385

607 90 0
                                    

Chapter 385: ရောက်ရှိခြင်းအိုင်ရာ၊ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့သည် ရှီယန်၏ ကြယ်တာရာသိုင်းဝိညာဉ်ကို မြင်တွေ့သွားပြီးနောက် ရှီယန်နှင့် သန့်စင်ခြင်းအလင်းတော် ဂိုဏ်းတို့ ဆက်စပ်မှုကို သတိပြုမိသွားကြသည်။သူတို့၏ ရှီယန့်ကို လျှော့မတွက်ရဲကြတော့ပါ။မြင့်မြတ်ခြင်းကုန်းမြေတွင်ပင် သန့်စင်ခြင်းအလင်းတော် ဂိုဏ်း၏ ကျော်ကြားမှုက မိုးကြိုးလို လျှပ်စီးလိုဖြစ်သည်။မြင့်မြတ်ခြင်းကုန်းမြေသည်လည်း Merchant တိုင်းပြည်နှင့် ထူးမခြားနားတာ တစ်ခုတော့ရှိပါသည်။သိုင်းသမားတစ်ယောက်သည် မည်မျှပင် အားကောင်းနေပါစေ တောင့်တင်းသော ကျောထောက်နောက်ခံမရှိလျှင် မျိုးရိုးမြင့်မြတ်သည်ဟူသော ကောင်များက နှိမ့်ချချင်ကြပါသည်။ရှီယန်သည် သန့်စင်ခြင်းအလင်းတော်ဂိုဏ်းနှင့် ပတ်သက်ကြောင်း ပြသနိုင်ခဲ့လေရာ သူ၏ အဆင့်အတန်းက ချက်ခြင်းပင် မြင့်မားသွားပြီဖြစ်သည်။ယခုဆိုလျှင် အိုင်ရာသည်ပင် ရှီယန်နှင့် မျက်နှာချင်းဆိုင်သည့်အခါ သတိထားဆက်ဆံနေပြီဖြစ်သည်။ရှီယန့်ကို ခေါင်းဆောင်အဖြစ် လက်ခံပြီးနောက်တွင် သူတို့လေးယောက်က အတိုက်အခံမလုပ်ကြတော့ပါ။ရှီယန်သည် အိုင်ရာ့ကိုခေါ်ကာ လမ်းခရီးကို ရှေ့မှ ဦးဆောင်နေမြဲဖြစ်သည်။မူမမှန်တာရှိလျှင် သူတို့အားလုံး ဆွေးနွေးတိုင်ပင်ကြသည်။ ရှီယန့် အကြံဥာဏ်များကိုလည်း ရယူကြသည်။သံလိုက်မြူအမှောင်ထုသည် တစ်နှစ်ပတ်လုံး မြူများ ဆိုင်းနေသောကြောင့် ကောင်းကင်ကြီးကို မမြင်တွေ့နိုင်ပါ။ နေ၊ လတို့လည်း မထွက်ပါ။ထိုအခါ နေ့လား ညလား ခွဲခြားလို့မရသလို အချိန်ကို သိရှိနိုင်ရန်လည်း ခက်ခဲလှပါသည်။အိုင်ရာ၏ သံလိုက်အိမ်မြှောင်လေးကတော့ ကုန်ဆုံးသွားသော အချိန်များကို အကြမ်းဖျင်း တွက်ချက်ပေးနိုင်ပါသည်။လ၀က်ဟူသောအချိန်သည် ရက်အားဖြင့် ဆယ့်ငါးရက်သာဖြစ်သောကြောင့် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်ဖြစ်သည်။ထို လ၀က်အတွင်း ရှီယန်က လမ်းကြောင်းကို ဦးဆောင်သည်။ အိုင်ရာက သံလိုက်အိမ်မြှောင်လေးဖြင့် လမ်းကြောင်းကို အတည်ပြုပေးသည်။ အန္တရာယ် ရင်ဆိုင်ရသည့်အခါ ပူးပေါင်းအဖြေရှာသည်။ပြီးတော့ သူတို့အုပ်စုထဲတွင် ရှီယန်က အားအကောင်းဆုံးဖြစ်ကြောင်း မသိမသာ လက်ခံထားကြပြီးဖြစ်သည်။ပြီးတော့ သူ့ထံတွင် အာကာခွင်းလွန်းပျံရှိသည်။ သားရဲကြီးများ သို့မဟုတ် အန္တရာယ်နယ်မြေများနှင့် ရင်ဆိုင်ရလျှင် ရှီယန်က အလွယ်တကူ ဖြေရှင်းနိုင်ပါသည်။သံလိုက်မြူအမှောင်ထုထဲတွင် အားကောင်းသော သားရဲကြီးများ အမြောက်အများရှိနေသော်လည်း ရှီယန်တို့အုပ်စု၏ စုပေါင်းအင်အားကလည်း မသေးပါ။သူတို့က အင်အားကြီးမားသော သားရဲအုပ်ကြီးများနှင့် ရင်ဆိုင်ရလျှင် ပြန်လည်ဆုတ်ခွာသည်။အတူတကွ ပူးပေါင်းပြီး သတ်ဖြတ်ရမည့်နည်းလမ်းများကို ရှာကြံ သတ်ဖြတ်ကြသည်။.အန္တရာယ်နယ်မြေများသည်လည်း ဖြတ်ကျော်ရန် ခက်ခဲပါသည်။သို့သော်လည်း ရှီယန်၏ အာကာခွင်းလွန်းပျံရှိနေသောကြောင့် သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်မလာတော့ပါ။လ၀က်အတွင်း ရှီယန်တို့ ငါးယောက်အုပ်စုသည် သံလိုက်မြူအမှောင်ထု၏ အတွင်းပိုင်းသို့ ဆက်လက်တိုးဝင်ခဲ့ကြသည်။သားရဲအမြောက်အများနှင့် ရင်ဆိုင်ခဲ့ရသလို အခြား သိုင်းသမားအုပ်စုများနှင့်လည်း ရင်ဆိုင်ခဲ့ရပါသည်။သူတို့ငါးယောက် တက်ညီလက်ညီ ပူးပေါင်းကာ သားရဲများအား သတ်ဖြတ်သည်။ သိုင်းသမားအုပ်စုများကိုလည်း သုတ်သင်သည်။မိစ္ဆာအမြုတေ အမြောက်အများ ရိပ်သိမ်းခဲ့ကြပါသည်။မိစ္ဆာအမြုတေများ ခွဲဝေမှုတွင် ရှီယန်က အလွန် မျှတပါသည်။သူက မိစ္ဆာအမြုတေအပေါ် အဲ့လောက်ကြီး မှီခိုခြင်းမရှိသောကြောင့် အမြဲလိုလိုပင် သူက ဝေစုနည်းနည်းသာ ရယူသည်။အဓိက ဝေစုများကို ကျန်လေးယောက်သို့ ခွဲဝေပေးသည်။ထို့ကြောင့်လည်း သူတို့အုပ်စုက အမြဲတမ်းပင် ခွန်အားအပြည့်ဖြင့် ဖြစ်နေကြပါသည်။ရှီယန်၏ အပြုအမူက သူတို့ကို သို့လော သို့လော ဖြစ်စေသည်။ရှီယန် ဘာကြောင့် ဒီလောက် ရက်ရောနေမှန်း သူတို့ မသိကြပါ။သံလိုက်မြူအမှောင်ထုထဲတွင်ပင် မိစ္ဆာအမြုတေများ၏ ဝေစုအများစုကို သူတို့အား ခွဲဝေပေးပစ်နေသည်။သို့သော်လည်း အကြောင်းအရင်းကို သိခြင်းမသိခြင်းက အဓိကမကျပါ။သူတို့က ထိုအရာမှ အကျိုးအမြတ် ကြီးကြီးမားမား ရနေကြသည်မဟုတ်လော။အစက ရှီယန့်ကို ခေါင်းဆောင်တင်ရန် အင်တင်တင်ဖြစ်ခဲ့ကြသော်လည်း ယခုတော့ ပြောင်းလဲသွားကြပြီဖြစ်သည်။သူတို့က ရှီယန့်ကို စိတ်ပါလက်ပါ အကူအညီပေးနေကြပြီး သူတို့၏ တကယ့် ခေါင်းဆောင်အဖြစ် အသိမှတ်ပြုလာကြပြီဖြစ်သည်။အထူးသဖြင့် လောင်ညီအစ်ကိုဖြစ်သည်။အိုင်ရာနှင့် ကျိယီကို ခေါင်းဆောင်တင်ခဲ့တုန်းက မိစ္ဆာအမြုတေများသည် သူမတို့ နှစ်ယောက်အတွက်သာ အဓိကဖြစ်ခဲ့သည်။လောင်ညီအစ်ကိုက အရိုးအရင်းသာ ကိုက်ရသည့်သဘောမှာရှိသည်။သို့သော်လည်း ရှီယန် ခေါင်းဆောင်ဖြစ်လာပြီးနောက် အရာရာ ပြောင်းလဲသွားပြီဖြစ်သည်။ရှီယန်က တရားမျှတသည်။ မိစ္ဆာအမြုတေ အများစုကို ပေးဝေပစ်လိုက်သည်။ထိုအချက်ကြောင့် လောင်ညီအစ်ကို၏ ရိပ်သိမ်းနိုင်မှုသည်လည်း အဆပေါင်းများစွာ မြင့်မားလာခဲ့ပြီဖြစ်သည်။အိုင်ရာတို့နောက်သို့ လိုက်ရခြင်းထက် ရှီယန့်နောက် လိုက်ရခြင်းက သူတို့အဖို့ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလေသည်။ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှီယန်က ရှင်းလင်းတိကျသော စည်းကမ်းများလည်း ချမှတ်ခဲ့ပါသည်။သံလိုက်မြူအမှောင်ထုမှ မထွက်မချင်း အတ္တမကြီးရ၊ အချင်းချင်း သေစေနိုင်သည်အထိ မကောင်းမကြံရ၊ တစ်စုံတစ်ယောက်သည် အဖွဲ့အပေါ် ဆိုးဝါးသော ရည်ရွယ်ချက် ရှိခဲ့ပါလျှင် ကျန်လူများပူးပေါင်းပြီး ထိုသူကို သတ်ဖြတ်ခွင့်ရှိသည်။ထို စည်းမျဉ်း ချမှတ်လိုက်ပြီးနောက် အိုင်ရာ၊ ကျိယီနှင့် လောင်ညီအစ်ကိုတို့သည် တစ်ယောက်အပေါ်တစ်ယောက် သံသယ မကင်းကြသေးသော်လည်း သေစေချင်လောက်သော ရည်ရွယ်ချက်မျိုး မထားရှိကြတော့ပါ...တဖြည်းဖြည်းနှင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အင်အားသည်လည်း တိုးတက်လာပါသည်။အရင်ကလို တစ်ယောက်နှင့်တစ်ယောက် ကောက်ကျစ်သော အစီအစဉ်များ မထားကြတော့ပါ။လ၀က်အတွင်း အန္တရာယ်ကြီးကြီးမားမား ရင်မဆိုင်ခဲ့ကြရပါ။ရှီယန်က အမြဲလိုလို ငြိမ်သက်နေပြီး သူ့ခန္ဓာကိုယ်ရှိ သိုင်းပညာများကို လေ့လာဆန်းစစ်နေသည်။သေခြင်းရှင်ခြင်း နိမိတ်တော်ကိုလည်း လေ့လာဆင်ခြင်နေသည်။အိုင်ရာ၊ ကျိယီနှင့် ညီအစ်ကိုနှစ်ယောက်တို့ထံမှ သိုင်းဝိညာဉ်၏ အားနည်းချက်များအကြောင်း သိခဲ့ရပြီးနောက်တွင်တော့ သူ၏ ရေရှည် ရည်မှန်းချက်အတွက် အစီအစဉ်များ ပြောင်းလဲချမှတ်ခဲ့ပြီဖြစ်သည်။လောလောဆယ်တော့ ကောင်းကင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ရည်ရွယ်ကာ သိုင်းပညာဆိုင်ရာ ဥာဏ်အလင်းများကို မရပ်မနား ရှာဖွေနေခဲ့သည်။ပြီးတော့ သူက ရွှေပိုးမျှင် သုံးဆယ့်ခုနှစ်ချောင်းကိုလည်း စစ်ထုတ် သိမ်းဆည်းထားပါသည်။နိုင်းကျီတို့ အုပ်စုထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ထို ရွှေပိုးမျှင် သုံးဆယ့်ခုနှစ်ချောင်းသည် သူ့လက်ထဲတွင် လျှို့ဝှက် လက်နက်ဖြစ်လာသည်။ရွှေပိုးမျှင်များကို ဆွဲငင်အားနယ်ပယ်ထဲသို့ ထည့်သွင်းလိုက်သည်နှင့် ဆွဲငင်အားနယ်ပယ်သည် အဆပေါင်းများစွာ အန္တရာယ်များလာသည်။ဆွဲငင်အားနယ်ပယ်အတွင်း ကျရောက်သွားသည့် မည်သူမဆို အသားကြိတ်စက်ထဲကျသလို ဖြစ်သွားရမည်ဖြစ်သည်။ရွှေပိတုံးကတော့ သွေးနွယ်ရှင်လက်စွပ်ထဲတွင်သာရှိနေသေးသည်။မြေကမ္ဘာမီးလျှံလေးသည် အားနည်းနေရှာသောကြောင့် ရွှေပိတုံးပေါ်မှ ၀ိညာဉ်အမှတ်အသားများကို အကုန်အစင် ဆေးကြောနိုင်ခြင်းမရှိသေးပါ။ဒါက ရှီယန့်ကို တစ်နည်းတစ်ဖုံ စိတ်ပျက်စေပါသည်။သူက နှစ်တစ်သောင်း မြေကမ္ဘာမီးလျှံကို စွမ်းအင်ဖြည့်တင်းပေးနိုင်မည့် အခွင့်အလမ်းကို အမြဲ ရှာဖွေလျှက်ရှိသည်။ယနေ့...ရှီယန်တို့ ငါးယောက်သား သံလိုက်မြူအမှောင်ထုအတွင်းပိုင်းသို့ ဆက်လက်တိုးဝင်လာကြသည်။အရှေ့ဘက်ဆီရှိ မြူထုသိပ်သည်းသော ဧရိယာတစ်ခုဆီမှ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်ဖြာထွက်မှုများကို ရုတ်တရက် ခံစားလိုက်ကြရသည်။ရှီယန်နှင့် အိုင်ရာက ပုခုံးချင်းယှဉ်ကာ သွားနေကြခြင်းဖြစ်သည်။သူမ၏ ကျော့ရှင်းသော ကိုယ်လုံးလေးက အနည်းငယ် တုန်ခါသွားသည်။သူမက သံလိုက်အိမ်မြှောင်လေးကို ခပ်ဖွဖွဆုပ်ကိုင်ထားရင်း စိတ်လှုပ်ရှားလေသံဖြင့် အော်ဟစ်လိုက်လေသည်။"ငါတို့ ရောက်တော့မယ်ဟေ့..."ရှီယန်သည်လည်း သူမ၏ စကားကြားသောအခါ အူမြူးသွားသည်။"ငါတို့ တွေ့အောင်ရှာနိုင်ခဲ့ပြီ"အိုင်ရာတို့၏ စကားများအရ သံလိုက်မြူအမှောင်ထုထဲရှိ မှော်ဝင်ပစ္စည်းနှစ်ခုကို သူ ကြားဖူးခဲ့ပြီးဖြစ်သည်။တစ်ခုက ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာဖြစ်ပြီး နတ်ဘုရားအဆင့်ပင်ဖြစ်ချင်ဖြစ်နေနိုင်သည်ဟုဆိုသည်။နောက်တစ်ခုကတော့ နတ်ဘုရားဝိညာဉ်ဖြူဖြစ်သည်။အိုင်ရာတို့အုပ်စု ဒီ သံလိုက်မြူအမှောင်ထုအတွင်း ၀င်ရောက်ခဲ့ကြသည်မှာလည်း ထိုပစ္စည်းနှစ်ခုကြောင့်ဖြစ်လေသည်။သူတို့က သံလိုက်မြူအမှောင်ထုအတွင် အချိန်အကြာကြီး ခရီးဆန့်ခဲ့ကြပြီးနောက် ဒီ သီးသန့်နယ်မြေကို ရှာတွေ့ခဲ့လေပြီ။သူတို့မျက်လုံးများမှ ပျော်ရွှင်မှုများကို ထိန်းချုပ်မထားနိုင်ကြတော့ပါ။ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာဆိုသည်မှာ အရှေ့ပင်လယ်မှာဆိုရင် သာမန်လူများ မရရှိနိုင်သောအရာဖြစ်သည်။နတ်ဘုရားအဆင့် မှော်ရတနာဆိုလျှင်တော့ ၄င်းတို့သည် ဒဏ္ဍာရီထဲမှာသာ ကြားဖူးကြတော့သည်။ကျက်သရေကုန်းမြေဒေသကြီး၏ ဗဟိုချက်ဖြစ်သော မြင့်မြတ်ရာနယ်မြေတွင်တော့ နတ်ဘုရားအဆင့် ရတနာ အနည်းငယ်ရှိနေသည်။တစ်ခုချင်းစီသည်လည်း ကမ္ဘာတုန်လောက်သော စွမ်းရည်များဖြင့်ဖြစ်သည်။နတ်ဘုရားအဆင့် မှော်ရတနာဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသော ဂိုဏ်းထိန်းပစ္စည်းတစ်ခုလိုပင်ဖြစ်လေသည်။သံလိုက်မြူအမှောင်ထုထဲတွင် ထူးခြားသော ၀ိသေသလက္ခဏာများ ရှိနေပါသည်။သီးသန့်နယ်မြေနှစ်ခုသည်လည်း ထူးဆန်းသော တိမ်ထုများဖြင့် ကာရံထားသည်။အတွင်းဘက်တွင် တည်ရှိနေသော ၀ိညာဉ်ခွင်း မိုးကြိုးများသည် နတ်ဘုရားအဆင့် သိုင်းသမားများ၏ အကြီးအမှူးဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိနေပါသည်။ထို့ကြောင့် နတ်ဘုရားအဆင့် သိုင်းသမားသုံးယောက်ပေါင်းလျှင်ပင် ထို သီးသန့်နယ်မြေသို့ ၀င်ရောက်နိုင်ရန် မလွယ်ကူပါ။ထို့ကြောင့် သံလိုက်မြူအမှောင်ထုထဲ စွန့်စားသွားလာကြသော သိုင်းသမားများသည် အမြဲလိုလို ကောင်းကင်အဆင့်နှင့် ကောင်းကင်အဆင့် အောက်များသာဖြစ်နေတတ်ပါသည်။ထို သီးသန့်နယ်မြေများတွင် ၀ိညာဉ်ခွင်း မိုးကြိုးများသာ မရှိလျှင် သံလိုက်မြူအမှောင်ထုထဲရှိ အဖိုးတန်ရတနာများမှာ မြင့်မြတ်ခြင်းကုန်းမြေရှိ ဂိုဏ်းကြီးများ၏ လက်ထဲသို့ ရောက်ရှိနေပြီးလောက်ပြီဖြစ်သည်။ထိုသို့သော အဆင့်များ ခွဲထား၍သာ နီဗားနား သို့မဟုတ် ကောင်းကင်အဆင့် သိုင်းသမားများသာ ၀င်ရောက်ကြပြီး ကံစမ်းနိုင်ကြခြင်းဖြစ်သည်။အိုင်ရာက အနည်းငယ် တုန်ယင်နေရင်း သူမ၏ လက်ချောင်းလေးများက သံလိုက်အိမ်မြှောင်အပေါ်တွင် လှုပ်ရှားသွားသည်။သံလိုက်အိမ်မြှောင်ရှိ မြှားတံလေးက မွှတ်နေအောင် လည်ပတ်သွားပြီးနောက် အပြာရောင်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာသည်။အပြာဖျော့ဖျော့ရောင် အလင်းများက ခပ်လှမ်းလှမ်းအထိ ဖုံးလွှမ်းသွားပြီးနောက်တွင်တော့ ရှေ့ဘက်ရှိ မြူထုထဲတွင် လက်ကနဲ ဖြစ်သွားသော ခရမ်းရောင်အလင်းနှင့်အတူ ကျယ်လောင်သော ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။"၀ိညာဉ်ခွင်း မိုးကြိုး..."အိုင်ရာက အော်ဟစ်လိုက်ပြန်သည်။သူမ၏ နှုတ်ခမ်းတွင် ပြုံးယောင်လေးသမ်းလာပြီးနောက်"၀ိညာဉ်ခွင်း မိုးကြိုးတွေကို တွေ့ပြီဆိုတော့ ဒါဟာ သီးသန့်နယ်မြေဆိုတာ သေချာသွားပြီ...နောက်ဆုံးတော့ ငါတို့ တကယ် ရောက်လာခဲ့ပြီပေါ့"အရင်တုန်းက ရှီယန် သူမ ပြုံးသည်ကို မမြင်ဖူးခဲ့ပါ။သို့သော်လည်း ယခု ယောင်ယောင်လေးပြုံးနေသော အိုင်ရာသည် အေးစက်မှုများ လွင့်ပျယ်နေပြီး အလွန် လန်းဆန်း လတ်ဆတ်နေပါသည်။ရေခဲများ အရည်ပျော်သွားသောအခါ ပွင့်လာသော တောင်ထိပ်ကြာပန်းလေးနှင့်တူသည်။ရှီယန်က သူမအပြုံးကို ငေးကြည့်နေမိသည်။ပြီးနောက်"စကားမစပ် နင်ပြုံးရင် ပိုကြည့်ကောင်းတယ်...တခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ...အဟဲ..နင်က မကြာခန ပြုံးသင့်တယ်"အိုင်ရာ့ အပြုံးက ရပ်တန့်သွားပြီဖြစ်သည်။သူမ၏ လှပသော မျက်လုံးလေးများတွင် ထူးဆန်းသော အ၇ိပ်အယောင်များ ထင်ဟပ်လာသည်။သူမက ရှီယန့်ကို အေးစက်စက်ဖြင့် ပြန်ကြည့်လိုက်ရင်း"ဘယ်သူက နင့်ကို ဂရုစိုက်ခိုင်းနေလို့လဲ"ရှီယန်က စိတ်မဆိုးသည့်အပြင် ပျော်ရွှင်သွားပြီးနောက်လေသံတိုးတိုးဖြင့်"ငါ့ရှေ့မှာတော့ သိပ်ပြီးလည်း မြင့်မြတ်သန့်စင်ပြမနေပါနဲ့...မမြင်ဘူးတာလဲမဟုတ်..ဟက်ဟက်...""ရှီယန်..."အိုင်ရာ၏ မျက်နှာလေးက နီရဲသွားသည်။သူမက နားကွဲလုမတတ် အော်ဟစ်လိုက်ပြီးနောက်"အနှေးနဲ့ အမြန် ငါ နင်နဲ့ စာရင်းရှင်းမှာပါ""အိုး...ကြောက်ပါတယ်ဗျာ...ဟားဟားဟား"ထိုစဉ်မှာပင် ကျိယီနှု့် လောင်ညီအစ်ကိုနှစ်ယောက် ပျော်ရွှင်နေသော မျက်နှာများဖြင့် ရောက်ရှိလာကြသည်။သူမတို့က တောက်ပနေသော မျက်လုံးများဖြင့် ရှေု့ကိုကြည့်နေရင်း"နောက်ဆုံးတော့ ငါတို့ ရောက်လာကြပြီပေါ့"အိုင်ရာက ရှီယန့်ကို တစ်စုံတစ်ခု အော်ဟစ်ရန် ဟန်ပြင်နေသော်လည်း ပြန်လည်သိမ်းဆည်းထားလိုက်ရသည်။သူမက ရှီယန့်ကို ကြမ်းတမ်းစွာ မျက်စောင်းထိုးလိုက်ပြီး သံလိုက်အိမ်မြှောင်လေးကို ကိုင်ကာ ကျန်လူများထံ လျှောက်သွားလိုက်သည်။သူမ၏ မျက်နှာက အရင်လိုအေးစက်မှုများ ပြန်လည်နေရာယူထားပြီဖြစ်သည်။"ငါတို့ ရောက်ပြီ..ရှေ့က မြူထူထပ်တဲ့နေရာဟာ သီးသန့်နယ်မြေပဲ...၀ိညာဉ်ခွင်းမိုးကြိုးရဲ့ အရိပ်အယောင်လည်း တွေ့ပြီးပြီ""ကျိယီနှင့် လောင်ညီအစ်ကိုတို့ အလွန် ၀မ်းသာသွားကြသည်။သူတို့က အော်ဟစ်ရယ်မောလိုက်မိကြလေသည်။"ငါတို့က ပထမဆုံး ရောက်လာတဲ့အဖွဲ့တော့ မဖြစ်နိုင်ဘူး...သီးသန့်နယ်မြေထဲမှာ တခြား အဖွဲ့တွေလည်း ရှိနေလိမ့်မယ်...ငါတို့ အထဲဝင်လိုက်တာနဲ့ အဘက်ဘက်က အားကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရဖို့ရှိတယ်..အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ဘယ်သူမှ အာမမခံနိုင်ဘူး...နင်တို့ အဆင်သင့်ဖြစ်ပြီလား"အိုင်ရာ၏ လေသံက အေးစက်နေသည်။ကျိယီနှင့် ညီအစ်ကိုနှစ်ယောက်တို့၏ အပြုံးများ ပျောက်ကွယ်သွားကြသည်။သူတို့၏ မျက်နှာများက တည်ကြည်သွားကြပြီး ခေါင်းညိတ်လိုက်ကြသည်။"အထဲမ၀င်ခင် အားဖြည့်တာကောင်းမယ်ထင်တယ်...စွမ်းအင်ကို အမြင့်ဆုံးအထိ ဖြည့်တင်းထားပြီးမှ သီးသန့်နယ်မြေထဲဝင်ကြရအောင်"ရှီယန်က အကြံပြုလိုက်သည်။ပြီးနောက်တွင်တော့ သူတို့လေးယောက်က သင့်တော်သော နေရာများ ရှာဖွေကာ စွမ်းအင်ဖြည့်တင်းလိုက်ကြလေသည်။----- ------ ----- ----- ------ -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now