393

583 89 0
                                    

Chapter 393: ချေမှုန်းသည်ရှီယန်က စကားဆုံးသည်နှင့် ဆွဲငင်အားနယ်ပယ်ကို ထိန်းချုပ်ကာ နိုင်းကျီတို့ အုပ်စုထံ တိုးကပ်သွားသည်။ရေကန်အလယ်မှ အားကောင်းသော အဖွဲ့သုံးဖွဲ့ရှိ သိုင်းသမားများ၏ မျက်နှာများက မည်းမှောင်သွားကြသည်။ဆွဲငင်အားနယ်ပယ်ကြီး တိုးကပ်လာနေသည်ကို မြင်ရသောအခါ သူတို့၏ မျက်လုံးများက ရှီယန့်ထံမှာသာ စူးစိုက်ကုန်ကြသည်။ဆွဲငင်အားနယ်ပယ်ထဲတွင် မတူညီသော စွမ်းအင်များ ရောနှောလျှက်ရှိသည်။စွမ်းအင်များပြားလေလေ ဆွဲငင်အားနယ်ပယ်၏ ဖျက်ဆီးနိုင်စွမ်းက ကြီးမားလေလေဖြစ်သည်။ရှီယန်၏ စွမ်းအင်ကျင့်ကြံမှုအဆင့်သည် နီဗားနား တတိယအဆင့်သာဖြစ်သော်လည်း ဆွဲငင်အားနယ်ပယ်၏ ခွန်အားက အလွန်အမင်း သန်စွမ်းနေပြီဖြစ်သည်။ကောင်းကင်အဆင့်များပင် ခြောက်ခြားသွားစေနိုင်သည်။ရှီယန်က ဆွဲငင်အားနယ်ပယ်ထဲတွင်ပင် နေနေရင်း နိုင်းကျီတို့အုပ်စုအနီးသို့ ရောက်သောအခါ ခုန်ထွက်လိုက်သည်။ဆွဲငင်အားနယ်ပယ်ထဲမှ ရွှေရောင်ကြိုးမျှင်များ ရူးသွပ်စွာ ထထောင်လာပြီး ရုန့်ရင်းကြမ်းတမ်းစွာ တ၀ှီးဝှီး လည်ပတ်လာပြီဖြစ်သည်။နိုင်းကျီတို့၏ မျက်နှာများ ပြောင်းလဲသွားကြသည်။သုခနန်းတော်၏ သိုင်းသမားများဖြစ်သောကြောင့် ထို ရွှေရောင်ပိုးချည်မျှင်များ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို နားလည်ကြသည်။သူတို့က ရွှေပိုးမျှင်သိုင်းပညာကို လေ့ကျင့်သော်လည်း ကိုယ်ပိုင် ရွှေပိုးမျှင်များကိုသာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ယခု ဆွဲငင်အားနယ်ပယ်ထဲတွင် လည်ပတ်နေသော ရွှေပိုးမျှင် ပမာဏက များပြားလှသည်။သေစေနိုင်တာထက်ပင် ပိုနေပြီဖြစ်သည်။ထို့ကြောင့် မီးခိုးရောင် လေဆင်နှာမောင်းကြီး တိုးဝင်လာသောအခါ နိုင်းကျီတို့အုပ်စု ၀ရုန်းသုန်းကားဖြစ်ကုန်ကြသည်။"ဟိုကောင်လေး...မင်း လုပ်ချင်တာလုပ်လို့ရတယ်..ငါတို့နားတော့ ကပ်မလာနဲ့...မဟုတ်ရင် ငါတို့ အားလုံးရဲ့ ပစ်မှတ်က မင်းဖြစ်သွားလိမ့်မယ်"ရေကန်အလယ်ခေါင်ရှိ အုပ်စုသုံးစုထဲမှ မျက်နှာတွင် အမာရွတ် အပြည့်နှင့် ကောင်းကင်တတိယအဆင့် သိုင်းသမားကြီးက ရုတ်တရက် ထရပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ဆွဲငင်အားနယ်ပယ်က ရေကန်နှင့် နီးကပ်လာသောကြောင့် သူက မနေနိုင်တော့ပဲ သတိပေးလိုက်ခြင်းဖြစ်သည်။ထိုင်နေကြသော အခြား ကောင်းကင် တတိယအဆင့် သိုင်းသမားများသည်လည်း ရှီယန့်ကို အေးစက်မည်းမှောင်သော မျက်နှာများဖြင့်စိုက်ကြည့်နေကြသည်။ရေကန်က သိပ်မကြီးလှသောကြောင့် ရှီယန်၏ ဧရာမ မီးခိုးရောင် လေဆင်နှာမောင်းကြီး ၀င်ရောက်လာလျှင် နေရာ အတော်များများကို ဖုံးလွှမ်းသွားပေလိမ့်မည်။ဆွဲငင်အားနယ်ပယ်သာ ရေကန်ထဲ ၀င်မွှေလျှင် အခြား သိုင်းသမားများကိုပါ ဒုက္ခပေးလာနိုင်သည်။ရှီယန်ကထူးမခြားနားဟန်ဖြင့် ပြုံးလိုက်ရင်း ခေါင်းညိတ်ကာ"စိတ်မပူပါနဲ့..ကျုပ်တို့က ရေကန်ထဲမှာ နေရာတစ်နေရာပဲ လိုအပ်တာပါ...ခင်ဗျားတို့ကို အလုပ်မရှုပ်စေရပါဘူး"ရေကန်ထဲတွင် အဖွဲ့ကိုးဖွဲ့ရှိနေသည်။သုံးဖွဲ့က ကောင်းကင်တတိယအဆင့်များ ရှိနေကြသည်။ထိုလူများကို ဒေါသထွက်စေလျှင် အကျိုးဆက်က ကောင်းစရာအကြောင်းမရှိချေ။ထို့ကြောင့် သူက ဆွဲငင်အားနယ်ပယ်ကို ထိန်းချုပ်နေဆဲဖြစ်သော်လည်း ဂရုတစိုက်ဖြင့် နှေးကွေးစွာ ရွေ့လျားစေလိုက်သည်။ထိုလူများအတွက်ကတော့ ရှီယန်တို့အုပ်စုသည် နိုင်းကျီတို့အုပ်စုကို ဖယ်ရှားနိုင်စွမ်းရှိနေလျှင် သူတို့ကို မထိခိုက်သ၍ ၀င်ရောက်စွက်ဖက်မည်မဟုတ်ချေ။နိုင်းကျီတို့အုပ်စု သေသေရှင်ရှင် သူတို့အတွက် အရေးမကြီးပေ။"မင်းက သိပ်အထင်သေးလွန်းနေပြီ..."နိုင်းကျီတို့ အုပ်စုမှ သက်လတ်ပိုင်းအရွယ် ကောင်းကင်ဒုတိယအဆင့် သိုင်းသမားကြီး၏ မျက်နှာက အေးစက်တင်းမာသွားသည်။သူက တစ်ချက် ကြိမ်းမောင်းလိုက်ပြီးနောက် ဘေးဘက်သို့ ခြေလှမ်းရွှေ့ကာ ဆွဲငင်အားနယ်ပယ်ကို ရှောင်တိမ်းလိုက်သည်။ထိုလူကြီး စတင်လှုပ်ရှားသည်နှင့် နိုင်းကျီနှင့် အခြားလူများသည်လည်း ဆွဲငင်အားနယ်ပယ်ကို ရှောင်ရှားရန် လှုပ်ရှားမှု ပြုလုပ်ရမည်ကို နားလည်လိုက်ကြသည်။အရင်ဆုံး ရှီယန့်ကို အနိုင်ယူပြီးမှသာ ရေကန်ထဲရှိ သူတို့၏ နေရာက မြဲမြံလိမ့်မည်ဖြစ်သည်။နိုင်းကျီတို့အုပ်စု အနည်းငယ် တုံ့ဆိုင်းနေတုန်း ထိုလူကြီးက လျှပ်စစ်စီးသလို လှုပ်ရှားကာ ချီရှောင်းတို့ အိုင်ရာတို့ အုပ်စုထံ ပြေးဝင်သွားပြီဖြစ်သည်။"အိုး...နောက်ဆုံးတော့ ထွက်လာကြပြီပေါ့"ရှီယန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။သူက နိုင်းကျီတို့ အုပ်စု ရေကန်ထဲမှ ထွက်လာသည်အထိ စောင့်နေပြီးမှ ဆွဲငင်အားနယ်ပယ်ကို တွန်းထုတ်လိုက်လေသည်။မူလက ဆွဲငင်အားနယ်ပယ်သည် အတော်လေးနှေးကွေးနေသော်လည်း ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းစွာဖြင့် လည်ပတ်လာပြီး မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် သုခနန်းတော်သိုင်းသမားများထံ တိုးဝင်သွားသည်။ထိုသိုင်းသမားများမှာ ရေကန်ထဲမှ ထွက်လာခါစသာရှိသေးသည်။သူတို့က ထို ကြီးမားသော လေဆင်နှာမောင်းကြီးသည် ထိုမျှလောက် လျှင်မြန်စွာ ရွေ့လျားနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြချေ။ထို့ကြောင့် အနည်းငယ် ပေါ့ဆမိသွားခြင်းသည် သူတို့အားလုံးကို မီးခိုးရောင်လေဆင်နှာမောင်းကြီးထဲသို့ ဆွဲသွင်းခံရခြင်းသို့ ရောက်ရှိသွားလေတော့သည်။နီဗားနား တတိယအဆင့် သိုင်းသမားသုံးယောက်သည် မထင်မှတ်ပဲ ဆွဲငင်အားနယ်ပယ်ထဲ ကျရောက်သွားကြသည်။ခနချင်းပင် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံကြီးများ ထွက်ပေါ်လာပြီးနောက် ရုန့်ရင်းကြမ်းတမ်းစွာ လည်ပတ်နေသော ပိုးချည်မျှင်များက ၄င်းတို့ကို အထစ်ထစ် အပိုင်းပိုင်း ခုတ်စင်းလိုက်လေတော့သည်။တိုက်ပွဲကို စောင့်ကြည့်နေကြသော အခြား သိုင်းသမား အုပ်စုများအားလုံးပင် နှလုံးသားများ အေးခဲသွားသလို ခံစားလိုက်ကြရသည်။သူတို့က ရှီယန့်ကို ထိတ်လန့်ခြောက်ခြားသော မျက်နှာများဖြင့်ကြည့်ကာ အလိုလိုပင် နောက်ဆုတ်လိုက်မိကြသည်။ဆွဲငင်အားနယ်ပင်နှင့် ဝေးလေကောင်းလေဟု မှတ်ယူလိုက်မိကြလေသည်။ချီရှောင်းက တစ်ချက် မာန်သွင်းလိုက်သည်။သူ့ခန္ဓာကိုယ်မှ မီးခိုးလုံးများ တိုးထွက်လာပြီး ဆယ်မီတာပတ်လည်ခန့် လွှမ်းခြုံသွားသည်။ထူထဲသော မီးခိုးလုံးများထဲတွင် ကြမ်းတမ်းသော စွမ်းအင်ဖြာထွက်မှုများထွက်ပေါ်လာပြီး သူ၏ ပုံရိပ်သည်လည်းေ၀၀ါးပျောက်ကွယ်သွားလေသည်။ချီရှောင်းက မီးခိုးလုံးများ ကြားတွင် ရိပ်ကနဲ ရိပ်ကနဲ လှုပ်ရှားသွားပြီး သူ့ လက်နှစ်ဖက်က ငွေရောင်အလင်းများ ထွက်ပေါ်လာသည်။ငွေရောင် ကြာပွတ်နှစ်ချောင်းက လေထုကို ထိုးခွဲကာ ထို ကောင်းကင် ဒုတိယအဆင့် သိုင်းသမားကို ရစ်ပတ်ဆွဲငင်ရန် ကြိုးစားလာသည်။အိုင်ရာနှင့် ကျိယီတို့၏ မျက်နှာလေးများသည်လည်း အေစက်တည်ငြိမ်နေကြသည်။ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးမှု အလင်းရောင်က ရှေးဟောင်းငွေဒင်္ဂါးပြားလေးမှဖြာထွက်လာသလို ကျိယီ၏ လက်ကောက်များကလဲ အရောင်တလက်လက်ဖြင့် ပျံဝဲသွားကြသည်။နိုင်းကျီနှင့်အတူပါလာသော သုခနန်းတော်မှ ကောင်းကင်အဆင့် သိုင်းသမားများကို တောက်ပသော အလင်းရောင်များ လွှမ်းခြုံသွားသည်။ရှီယန်က ရူးသွပ်စွာ အော်ဟစ်ရယ်မောသည်။ပျက်သုဉ်းခြင်းစွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသောအခါ သူ့ အရှိန်အဟုန်က အဆမတန် မြင့်မားလာသည်။မြောက်များလှစွာသော ကြယ်ရောင်အလင်းစက်များအောက်တွင် သူက နိုင်းကျီထံ လှစ်ကနဲ ၀င်ရောက်သွားပြီး ရှင်ခြင်းနိမိတ် လက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်သည်။နိုင်းကျီက တစ်ချက် မဲ့ပြုံးပြုံးလိုက်သည်။သူက နီဗားနားအဆင့်တစ်ယောက်သာဖြစ်သော ရှီယန်သည် သူ့ကို အမှန်တကယ် ရင်ဆိုင်တိုက်ခိုက်နိုင်လောက်အောင် သန်မာမည်မထင်ပါ။သူ့လက်ကို လှုပ်ရှားလိုက်သောအခါ အစိမ်းရောင် လက်စွပ်ပြားကြီး သုံးကွင်း ထွက်ပေါ်လာသည်။လက်စွပ်များထံမှ အလွန်အားကောင်းသော မြေကြီး ဓါတ်သဘာဝစွမ်းအင်များ စီးထွက်လာသည်။ထို လက်စွပ်ပြားကြီးများသည် ကမ္ဘာမြေ၏ စွမ်းအင်များနှင့် ချိတ်ဆက်နေဟန်တူသည်။ကြီးကျယ်ခမ်းနားသော မြေကြီးအသိသည် ပတ်ဝန်းကျင်ကို ထုထည်ကြီးမားစွာ လွှမ်းခြုံသည်။နိုင်းကျီ၏ လက်ချောင်းထိပ်များမှ သန့်စင်သော ကီစွမ်းအင်များက ထိုလက်စွပ်သုံးကွင်းထံ အဆက်မပြတ် စီးဝင်နေသည်။၎င်း၏ မြေကြီးအသိက ပိုမို အားကောင်းလာပြီး အလွန်အင်မတန် ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်များက ရှီယန့်ကို စတင်တိုက်ခိုက်သည်။မည်သည့် သတ္တ၀ါတွင်မဆို အသက်ရှိသည်။ရှီယန့် ရှင်ခြင်းနိမိတ်တော်၏ လွှမ်းမိုးမှု နယ်ပယ်တွင် အမျိုးမျိုးသော အသက်ဓါတ်များ ပါဝင်နေသည်။ထိုလက်ဝါးရိုက်ချက်က အစိမ်းရောင်လက်စွပ်ပြားကြီး၏ လွှမ်းမိုးမှုနယ်မြေကို ၀င်ရောက်ထိမှန်သည်။"၀ုန်း..."မတူညီသော စွမ်းအင်နှစ်မျိုး ကြမ်းတမ်းစွာ လှုပ်ရမ်းသွားကြသည်။မတူညီသော အသိများ ပါဝင်သည် နယ်ပယ်နှစ်ခုထိတွေ့မှုက ပတ်ဝန်းကျင်ရှိ လေထုကို တွန့်လိမ်သွားစေသည်။ထိုခွန်အားကို တွေ့ရသော လူတို့သည် တုန်လှုပ်ကြရသည်။အသက်ဓါတ်ဟူသည် ကန့်သတ်ချက်မရှိ။သတ၀ါတိုင်းသည် ကိုယ်ပိုင် ဖြစ်တည်မှုဖြင့် အသက်ဓါတ်ကို ပိုင်ဆိုင်ကြသည်။သတ္တ၀ါများတွေင် အသိစိတ်ရှိနေသ၍ အသက်ဓါတ်သည် အရေးအပါဆုံးဖြစ်လေသည်။ရှင်ခြင်းနိမိတ် လက်ဝါးရိုက်ချက်ကို ရှီယန် ထုတ်ဖော်လိုက်သောအခါ ယခုတစ်ကြိမ်တွင်တော့ အသက်ဓါတ်ကို ကိုယ်စားပြုသော လူသားများ သားရဲများ၏ ပုံရိပ်များကိုပင် ၀ိုးတ၀ါးမြင်နိုင်သည်။ထို သက်ရှိပုံရိပ်များသည် ရှင်ခြင်းနိမိတ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုပုံရိပ်များနှင့်အတူ တောက်ပကြည်လင်သော လက်ဝါးရိုက်ချက်သည် မြေလွှာချပ်ကြီးများအသွင်ဖြစ်ပေါ်နေသော လက်စွပ်သုံးကွင်း၏ လွှမ်းမိုးမှုနယ်ပယ်ကို တွန်းထုတ်ကြသည်။ရှီယန်သည် နီဗားနားအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ ရှင်ခြင်းအသိကို စိတ်ကူးပုံဖော်နိုင်စွမ်းက နိုင်းကျီ၏ မြေကြီးအသိထက် ပိုမို နက်ရှိုင်းဟန်တူသည်။ကိုယ်ပိုင် အသိများဖြင့် တိုက်ခိုက်ကြရာတွင်တော့ သိုင်းသမားတစ်ယောက်၏ အဆင့်သည် အရေးမကြီးတော့ပါ။သူ၏ ကိုယ်ပိုင် နယ်ပယ်အပေါ် နားလည်သိမြင်နိုင်စွမ်းက အဆုံးအဖြတ်ပေးသွားပါသည်။ဒီ ထူးဆန်းအံ့သြဖွယ်ရာ ကမ္ဘာကြီးကို ၀င်ရောက်လာကတည်းက ရှီယန်သည် ယခုအချိန်အထိ တိုက်ခိုက်နေရဆဲဖြစ်သည်။သေခြင်းနှင့် ရှင်ခြင်း၏ ကြိုးတန်းပေါ်တွင် လျှောက်လှမ်းနေခဲ့ရသည်။သူသည် သေမှာမကြောက်သလို အသက်ရှင်သန်ဖို့အတွက်လည်း အစွမ်းကုန် ရုန်းကန်တိုက်ခိုက်သည်။ထို့ကြောင့် သတ္တ၀ါတို့၏ ရှင်ခြင်းအပေါ် ဆာလောင်မွတ်သိပ်မှု စိတ်ဆန္ဒကို သူ နားလည်သဘောပေါက်နိုင်သည်။ထို အသိအမြင်သည် ရှင်ခြင်းနိမိတ်နှင့် အလွန်သင့်တော်ဟန်တူသည်။ဒေါသမုန်တိုင်း ပထမအဆင့်နှင့်အတူ ရှင်ခြင်းနိမိတ်၏ ခွန်အားကလည်း နှစ်ဆတိုးလာသည်။ထို့ကြောင့် ရှီယန်က နိုင်းကျီထက် ပိုမို သန်စွမ်းနေပြီးဖြစ်လေသည်။သူ၏ စိတ်ကူးပုံဖော်နိုင်စွမ်းကလည်း နိုင်းကျီထက် အနည်းငယ် သာလွန်နေလေရာ ရှင်ခြင်းနိမိတ်သည် အထက်စီးမှ လွှမ်းမိုးသွားပြီဖြစ်သည်။ရှီယန်၏ ရှင်ခြင်းအသိသည် နိုင်းကျီ၏ မြေကြီးအသိကို ဖြိုခွဲပစ်လိုက်ပြီဖြစ်သည်။နိုင်းကျီ၏ ယုံကြည်မှုက ထိခိုက်ဒဏ်ရာရသွားသည်။ရှင်ခြင်းနိမိတ်က သူ့တစ်ကိုယ်လုံးကို သိမ်းကြုံးရိုက်ချလိုက်သောအခါ သူ့ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်ထွက်သွားလေသည်။လေထဲမှာပင် သူ့ခန္ဓာကိုယ်တွင်းမှ ကျိုးပဲ့သံများကို ကြားရသည်။သူ့ခန္ဓာကိုယ်ရှိ အရိုးများ၏ ခိုင်မာမှုက ထိုရိုက်ချက်ကို ခံနိုင်ရည်မရှိဟန်တူ၏။အရိုး အကျိုးများက အသားများကိုပင် ဖောက်ထွက်လာကြသည်။မြေပေါ်သို့ ပြုတ်ကျလာချိန်တွင် နိုင်းကျီတစ်ကိုယ်လုံးက သွေးချင်းချင်းနီနေပြီဖြစ်သည်။သူ့မျက်နှာတစ်ခုလုံးက ဖြူဖျော့လို့နေသည်။ ထို့ပြင် သူ့ စိတ်သည် အများကြီး အားပျော့သွားသည်။"ဒါက ကောင်းကင်အဆင့်တဲ့လား"ရှီယန်က အေးစက်စက် နှာခေါင်းရှုံ့သည်။"မင်းရဲ့ သိုင်းပညာ စိတ်ကူးပုံဖော်နိုင်စွမ်းက သိပ် တိမ်လွန်းတယ်...မဟုတ်ရင် နီဗားနားအဆင့်မှာပဲ ရှိသေးတဲ့ ငါက မင်းကို တစ်ချက်တည်းနဲ့ ရိုက်ချနိုင်စရာအကြောင်းမရှိဘူး...မင်းရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းက ဒီ့ထက် နက်ရှိုင်းမယ်ဆိုရင် မင်းရဲ့ လက်စွပ်သုံးကွင်းဆီက မြေကြီးဓါတ်သဘာဝတွေဟာလည်း ဒီ့ထက် သိပ်သည်းနေမှာပဲ...ဒါဆို ငါက မင်းကို လွယ်လွယ်နဲ့ ဒဏ်ရာရစေနိုင်မှာမဟုတ်တော့ဘူး""ဝေါ့..."နိုင်းကျီက ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်သည်။သူ့စိတ်ဝိညာဉ်က အကြီးအကျယ် ဆုတ်ယုတ်သွားပြီဖြစ်သည်။ရှီယန်၏ ရှင်ခြင်းနိမိတ်က နိုင်းကျီ၏ ခန္ဓာကိုယ်ကို ကျိုးပဲ့သွားစေရုံမက ရှီယန့် စကားလုံးများကလည်း သူ့ စိတ်ဓါတ်အင်အားကို ရိုက်ချိုးသွားသည်။သိုင်းသမားတစ်ယောက်သည် သူ၏ ခွန်အားကို အပြည့်အ၀ ဖော်ထုတ်လိုလျှင် မိမိကိုယ်မိမိ ယုံကြည်မှုသည် အဓိကကျလာသည်။သူ့ကိုယ်သူ မယုံကြည်သော သိုင်းသမားတစ်ယောက်သည် လုံလောက်သော ခွန်အား ပိုင်ဆိုင်လျှင်ပင် အားအင်အပြည့် ဖော်ထုတ်ရန် ခက်ခဲလေသည်။နိုင်းကျီသည် ကိုယ့်ကိုယ်ကို သံသယ၀င်နေပြီဖြစ်သည်။ရှီယန်က စကားလုံးများကို အသုံးပြုပြီး နိုင်းကျီ၏ ယုံကြည်မှုကို ဖျက်ဆီးသည်။ရှီယန်သည် သူ့ထက် သာလွန်သည်ဟူသော ခံစားချက်ကို ရိုက်သွင်းသည်။ထိုအတွေးမျိုး နိုင်းကျီစိတ်ထဲတွင် ပေါ်လာသောအခါ သူ့ခွန်အားကို အဆုံးအစွန်အထိ ဖြန့်ကျက်ဖို့ ခက်ခဲလာသည်။သူက ဒဏ်ရာများကို ပြန်လည်ကုစားရန် ကြိုးစားလိုက်သော်လည်း သူ၏ ကီစုစည်းမှုသည် ကသောင်းကနင်းဖြစ်လာသောကြောင့် ဖြစ်မြောက်အောင် မလုပ်နိုင်တော့ချေ။နိုင်းကျီ၏ ရှုပ်ထွေးသွားသော ကီစုစည်းမှုက ရှီယန့် ရှင်ခြင်းနိမိတ်၏ သက်ရောက်မှုဒဏ်ကို သူ့တစ်ကိုယ်လုံး ဖြန့်ကျက်သွားစေသည်။သူ့ကိုယ်တွင်းရှိ အရိုးများက ထပ်မံ ကျိုးအက်သွားပြန်သည်။ထိုအချိန်တွင် နိုင်းကျီက မထိန်းချုပ်နိုင်တော့ပဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြန်သည်။သူ့တစ်ကိုယ်လုံးက အားအင်ကုန်ဆုံးနေပြီဖြစ်သည်။ရှီယန့် စကားလုံးများကြောင့် နိုင်းကျီက သွေးထပ်အန်နေသည်ကို တွေ့ရသောအခါ ရေကန်အလယ်ရှိ ကောင်းကင် တတိယအဆင့် သိုင်းသမားများက ခေါင်းတယမ်းယမ်းဖြစ်သွားကြည်။နိုင်းကျီကို ဒီတစ်ခါတော့ သွားရှာပြီဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။သူတို့က ရှီယန့်ကိုလည်း အလေးအနက် ကြည့်လာကြသည်။သိုင်းသမားအများစုသည် ရန်သူ၏ ခန္ဓာကိုယ်ကိုသာ ထိခိုက်စေသည်။စိတ်ကို ထိခိုက်စေခြင်းကတော့ အခြေအနေကို တွက်ချက်နိုင်မှု၊ ကြီးမားသော ဥာဏ်ပညာအပြင် ရက်စက်ပြတ်သားသော စိတ်ဓါတ် လိုအပ်သည်။ရှီယန်က ထိုသို့သောလူစားမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူဖြစ်သည်။ထို့ထက်ပိုပြီး သူက မိမိကိုယ်ကိုယ် အခြားသူများအားလုံးထက် သာလွန်သည်ဟု ယုံကြည်ထားသူဖြစ်သည်။တော်ရုံတိုက်ခိုက်မှုဖြင့်တော့ ယိုင်နဲ့သွားလိမ့်မည်မဟုတ်ချေ။ထိုသို့သော သိုင်းသမားမျိုးက ပိုကြောက်စရာကောင်းပါသည်။"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး"ရှီယန်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် နိုင်းကျီထံ လျှောက်သွားသည်။သူက တိုက်ခိုက်ရန် အလျှင်မလိုသေးပဲ ပါးစပ်ကို ပိုမို အသုံးပြုလိုသည်။နိုင်းကျီမျက်နှာက အကြည့်ရဆိုးနေပြီဖြစ်သည်။သူက နေရာတွင် တွေဝေငေးငိုင်နေပြီး စိတ်ရှုပ်ထွေးသော အသွင်ဖြင့် ရှိနေစဉ် သူ့စိတ်က ခြောက်ခြားနေပြီဖြစ်သည်။
----- ----- ----- ------ ----- --------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now