Chapter 292: သိဒ္ဓိဝိညာဉ် နတ်ဘုရား
ရှီယန်က အသံတိတ်နေသည်။
တိရှန်းနှင့် ယုရိုတို့က မလုံမလဲ ခံစားမိကြသည်။
သူတို့က အတောင်ပံမျိုးနွယ်စုနှင့် မိစ္ဆာသံစဉ်ကလန်တို့သည် မိစ္ဆာနယ်သားများ၊ အမှောင်နေသူများနှင့် ပတ်သက်နေကြောင်း၊ ရှီယန့်ကို မပြောမိခဲ့ကြချေ။
ထို့ကြောင့် တိရှန်းနှင့် ယုရိုတို့သည် အနည်းငယ် နေရထိုင်ရ ခက်နေကြသည်။
သူတို့က ရှီယန့်ကို ဘယ်က ဘယ်လို စရှင်းပြရမှန်း မသိချေ။
“သခင်…ဒီ…ဒီကိစ္စက…”
ယုရိုက ထစ်ထစ်ငေါ့ငေါ့ဖြင့် စပြောသည်။
နောက်ဆုံးတော့ သူမက တိရှန်းကို အချက်ပြလိုက်ရင်း
“ရှေးရှေးတုန်းက ငါတို့ဟာ မိစ္ဆာနယ်မြေရဲ့ အကိုင်းအခက်တစ်ခု ဖြစ်ခဲ့ပါတယ်…ဒါပေမဲ့ အဲ့ဒါက ငါတို့ မိစ္ဆာနယ်သားတွေကို မမြင်ဘူးခဲ့တာတောင် အရမ်းကို ကြာလွန်းလှပါပြီ…သူတို့ ငါတို့ကို မေ့သွားလောက်ပြီလို့တောင် ငါတို့ ထင်ထားခဲ့တာလေ”
ရှီယန်က အတွေးနက်နေရာမှ သတိပြန်ဝင်လာသည်။
ဒီလူနှစ်ယောက် ဘာတွေ စိုးရိမ်ပူပန်နေသလဲ အံ့သြနေပြီးမှ သူတို့ အနေရထိုင်ရခက်နေကြခြင်းကို သဘောပေါက်သွားသည်။
ရှီယန်က ခေါင်းခါယမ်းကာ ပြုံးလိုက်ရင်း
“ရှင်းပြဖို့ မလိုပါဘူး…ခင်ဗျားတို့ရဲ့ အတိတ်ကြောင်းက နှစ်ထောင်ပေါင်းများစွာ ကြာနေပြီပဲကို…ဒီလောက် ရှည်ကြာလွန်းတဲ့ အချိန်တစ်ခုဟာ တစ်စုံတစ်ခုကို မေ့လျော့သွားဖို့ လုံလောက်ပါတယ်…စိတ်မပူပါနဲ့…ခင်ဗျားတို့နဲ့ မိစ္ဆာနယ်သားတွေရဲ့ အတိတ်ကပတ်သက်မှုက ကျုပ်အတွက် အနှောက်အယှက်မဖြစ်ပါဘူး”
ယုရိုနှင့် တိရှန်း အကြည့်ချင်း ဆုံသွားကြပြီးနောက် အံ့အားသင့် မယုံကြည်နိုင်ဟန်များ ဖြစ်ပေါ်လာကြသည်။
“ပြီးတော့ ကျုပ်တို့ စွန့်ပစ်မြေမှာ ရှိနေစဉ်တုန်းကတည်းက ခင်ဗျားတို့ဟာ မိစ္ဆာနယ်သားတွေနဲ့ တစ်စုံတစ်ရာ ဆက်နွယ်နေမှန်း ကျုပ် သတိပြုမိခဲ့သားပဲ…”