Chapter 361: သိုင်းထိပ်သီးများ
ညဥ့်နက်သန်းခေါင်...
ကောင်းကင်ထက်ရှိ လပြည့်ဝန်း၏ ငွေရောင်အလင်းများက ဓါးတစ်ထောင်တောင်ထိပ်ပေါ်သို့ ဖြာကျလျှက်ရှိသည်။
ဂူရှာအို၊ ယုချင်၊ဒုံဖန်ကျဲ၊ချင်မင်နှင့် မိုးမြေမောင်နှံနှစ်ဖော်တို့ တစ်စုတစ်ဝေးတည်းရှိနေကြပြီး မျက်လုံးများမှေးမှိတ်ရင်း ထိုင်နေကြကာ တစ်စုံတစ်ရာကို စောင့်မျှော်နေကြဟန်တူသည်။
သိပ်မကြာမီမှာပင် အနောက်ဖက်ဆီမှ မီးလျှံတန်းတစ်ခု ထွက်ပေါ်လာသည်။
နေနတ်မင်း တန်းယာနန်သည် မီးလျှံယူနီကွန်ကြီးပေါ်မှ ဆင်းကာ ထို နတ်ဘုရားအဆင့်သိုင်းပညာရှင်ခြောက်ယောက်၏ အလယ်တွင် ခုန်ချလာသည်။
သူက တစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်ရင်း အေးစက်သောလေသံဖြင့်
"ကျုပ်ကို ဘာလို့ခေါ်လိုက်တာလဲ"
တန်းယာနန်၏ ခန္ဓာကိုယ်တွင် သိပ်သည်းလာသော နေစွမ်းအင်အပူဓါတ်များကို အားလုံးပင် ခံစားရသည်။
ဂူရှာအိုတို့ ခြောက်ယောက်သည် ရုတ်တရက် မျက်လုံးများပွင့်လာကြပြီး တန်းယာန်နန်ကို စူးစိုက်ကြည့်နေကြသည်။
"ရှီယန့်ကို ထုတ်ပေး"
ဂူရှာအိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် တန်းယာနန်ကိုပြောလိုက်သည်။
သူ့မျက်လုံးအကြည့်များက ဓါးသွားများနှယ် ထက်ရှနေသည်။
တန်းယာနန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
သူက ဂူရှာအိုကိုကြည့်ကာ
"ဒါက ခင်ဗျားတို့ ခြောက်ယောက်ပေါင်း ဆုံးဖြတ်ချက်လား"
ရန်လိုသော အကြည့်များဖြင့် အားလုံးက ခေါင်းညိတ်သည်။
"ကျုပ်ဆီမှာမရှိဘူး"
တန်းယာနန်က နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားတို့က သူ့ကို ရှာမတွေ့တာနဲ့ပဲ ငါ့ကို စွတ်စွဲတော့တာလား...နတ်မင်းသုံးပါးဂိုဏ်းကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်ထင်နေတာလား"