်တိုက်ဖြစ်ပေါ်လာသည်။ရှေးဟောင်း ၀င်္ကဘာအစီအရင်များ ဖြစ်ပုံရ၏။မိုးကြိုး၊လေဆင်နှာမောင်း၊မီးလျှံနှင့် ဆီးနှင်းတို့သည် ရှေးဟောင်းမြို့ကြီးဆီသို့ လေးဘက်လေးတန်မှ ချည်းကပ်လာကြလေတော့သည်။ကျောက်တောင်ကြီးများ၏ ပြောင်းလဲမှုနှင့်အတူ သားရိုင်းအော်သံများကလည်း ရုတ်တရက် ရူးသွပ်ကြမ်းတမ်းလာကြသည်။ခပ်အုပ်အုပ် အော်သံများအဖြစ်မှ နားကွဲမတတ်ဆူညံသော စူးစူးဝါးဝါးအော်သံများအဖြစ်သို့ ပြောင်းလဲသွားကြပြီး တောင်ကြီးလေးလုံးဆီမှ သားရဲအုပ်ကြီးများ ပြိုဆင်းလာကြသည်။၎င်းတို့၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ရူးသွပ်ရိုင်းစိုင်းစွာဖြင့် မြို့ထဲသို့ တလကြမ်းတိုးဝင်လာကြလေသည်။ခေါင်းသုံးလုံး မိကျောင်းကြီးများ၊ ငွေရောင်ဝံပုလွေရိုင်းများ၊ ဦးချိုပါ မြွေနဂါးကြီးများနှင့် သံချပ်ကာကြေးခွံ လင်းယုန်ငှက်ကြီးများကိုပါ မြင်တွေ့နိုင်သည်။ထိုအကောင်များက အလွန်ရှားပါးသော သားရဲမျိုးစိတ်များဖြစ်သလို ကြောက်စရာကောင်းလှသော သတ္တ၀ါများဖြစ်ကြသည်။သားရဲအုပ်ကြီးများသည် ဒီလှိုင်းလုံးကြီးများသဖွယ် မြို့ထဲသို့ လှိမ့်ဝင်လာကြလေသည်။ကျောက်တောင်ကြီးများ၏ ပြောင်းလဲမှုကို မြင်ရကတည်းက ရှေးဟောင်းမြို့တော် မျှော်စင်များထဲရှိ သိုင်းသမားများမှာ အလွန် ခြောက်ခြားနေကြပြီဖြစ်သည်။အတော်များများက ရဲတိုက်ကြီးများ အပြင်ဘက်သို့ ထွက်လာကြသည်။မည်းမှောင်သော မျက်နှာများဖြင့် ရှိနေကြစဉ်မှာပင် ရှေ့ဆုံးမှ ရောက်ရှိလာသော သားရဲများကို ရင်ဆိုင်နေကြရပြီဖြစ်သည်။"သတိထား...သီးသန့်နယ်မြေထဲမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာတော့မယ်..."အိုင်ရာက တည်ကြည်သော မျက်နှာထားဖြင့် ပြောသည်။"သားရဲတွေက သိုင်းသမားတွေထက် အရေအတွက် ပိုများတယ်....ငါတို့ ဂရုမစိုက်ရင် သားရဲအုပ်ကြီး ၀ိုင်းတာခံလိုက်ရလိမ့်မယ်...ဒါဆို လွတ်မြောက်ဖို့ ခက်သွားနိုင်တယ်"ကျိယီ၊လောင်လီနှင့် လောင်လွန်တို့သည်လည်း ကျူးကျော်ဝင်ရောက်လာသော သားရိုင်းများကို ကြည့်ကာ လေးနက်သော မျက်နှာအမူအယာများဖြစ်ပေါ်လာကြသည်။အားလုံးပင် အသုံးချမည့် မှော်ရတနာများကို အသီးသီးထုတ်ယူပြင်ဆင်ထားလိုက်ကြသည်။ဘယ်သူမှ မပေါ့ဆ၀ံ့ကြပါ။အချို့ သိုင်းသမားအုပ်စုတွေကတော့ ရဲတိုက်အခန်းဆောင်တွေထဲတွင် ပုန်းအောင်းနေကြဆဲဖြစ်သည်။တံခါးပေါက်များ ပြူတင်းပေါက်များတွင် အသင့်အနေအထားဖြင့် ရပ်နေကြပြီး မြေပြင်မှရော ကောင်းကင်မှပါ အလုံးအရင်း တိုးဝင်လာကြသော သားရဲများကို ကြည့်နေကြသည်။လူအားလုံးပင် စိတ်တို့ လေးလံနေကြပြီဖြစ်သည်။ထို သားရဲများသည် ရှေးဟောင်းမြို့တော်ကြီး၏ အနေအထားကို သိရှိပြီးဖြစ်ဟန်တူသည်။၎င်းတို့က ရှေးဟောင်းမြို့တော်ထဲ ၀င်ရောက်လာသည်နှင့် သိုင်းသမားများ ခိုအောင်းနေကြသော ခံတပ်များ၊ ရဲတိုက်များ၊ မျှော်စင်များဆီသို့ ဦးတည်လာကြသည်။ကျောက်တုံး ရဲတိုက်ကြီးများမှာ အလွန် မြင့်မားကြသည်။သို့သော်လည်း ပျံသန်းနိုင်သော သားရဲများကိုတော့ မရပ်တန့်စေနိုင်ပါ။များပြားလှစွာသော ပြူတင်းပေါက်များမှ ချိုးဖျက်ဝင်ရောက်လာကြပြီး ရဲတိုက်ထဲရှိ သိုင်းသမားများကို ရှာဖွေကြသည်။သားရဲများက အလွန်အမင်း ရန်လိုလျှက်ရှိကြပြီး လူသားသိုင်းသမားများကို သတ်ဖြတ်ရန်အတွက် ၄င်းတို့အသက်ကိုပင် ဂရုမစိုက်ကြတော့ချေ။အဆင့်ခြောက် သံချပ်ကာကြေးခွံလင်းယုန်ငှက်ကြီး ဆယ်ကောင်၊ အဆင့်ခုနှစ် ဦးချိုပါ မြွေနဂါးကြီး သုံးကောင်သည် ရှီယန်တို့ အုပ်စုရှိရာ ရဲတိုက်ကြီးထဲသို့ ချိုးဖျက်ဝင်ရောက်လာကြသည်။အစိမ်းရောင်ကြေးခွံလင်းယုန်ငှက်ကြီးများက လျှပ်စီးလက်သလို အမြန်နှုန်းရှိသည့်အပြင် ၄င်းတို့ဒ အကြေးခွံများကလည်း အလွန်မာကြောကြသည်။ခြေသည်းများက ဓါးသွားများသဖွယ်ထက်ရှနေသောကြောင့် အေးစိမ့်သော ဓါးအလင်းကိုပင် ထုတ်လွှတ်နေသည်။အဆင့်ခုနှစ် ဦးချိုပါ မြွေနဂါးကြီးများကတော့ ပိုပြီးတော့ပင် ကြောက်စရာကောင်းပါသည်။၎င်းတို့၏ တစ်ချောင်းတည်းသော ဦးချိုကြီးများသည် အကြိမ်ပေါင်း ရာချီထောင်ချီ သန့်စင်ထားသော နတ်ဘုရားလက်နက်များနှင့်ပင် အဆင့်တူညီနေပြီဖြစ်သည်။မြွေနဂါးကြီးများ၏ တံတွေးရည်များက အလွန် အဆိပ်ပြင်းလှသည်။မီးခိုးမြူများအဖြစ် မှုတ်ထုတ်နိုင်စွမ်းရှိသည်။ဦးချိုပါ မြွေနဂါးသည် ရန်သူနှင့် တိုက်ခိုက်လျှင် အရင်ဆုံး အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်မည်ဖြစ်သည်။ကောင်းကင်အဆင့် သိုင်းသမားတစ်ယောက် ဖော်ထုတ်နိုင်သော အကာအကွယ်လွှာသည်ပင် ထို အဆိပ် တံထွေးမှုန်များကို မတားဆီးနိုင်စွမ်းပါ...ထိုသို့ ပြိုင်ဘက်၏ ခုခံမှုကို ဖျက်ဆီးပြီးသည်နှင့် ရောက်ရှိလာမည်ဖြစ်သော မြွေနဂါး၏ ဦးချိုသည် ထိုသိုင်းသမားကို စိစိညက်ညက် ချေမွှပစ်လိုက်မည်ဖြစ်သည်။သီးသန့် ခန္ဓာကိုယ်မာကြောစေခြင်း နည်းစနစ် တစ်မျိုးမျိုးကို လေ့ကျင့်ထားသူမဟုတ်လျှင် ဦးချိုပါမြွေနဂါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ချေ။ကြေးခွံစိမ်း လင်းယုန်ငှက်ကြီး ဆယ်ကောင်နှင့် ဦးချိုပါ မြွေနဂါးသုံးကောင်သည် ရဲတိုက်ကြီးအတွင်း လျှင်မြန်စွာဖြန့်ခွဲကာ ရှီယန်တို့လူစုကို လိုက်ရှာနေကြသည်။လူငါးယောက် ဘယ်မှာရှိနေသည်ကို သိရှိရန် ၄င်းတို့က အချိန်အနည်းငယ်သာ လိုအပ်လေသည်။ချက်ခြင်းပင် အနံ့ခံမိသွားကြပြီး သူတို့ထံသို့ ဦးတည်လိုက်ကြပြီဖြစ်သည်။"ဦးချိုပါ မြွေနဂါး သုံးကောင်နဲ့ ကြေးခွံစိမ်း လင်းယုန် ဆယ်ကောင်..."အိုင်ရာက ကူကယ်ရာမဲ့စွာ ရေရွတ်သည်။ သူမ၏ အသံတွင် ခြောက်ခြားမှုများ ပါဝင်နေပြီဖြစ်သည်။"မကောင်းတော့ဘူး...ဒီ သားရဲကြီါ်တွေက အတူလာကြတာ...ဒီကောင်တွေကို အုပ်စုလိုက် ရင်ဆိုင်ဖို့ ကြောက်စရာကောင်းလွန်းတယ်...အားလုံးပဲ အစွမ်းကုန်ထုတ်သုံးပြီး အချိန်တိုအတွင်း သတ်ဖြတ်နိုင်အောင် ကြိုးစားကြပါ။နောက်ထပ်သားရဲကြီးတွေ ထပ်ရောက်မလာခင် အပြင်ထွက်မှဖြစ်မယ်...ပြီးတော့ အချိန်မရှိတော့ဘူး။ လျှပ်စီး၊လေပြင်း၊မီးနဲ့ ရေခဲတွေ ရှေးဟောင်းမြို့ကြီးဆီ ရောက်လာရင် ငါတို့ အကုန်သေကုန်လိမ့်မယ်"ထိုစဉ်မှာပင် ကျိယီ၏ မျက်နှာလေးက တင်းမာသွားသည်။အခြားတစ်ဖက်ရှိ ကျောက်တုံးရဲတိုက်ပေါ်မှ လူရိပ်သုံးရိပ် ထွက်ပေါ်လာကြပြီး ချက်ခြင်းပင် ရှီယန်တို့အုပ်စုထံ ပြေးလာကြသောကြောင့်ဖြစ်သည်။ထို လူသုံးယောက်တွင် နှစ်ယောက်က ယောက်ျားများဖြစ်ကြပြီး တစ်ယောက်က မိန်းကလေးဖြစ်သည်။ယောက်ျားနှစ်ယောက်ကတော့ အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီးများဖြစ်ကာ ပွင့်ရိုက်ဝတ်ရုံကြီးမျာားဖြင့်ဖြစ်သည်။သူတို့သည် သားရဲကြီးများ၏ အမဲလိုက်ခြင်းကို ခံနေရဟန်တူသည်။မျက်နှာများက အကြည့်ရဆိုးလောက်အောင် ပျက်ယွင်းနေကြသည်။ရှေ့ဆုံးမှ ပြေးထွက်လာသော ကောင်မလေးကတော့ ခြေတံရှည်ရှည်လေးများနှင့် အ၀ါရောင်ဖျော့ဖျော့ စကတ်လေး ၀တ်ထားသည်။သန့်စင်သော မျက်နှာလေးရှိပြီး တောက်ပသော မျက်ဝန်းလေးများနှင့် အံ့သြစရာကောင်းလောက်အောင် လှပသည်။သူတို့သုံးယောက်သည် သူတို့အတွက် ရောက်ရှိလာသော သားရဲများကို အင်အားချင်း မယှဉ်နိုင်ဟန်တူသည်။သူတို့၏ ရဲတိုက်ထဲတွင် ဆက်နေလျှင် သေဖို့သာရှိတော့သည်။ထိုအခါ ရဲတိုက်ထဲမှ ထွက်ပြေးလာကြပြီးနောက် အဖွဲ့ တစ်ခုခုနှင့် ပေါင်းကာ သူတို့နောက်လိုက်လာသော သားရဲကြီးများကို ရင်ဆိုင်လိုဟန်တူသည်။ဟုတ်ပါသည်။သူတို့သုံးယောက်၏ နောက်မှ သားရဲကြီးဆယ်ကောင် ပြေးလိုက်လာကြသည်။အစွယ်များ လက်သည်းများကို ဖော်ထုတ်ရင်း အရူးအမူး အော်ဟစ်ကာ တစ်ဟုန်ထိုး လိုက်ပါလာကြသည်။"ဖိုးဖိုး...မြန်မြန်လုပ်"ကောင်မလေးက အလောတကြီး အော်ဟစ်လိုက်သည်။သူမ၏ ခန္ဓာကိုယ်လေးက ရုတ်တရက် ကိုယ်ပွား ငါးခု ခွဲဖြာသွားကာ လေးဘက်လေးတန်သို့ ခွဲဖြာထွက်ပြေးသွားကြသည်။သူမ၏ အစစ်အမှန် ခန္ဓာကိုယ်ကတော့ လေထဲသို့ မြောက်တက်လာပြီးနောက် ရှီယန်တို့ရှိနေရာသို့ ပစ်လွင့်လာသည်။ထို လူသုံးယောက် ပြေးလာကြသည်ကို မြင်သောအခါ လောင်လီနှင့် ကျိယီတို့သည်လည်း မျက်နှာပျက်သွားကြသည်။သူတို့က အသံထွက်အောင်ပင် ကျိန်ဆဲလိုက်မိကြသည်။သူတို့သုံးယောက်က သူတို့ ရင်ဆိုင်ရသောသားရဲများကို မနိုင် နိုင်သောကြောင့် ရှီယန်တို့ရဲတိုက်ဘက်သို့ ပြေးလာကြသည်။သားရဲများကို ရှီယန်တို့ထံ ခေါ်ဆောင်ကာ ရှီယန်တို့အုပ်စု၏ ခွန်အားကို ငှားရမ်းသုံးစွဲလိုခြင်းပင်ဖြစ်သည်။ရှီယန်တို့အုပ်စုသည် ကြေးခွံစိမ်း လင်းယုန် ဆယ်ကောင်၊ ဦးချိုတစ်ချောင်းမြွေနဂါး သုံးကောင်နှင့်ပင် မူလကတည်းက ခက်ခဲနေရသည့်ကြားထဲ ထိုလူများနောက်မှ သားရဲများကို ထပ်ပေါင်းလိုက်လျှင် အသက်အန္တရာယ်ပင် ရှိလာပြီဖြစ်သည်။လောင်လီနှင့် ကျိယီသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။သူတို့၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားကြသည်။ချက်ခြင်းပင် အင်အားစုစည်းလိုက်ပြီး သူတို့ထံ ပြေးဝင်လာသော ကောင်မလေးကို တစ်ချက်တည်း ရိုက်သတ်ရန် ဟန်ပြင်လိုက်ကြသည်။ထိုကောင်မလေးသည် ကမ္ဘာမြေအဆင့် စွမ်းအင်ကျင့်ကြံမှုသာ ရှိသေးသည်။သူမ၏ သိုင်းပညာက လျှို့ဝှက်ဆန်းကြယ်သော်လည်း လောင်လီနှင့် ကျိယီတို့၏ အင်အားပြည့် ရိုက်ချက် တစ်ချက်စီကို ခုခံနိုင်စရာအကြောင်းမရှိချေ။သူမ မရပ်တန့်လျှင် သေချာပေါက် သေပြီ။ရှီယန်က နောက်ပြန်လှည့်ကာ လောင်လီနှင့် ကျိယီကို လှမ်းကြည့်သည်။သူက ဆွဲငင်အားနယ်ပယ်ကို ဖန်တီးနေတုန်းထိုကောင်မလေး၏ အော်သံကိုကြားသောကြောင့် စိတ်ထဲတွင် သံသယ၀င်လာခြင်းဖြစ်သည်။ဆွဲငင်အားနယ်ပယ် အပြည့်အ၀ ဖြစ်ပေါ်လာချိန်မှာပင် လောင်လီနှင့် ကျိယီသည် ဟိုကောင်မလေးကို သတ်တော့မည်ကို ရှီယန် မြင်လိုက်ရသည်။"ရပ်လိုက်..."ရှီယန်က ထိုကောင်မလေးကို တစ်ချက်ကြည့်မိချိန်တွင် မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွားသည်။ သူက လောင်လီနှင့် ကျိယီကို လှမ်းအော်လိုက်ခြင်းဖြစ်သည်။သူတို့နှစ်ယောက်စလုံး တုံ့ကနဲဖြစ်သွားကြသည်။သူတို့၏ လက်များမှ စွမ်းအင်လှိုင်းများက တိုးထွက်လုလု ဖြစ်နေပြီဖြစ်သည်။သူတို့လက်များကို ဆန့်ထုတ်လိုက်သည်နှင့် ကောင်မလေးသည် ကမ္ဘာလောကမှ ပျောက်ကွယ်သွားရန် သေချာနေသည်။ရှီယန့် အော်သံက ကျိယီနှင့် လောင်လီကို ရပ်တန့်သွားစေသည်။သူတို့နှစ်ယောက်စလုံး ကြောင်တောင်တောင်ဖြစ်သွားကြပြီး ရှီယန် အဘယ့်ကြောင့် တားသလဲ စဉ်းစားလို့မရဖြစ်နေကြသည်။"အို...."ကောင်မလေးထံမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။သူမ၏ မျက်လုံးလေးများက လင်းလက်သွားကြပြီး ရှီယန့်ကို စူးစိုက်ကြည့်နေသည်။ပြီးနောက် သူမက ရှီယန့်ကို လက်ညှိုးထိုးကာ မသေချာဟန်ဖြင့်"နင်...နင်က....""ဇူရှီ....မတွေ့တာကြာပြီနော်..."ရှီယန်က အသာအယာပြုံးပြလိုက်ရင်း"နင် ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ""နင်က...ရှီယန်...နင်...တကယ်ပဲ ရှီယန် ဟုတ်ပါတယ်နော်"ဇူရှီက အလွန်အမင်း ပျော်ရွှင်သွားပြီး မယုံကြည်နိုင်ဖြစ်နေဟန်တူသည်။"နင်က အရှေ့ပင်လယ်ကို ပြန်သွားပြီးပြီမဟုတ်လား...ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ..."ဇူရှီ၏နောက်မှ အဖိုးကြီးနှစ်ယောက်သည် ဇူမိသားစုခေါင်းဆောင်ကြီး ဇူခွားနှင့် မိုးထိတောင်မှ သိုင်းသမားကြီး ချီရှောင်းပင်ဖြစ်လေသည်။ဇူရှီ၏ အံ့အားတကြီး အော်သံကိုကြားသောအခါ ထိုအဖိုးကြီးနှစ်ယောက်ကလည်း ရှီယန့်ကို တအံ့တသြ ကြည့်လာကြသည်။"အရင်ဝင်လာခဲ့ကြ...နောက်မှပြောမယ်"ရှီယန်က အော်ဟစ်ကာ ကျိယီ၊ လောင်လီတို့ထံ ခေါင်းညိတ်ပြလိုက်ရင်း"ငါ့အသိတွေ...သူတို့ကို အထဲဝင်ခိုင်းလိုက်..."ကျိယီနှင့် လောင်လီ၏ မျက်နှာတွင် မကျေနပ်ဟန်များ ဖြစ်ပေါ်လာသည်။သို့သော်လည်း ရှီယန့်အမိန့်ကို မဆန့်ကျင်ကြပါ။ သူတို့က တစ်လှမ်းစီ ဖယ်ပေးလိုက်ကြသောအခါ ဇူရှီက ကျောက်တုံး ရဲတိုက်ထဲသို့ အရင် ၀င်ရောက်လာသည်။ရှီယန့် စိတ်က တစ်ချက် လက်ကနဲဖြစ်သွားသည်။ဆဲငင်အားနယ်ပယ်သည် ဇူခွားနှင့် ချီရှောင်းတို့၏ နောက်ကျောဘက်ဆီသို့ ပျံသန်းသွားသည်။သူတို့နောက်မှ အနီးကပ်ဆုံးဖြစ်သော ခေါင်းသုံးလုံး မိကျောင်းကြီးငါးကောင် ဆွဲငင်အားနယ်ပယ်ထဲတွင် ၀ရုန်းသုန်းကား မွှေ့ရမ်းခံလိုက်ကြရသည်။အတွင်းဘက်ရှိ ရွှေရောင်ပိုးချည်မျှင်များသည်လည်း တာဝန်ဝတ်တရားတစ်ခုအလား ခေါင်းသုံးလုံး မိကျောင်းကြီး သုံးကောင်စလုံးကို ကြိတ်ချေပစ်လိုက်ပြီဖြစ်သည်။"မိစ္ဆာအမြုတေတွေ..."ချီရှောင်းနှင့် ဇူခွားသည် အလွန် ၀မ်းသာပျော်ရွှင်သွားကြသည်။သူတို့က မိစ္ဆာအမြုတေ ငါးခုကို ကြည့်ကာ လိုချင်တပ်မက်စိတ်များ ထွက်ပေါ်လာကြသည်။သူတို့သုံးယောက်က သံလိုက်မြူအမှောင်ထုထဲတွင် ရက်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ကြပြီးဖြစ်သည်။ထို့ကြောင့် မိစ္ဆာအမြုတေအများကြီး ရုတ်တရက် ထွက်ပေါ်လာသောအခါ လိုချင်စိတ်ကို ထိန်းမရပဲဖြစ်သွားကြသည်။"သွားမထိနဲ့...အရင် မြန်မြန်ဝင်လာခဲ့..."ရှီယန်က ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်သည်။ဇူခွားနှင့် ချီရှောင်းတို့ တုံ့ဆိုင်းသွားကြပြီးနောက် ချက်ခြင်းပင် ရဲတိုက်ထဲသို့ လှည့်ဝင်လာကြသည်။"အဖိုးတို့...ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ"ရှီယန်က မေးလိုက်သည်။"ရှီကလေးရဲ့ လိပ်နဂါးသံချပ်ကာကို မှတ်မိသေးလား....အဲ့ဒီပေါ်မှာ မြေပုံတစ်ခု ရေးဆွဲထားတာကို ငါတို့ ရှာတွေ့ခဲ့တယ်လေ...အဲ့ဒီ လမ်းကြောင်းအတိုင်း လိုက်ကြတာ ငါတို့ Merchant တိုင်းပြည်ကနေ ဒီနေရာအထိ ပေါက်ချလာခဲ့တာပဲ...လမ်းခရီးတစ်လျှောက်လုံး ငါတို့လူတွေလည်း အမြောက်အများ ဆုံးရှုံးခဲ့ရတယ်...ဒီနေရာကို ၀င်ရောက်တဲ့အချိန်မှာတော့ ငါတို့သုံးယောက်ပဲ ကျန်တော့တယ်လေ"ချီရှောင်း၏ မျက်နှာက ၀မ်းနည်းဆွေးမြေ့နေသည်။သူက ဇူရှီ၊ ဇူခွားတို့နှင့်အတူ ရှီယန်တို့ အုပ်စုထံ လျှောက်လာသည်။"ရှီယန်...မင်းက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ...အလို....မင့် စွမ်းအင်ကျင့်ကြံမှုအဆင့်က နီဗားနား တတိယအဆင့်ပါကလား....ဘုရားရေ...ငါနဲ့ အတူတူဖြစ်နေပြီလား..."ဇူမိသားစု ခေါင်းဆောင်ကြီး ဇူခွားသည် အံ့အားတကြီးဖြင့် အော်ဟစ်လိုက်သည်။သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည်။ချီရှောင်းနှင့် ဇူရှီတို့လည်း ကြောင်အမ်းသွားကြပြီဖြစ်သည်။
------ ------- ------- ------- --------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now