395

609 89 0
                                    

Chapter 395: လျှို့ဝှက်ရတနာများရှေးဟောင်းမြို့တော်ကြီး၏ အစွန်အဖျားဆီမှ သားရဲများ မြို့လယ်ခေါင် ရေကန်ဧရိယာတစ်ဝိုက်သို့ တဖွဲဖွဲ ရောက်ရှိလာကြပြီဖြစ်သည်။ရေကန် အပြင်ဘက်တွင်ကျန်ရစ်နေသော သိုင်းသမားများသည် သားရဲများ ထပ်မံရောက်ရှိလာသည်ကို မြင်ရသောအခါ သေရေးရှင်ရေး အခြေအနေရောက်လာပြီဖြစ်ကြောင်း သိရှိလိုက်ကြသည်။ဘယ်သူကမှ တုံ့ဆိုင်းမနေကြတော့ပဲ ရေကန်ပတ်ပတ်လည်ရှိ အုပ်စုများထံ ပြေးဝင်တိုက်ခိုက်ကြလေတော့သည်။ခနချင်းပင် လျှို့ဝှက်လက်နက်များ မှော်ရတနာများ ထံမှ အမျိုးမျိုးသော အလင်းရောင်များ ပြိုးပျက်သွားကြသည်။လေထုထဲတွင် ပြင်းထန်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ရှီယန်က ရေကန်ထဲတွင် ထိုင်နေရင်း ဆွဲငင်အားနယ်ပယ်ကို ဆက်လက်ထိန်းချုပ်ထားသည်။ရှီယန်တို့အုပ်စုကို ပစ်မှတ်အဖြစ် ရွေးချယ်ရဲလောက်အောင် ဘယ်သူမှ သတ္တိမကောင်းကြပါ။အိုင်ရာ၊ကျိယီ၊လောင်လီ၊လောင်လွန်တို့သည် ရှီယန့်ကြောင့် အနားယူရန် အချိန်ရသွားကြသည်။သူတို့က မိစ္ဆာအမြုတေများကို ထုတ်ယူလိုက်ကြပြီး ကီစုစည်းမှု ပြန်လည်ဖြည့်တင်းနေကြသည်။ချီရှောင်းနှင့် ဇူခွားတို့သည် အနည်းငယ် ရှက်ရွံ့မှုကို ခံစားရသော်လည်း ဇူရှီပေးသော မိစ္ဆာအမြုတေများကို လှမ်းယူလိုက်ကြသည်။ရှီယန့် ကျေးဇူးကြောင့်သာ သူတို့က စွမ်းအင်ဖြည့်တင်းခွင့် ရပေတော့သည်။ရှေ့တွင် ကာဆီးထားသော ဆွဲငင်အားနယ်ပယ်ကြီးကြောင့် အခြားသိုင်းသမားများ တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်ပူပန်စရာမလိုတော့ချေ။ရှီယန်တို့အုပ်စု ရေကန်ထဲတွင် အခြေကျသွားသည်။ရေကန်အလယ်ရှိ စွမ်းအားကြီး အုပ်စုသုံးခုသည် သူတို့စကားအတိုင်း ဘာမှ ၀င်မပါကြပါ။ရှီယန်တို့ တိုက်ပွဲ ပြီးသွားသောကြောင့် စိတ်အေးသွားဟန်ဖြင့် သက်သောင့်သက်သာ ထိုင်လျှက်ရှိကြသည်။ထို ရေကန်အလယ်ခေါင်ရှိ စွမ်းအားအမြင့်ဆုံး သုံးဖွဲ့တွင်လည်း ကောင်းကင် တတိယအဆင့်များ၏ အရှိန်အ၀ါသက်သက်ကပင် ဖြုံသွားလောက်စေသည်။ထို့ကြောင့် ပြင်ပရှိ သိုင်းသမားများသည် ထို အုပ်စု သုံးစုနှင့် ရှီယန်တို့အုပ်စုကို လွှတ်ထားကြကာ ကျန် အဖွဲ့ငါးဖွဲ့ကိုသာ သည်းသည်းမဲမဲ တိုက်ခိုက်နေကြသည်။ရေကန်ထဲတွင် ထိုင်နေရင်း ရှီယန်က ခံစားချက်ကင်းမဲ့သော အမူအယာဖြင့်ပင် အကဲခတ်လို့နေသည်။သူက တိုက်ခိုက်သတ်ဖြတ်နေကြသော သိုင်းသမားများကိုကြည့်ရင်း ဆွဲငင်အားနယ်ပယ်ကို တစ်မျိုး ပြောင်းလည်းလိုက်ပြန်သည်။ဧရာမ မီးခိုးရောင် လေဆင်နှာမောင်းကြီးထဲမှ နောက်ထပ် လေဆင်နှာမောင်း အငယ်စားလေးတစ်ခု ခွဲထွက်လာသည်။ထို လေဆင်နှာမောင်းငယ်သည် အားအင် အသင့်အတင့်ရှိသော ဆွဲငင်အားနယ်ပယ်တစ်ခုပင်ဖြစ်ပြီး တိုက်ပွဲအတွင်း အသာအယာ လှည့်ပတ်ကာ သေဆုံးသွားကြသော သိုင်းသမားတို့၏ အလောင်းများကို လိုက်ကောက်နေသည်။ခနအတွင်းမှာပင် ဆွဲငင်အားနယ်ပယ် အငယ်ထဲတွင် လောလောလတ်လတ်သေဆုံးသွားသော သိုင်းသမားအလောင်း ဆယ်လောင်း စုမိလိုက်ပြီဖြစ်သည်။ထို လေဆင်နှာမောင်းငယ်ကို ရှီယန်က အသာအယာ ပြန်ဆွဲယူလိုက်သည်။သူ၏ မရီဒျန်များထဲသို့ အလောင်းကောင်များထံမှ အော်ရာများ စုပြုံတိုးဝင်လာကြသည်။အခြားသူများ ရူးသွပ်စွာ တိုက်ခိုက်နေကြချိန် သူက သိုင်းသမားအလောင်းများကို မသိမသာ လိုက်ကောက်ရင်း အခွင့်ကောင်းယူနေသည်။လူအများကြီး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသောအခါ စက္ကန့်တိုင်းပင် လူတစ်ယောက် သေဆုံးနေသလား ထင်ရသည်။ရှီယန်က ပေါ့ပေါ့ပါးပါးပင် မည်သည့် ခွန်အားမှ မစိုက်ထုတ်ရပဲ အကြီးအကျယ် ရိပ်သိမ်းနေလေသည်။ဒီ သံလိုက်မြူ အမှောင်ထုသို့ ခရီးစဉ်က တန်လှသည်။ရှီယန်က သူ့ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ၏ ပြောင်းလဲမှု အခြေအနေကိုလည်း မျက်ခြေမပြတ်စေပဲ အာရုံခံလျှက်ရှိသည်။သူက သူ့ မရီဒျန်များဆီမှ နာကျင်မှုကို စတင်ခံစားလာရချိန် သူ ခံနိုင်ရည်ရှိသည့် အနေအထားထက် ကျော်လွန်တော့မည်ဖြစ်မှန်း သိရှိလိုက်သည်။ထို့ကြောင့် တိုက်ပွဲအတွင်း လျှောက်သွားနေသော ဆွဲငင်အားနယ်ပယ် အငယ်စားလေးကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။သူက နောက်ထပ် လူသေအလောင်းများထံမှ အော်ရာများ ထပ်မံ မစုပ်ယူချင်လို့မဟုတ်ပါ။လက်ရှိအခြေအနေသည် အရမ်း လောဘကြီးလို့ မရသေးကြောင်း သူနားလည်သောကြောင့်ဖြစ်သည်။ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် သူ့ အသိစိတ် လွတ်သွားလျှင် ရရှိလာမည့် အကျိုးဆက်က သူရိပ်သိမ်းရသည်နှင့် မတန်ပဲဖြစ်သွားနိုင်သည်။အလောင်းကောင်များထံမှ အော်ရာများ ထပ်မံမစုပ်ယူတော့ရန် ဆုံးဖြတ်လိုက်သည်။သိုင်းသမားများသည် သားရဲကြီးများလက်ချက်ဖြင့် ဆိုးဆိုးဝါးဝါး သေဆုံးနေကြသည်ကိုသာ နှမျောတသစွာ ကြည့်နေမိသည်။ရာပေါင်းများစွာသော သားရဲကြီးများ မြို့လယ်ခေါင်တွင် မုန်တိုင်းဆင်နေကြပြီဖြစ်သည်။ရေကန်အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော သိုင်းသမားများကို ရူးသွပ်စွာ သတ်ဖြတ်ကြလေသည်။ယခုအချိန်တွင် ရေကန်၏ ပြင်ပနယ်မြေသည် ရက်စက်ကြမ်းကြုတ်လှသည်။သိုင်းသမားများသည် ရေကန်ထဲသို့ အတင်းဝင်ရောက်ရန် ကြိုးစားကြရင်း ရေကန်ထဲရှိ သိုင်းသမားများနှင့် တိုက်ခိုက်နေရသကဲ့သို့ တဖက်မှလဲ လှိုင်းလုံးကြီးများသဖွယ် ၀င်ရောက်လာသော မိစ္ဆာသားရဲကြီးများနှင့် ရင်ဆိုင်နေရသည်။ရေကန်ပြင်ပရှိ သိုင်းသမားများအရေအတွက်က ပိုမိုနည်းပါးလာပြီဖြစ်သည်။တစ်ယောက်ပြီးတစ်ယောက် ကိုက်ဖြတ်ဆွဲဖြဲခံရကာ အရိုးအသားမကျန် ၀ါးမျိုခံရသည်။ရေကန်နယ်ပယ်သည် သားရဲများ၏ တိုက်ခိုက်မှု မသက်ရောက်သော်လည်း ထို ခုခံမှု စက်ကွင်း ရုတ်တရက် ပြတ်တောက်သွားမှာ စိုးရိမ်နေရသေးသည်။အပြင်ဘက်တွင် သားရဲကြီးအမြောက်အများ ပတ်လည်ဝိုင်းနေချိန် ခုခံမှုစက်ကွင်း ပျောက်ကွယ်သွားလျှင် ရေကန်ထဲရှိ လူအကုန်လုံး ၀ါးမြိုခံလိုက်ရနိုင်သည်။ဘယ်သူမှ ထိုမျှ များပြားသော သားရဲကြီးများကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။သူတို့အားလုံး ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြရသည်။ရက်စက်ကြမ်းကြုတ်လှသော သတ်ပွဲကြီးသည် အချိန်တိုအတွင်း သိုင်းသမားအလောင်းများနှင့် သားရဲအလောင်းများကို ရေကန်တစ်ဝိုက်တွင် စုပုံသွားစေသည်။သုခနန်းတော် သိုင်းသမားအုပ်စု၏ ကံကြမ္မာသည်လည်း နိုင်းကျီနှင့် အတူတူပင်ဖြစ်သည်။သူတို့က ရေကန်ထဲသို့ ၀င်ရောက်နိုင်စွမ်းမရှိကြသောအခါ သားရဲကြီးများ၏ အစိတ်စိတ် ကိုက်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများပင် မစုံတော့ပဲ သားရဲကြီးများ၏ ဗိုက်ထဲသို့ ရောက်ရှိသွားကြလေသည်။မိနစ်အနည်းငယ်မျှ ကြာသောအခါ ရေကန်ပြင်ပတွင် လူသား သိုင်းသမား တစ်ယောက်တစ်လေမှ မကျန်ရစ်ခဲ့တော့ပါ။အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ထောင်ဂဏန်းခန့်ရှိသော သားရဲကြီးများသာ ကျန်ရစ်ခဲ့တော့သည်။သားရဲကြီးများသည် ကျေနပ်ဟန်မရှိသေးပဲ မာန်တဖီဖီနှင့် ရှိနေကြကာ သွေးသံရဲရဲ လက်သည်းကြီးများဖြင့် သွေးညှီနံ့ဖုံးလွှမ်းသော လေထုထဲတွင် ရှိနေကြသည်။ထိုအကောင်များက ရေကန်ပတ်ပတ်လည်ကို ၀ိုင်းရံထားရင် ထွက်ခွာသွားရန် စိတ်ကူးရှိဟန်မတူချေ။"ဒီငွေရေကန်လေးက တကယ့်ကို အသက်ကယ်နေရာဖြစ်ပုံပဲ"အိုင်ရာက မျက်မှောင်ကြုတ်ရင်း သက်ပြင်းတစ်ချက်ချသည်။"အားနည်းတဲ့ သိုင်းသမားတွေကတော့ ဒီထဲဝင်မလာနိုင်ခဲ့ဘူး...ဒီလောက် ဒုက္ခပေါင်းစုံ ဖြတ်သန်းခဲ့ပြီးမှ နောက်ဆုံး ဆိုးဝါးတဲ့ သေဆုံးခြင်းပဲ ရောက်ရှိလာခဲ့တယ်...ဒါဟာ သံလိုက်မြူအမှောင်ထုရဲ့ ရက်စက်တဲ့ သဘာဝပဲ...ငါတို့ဟာ တန်ဖိုးရှိတဲ့ အရာတွေကို လိုချင်ရင် တစ်ချိန်လုံး အသက်ကို ရင်းထားရတယ်"ကျိယီနှင့် လောင်ညီအစ်ကိုတို့က ခေါင်းညိတ်သည်။သူတို့၏ မျက်နှာများက ထိတ်လန့်ခြောက်ခြားမှု ပြေပျောက်သေးဟန်မတူချေ။"ရှီယန်...ဒီတစ်ခေါက်တော့ မင်းက ပြောစမှတ်တွင်အောင်လုပ်နိုင်ခဲ့တယ်...မင်းရဲ့ မီးခိုးရောင်လေဆင်နှာမောင်းကြီးသာ မရှိရင် ငါတို့လည်း ဒီရေကန်ထဲမှာ နေရာ တစ်နေရာ ယူနိုင်မှာမဟုတ်ဘူး"လောင်လီက ရိုးသားစွာပင် ကျေးဇူးတင်မှုကို ပြသသည်။"မင်းသာမရှိရင် ငါတို့က ကျောက်သားခံတပ်ထဲမှာတင်..."လောင်လီနှင့် လောင်လွန်သည် ထုံထိုင်းသူများမဟုတ်ပါ။ရှီယန်၏ အမိန့်ကြောင့်သာမဟုတ်လျှင် အိုင်ရာနှင့် ကျိယီတို့က သူတို့ကိုကျောက်သားခံတပ်မှ ရေကန်အထိ ခေါ်လာမည်မဟုတ်ကြောင်း နားလည်ကြသည်။ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်ရမည်ဆိုလျှင် သူတို့က ငွေရောင်ရေကန်အထိပင် ရောက်လာစရာအကြောင်းမရှိချေ။ယခုအချိန်၌ လောင်ညီအစ်ကိုနှစ်ယောက်သည် ရှီယန့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် အမှန်တကယ် ခံယူလိုက်ကြပြီဖြစ်သည်။ရှီယန့်အပေါ် အားကျသလို လေးစားလာကြသည်။ဒီတိုက်ပွဲပြီးနောက် သူတို့က ရှီယန့်ကို ရိုးသားစွာပင် အသိအမှတ်ပြုကြလေသည်။သူတို့က အိုင်ရာနှင့်ကျိယီကဲ့သို့ ကောက်ကျစ်သောအတွေးများ မရှိချေ။"ငါက ဘာလုပ်ရမယ်ဆိုတာ သိရုံပါ...ဒီကိုရောက်လာဖို့ အားလုံး ကြိုးစားခဲ့ကြတာပါပဲ"ရှီယန်က အသာပြုံးရင်းပြောသည်။"မင်းတို့ငါတို့က အန္တရာယ်မျိုးစုံ အတူဖြတ်ကျော်ခဲ့ပြီးပြီပဲ...ငါက မင်းတို့ကို ငါ့သူငယ်ချင်းတွေအဖြစ် သတ်မှတ်ပါတယ်...ငါ့သူငယ်ချင်းတွေကို ငါ ဘယ်တော့မှ သစ္စာမဖောက်ဘူး"ပြောနေရင်း ရှီယန်က အိုင်ရာနှင့် ကျိယီကို ဝေ့ကြည့်လိုက်သည်။ညီအစ်ကိုနှစ်ယောက်၏ မျက်လုံးများက တောက်ပသွားကြသည်။သူတို့က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ကြသည်။အိုင်ရာနှင့် ကျိယီကတော့ မပျော်မရွှင်ဖြစ်သွားကြဟန်တူသည်။"သိပ်လည်း ပျော်မနေကြနဲ့ဦး ဒီ သားရဲတွေက ပထမလှိုင်းပဲရှိသေးတယ်...မိုးကြိုး၊မုန်တိုင်း၊မီးလျှံနဲ့ ရေခဲတွေ လာဦးမှာ...ဒီရေကန်ငယ်က သားရဲတွေရန်က ကာကွယ်ပေးနိုင်ပေမဲ့ အဲ့ဒီ သဘာဝအန္တရာယ်တွေကိုတော့ ကာကွယ်နိုင်မယ်လို့ မျှော်လင့်လို့မရဘူး"ရှီယန်က အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောသည်။သူ့မျက်နှာက သက်သောင့်သက်သာ မရှိလှချေ။"ငါတို့ သတိထားရဦးမယ်...အဲ့ဒီ သဘာဝအန္တရာယ်တွေ ရောက်လာရင် ငါတို့က ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်...ကိုယ့်ကိုယ်ကို ကာကွယ်ဖို့က ပထမဦးစားပေးပဲ...ဒါမှ ငါတို့က ဘေးအန္တရာယ်တွေထဲမှာ အသက်ရှင်နိုင်လိမ့်မယ်"အားလုံးပင် စိတ်တင်းကျပ်မှုကို ခံစားလိုက်ကြရသည်။"ရှီယန်...နင်က ဘယ်လိုလုပ်ပြီး နီဗားနား တတိယအဆင့်ကို ခုန်တက်သွားတာလဲ"ဇူရှီက ရှီယန့်ဘေးသို့လျှောက်လာရင်း မေးလိုက်သည်။"ငါတို့ ရွှံ့နွံတောထဲမှာ ရှိနေကြတုန်းက နင်က အန္တရာယ်အဆင့်ပဲ ရှိသေးတာပါ...အခုနင်က နီဗားနား တတိယအဆင့်ကို ရောက်နေခဲ့ပြီ...ဒီ ခုနှစ်နှစ် ရှစ်နှစ်အတွင်း နင်က ဘယ်လိုလုပ်ပြီး ကျင့်ကြံလိုက်တာလဲ...တအားမြန်တာပဲ..."ချီရှောင်းနှင့် ဇူခွားတို့ကလဲ ထိုမေးခွန်းကိုပင် မေးချင်နေဟန်ဖြင့် သူ့ကိုကြည့်သည်။"ဘာဖြစ်တယ်...."ကျိယီ၏ မျက်နှာလေးက အနည်းငယ်ပြောင်းလဲသွားသည်။သူမ၏ မျက်လုံးလေးများက တောက်ပနေကြပြီး ရှီယန့်ကို စူးစိုက်စွာကြည့်ကာ"နင်က အန္တရာယ်အဆင့်ကနေ နီဗားနားအဆင့်ကို ခုနှစ်နှစ် ရှစ်နှစ်အတွင်း ရောက်လာတာလား"အိုင်ရာနှင့် လောင်ညီအစ်ကိုနှစ်ယောက်တို့၏ မျက်နှာများကလည်း သွေးရောင်မရှိတော့ချေ။သူတို့က ရှီယန့်ကို သတ္တ၀ါဆန်းတစ်ကောင်အလား ကြည့်နေကြသည်။ရှီယန်က မျက်မှောင်ကြုတ်ကာ ထူးမခြားနားဟန်ဖြင့် "ကံကောင်းတာပါ...""ရှီယန်...မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာခဲ့တာလဲ...မင်းက အရှေ့ပင်လယ် ယန်မိသားစုမှာမဟုတ်လား..."ဇူခွားက နားမလည်နိုင်ဟန်ဖြင့် မေးသည်။"ဟုတ်ပါတယ်...မင်းအဖိုးက ငါ့ကိုမှာလိုက်တယ်...တကယ်လို့ ငါတို့ မင်းကို တွေ့လို့ရှိရင် ပြောလိုက်ပါတဲ့..မင်းက စွမ်းအင်ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား လေ့ကျင့်ရမယ်...ယန်မိသားစုကလူတွေ မင်းကို အထင်မသေးပါစေနဲ့တဲ့...ဒါနဲ့ ယန်မိသားစုကရော အခြေအနေဘယ်လိုရှိလဲ...သူတို့က မင်းကို ကောင်းကောင်း ဆက်ဆံရဲ့လား...စိတ်ညစ်စရာတွေရော ကြုံရသေးလား""ယန်မိသားစုလား..."ရှီယန်က သံယောင်လိုက် ရေရွတ်လိုက်မိသည်။သူက ခေါင်းယမ်းကာ ကြိုးစားပြုံးပြလိုက်ရင်း"ကျနော် ဒီအကြောင်း မပြောချင်သေးဘူး...အချိန်တိုအတွင်း ရှင်းပြလို့မရတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တယ်...ကျနော့် ဖိုးဖိုးရော နေကောင်းရဲ့လား""သူ အဆင်ပြေပါတယ်...လက်ရှိမှာတော့ ငါတို့ ဇူမိသားစုနဲ့ ရှီမိသားစုက Merchant တိုင်းပြည်ကို အုပ်ချုပ်နေတယ်...ဘိန့်မင်မိသားစု၊မိုမိသားစုနဲ့ လင်းမိသားစုတွေကတော့ ပျက်စီးပျောက်ကွယ်လုနီးပါးပါပဲ...အဲ့ဒီ မိသားစုကြီးသုံးခုက အဆင့်မြင့်သိုင်းသမားတွေ သေကျေပျက်စီးကုန်ကြပြီကိုး...သူတို့ ခွန်အားကလည်း အများကြီး ကျဆင်းသွားတယ်...ဒါကြောင့် သိုင်းသမား အသစ်တွေအကုန် ရှီမိသားစုနဲ့ ဇူမိသားစုကိုပဲ ၀င်ရောက်ကြတယ်လေ"ဇူခွားက ပြုံးလိုက်ရင်း"မင်းကျေးဇူးပေါ့...ငါတို့မိသားစုနှစ်ခုက Merchant တိုင်းပြည်ကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပြီ""ဒီနှစ်ပိုင်းတွေမှာ အခက်အခဲတွေ မရှိဘူးလား"ရှီယန်က ဆက်မေးသည်။ဇူခွား၏ မျက်နှာပေါ်မှ အပြုံးက တောင့်တင်းသွားသည်။သူ့မျက်ဝန်းထောင့်တွင် စိတ်မကောင်းသည့်အရိပ်အယောင်များ ပေါ်ထွက်လာပြီးနောက်"အခက်အခဲ ကြီးကြီးမားမားတော့ ရင်မဆိုင်ရပါဘူး...ဒါပေမဲ့ မီးလျှံ အင်ပါယာနဲ့ God blessed အင်ပါယာကတော့ ငါတို့ကို ဖိအားတော်တော်ပေးလာတယ်...အဲ့ဒီ တိုင်းပြည်နှစ်ခုကြား စစ်ပွဲက Merchant တိုင်းပြည်ကိုပါ ကူးစက်လာတယ်လေ...သူတို့က ငါတို့ ကြားနေတာကို မကြည့်နိုင်ကြဘူး...နှစ်ဖက်စလုံးက သူတို့ဘက်ကို ပါစေချင်ကြတယ်...ငါတို့ရဲ့ အင်အားကို ရတဲ့ဘက်က အနိုင်ရသလောက်ဖြစ်သွားပြီလေ...ဒါကြောင့် သူတို့က ငါတို့ အေးအေးဆေးဆေးနေမှာကို ခွင့်မပြုနိုင်ကြတော့ဘူး..."သူတို့ နယ်မြေတွင် မီးလျှံအင်ပါယာ God blassed အင်ပါယာနှင့် Merchant တိုင်းပြည်ဟူ၍ ရှိကြသည်မဟုတ်လော။Merchant တိုင်းပြည်သည် ဘိန့်မင်မိသားစု၊မိုမိသားစုနှင့် လင်းမိသားစုတို့ သုတ်သင်ခံရပြီးနောက် တိုင်းပြည်တစ်ခုလုံးက သိုင်းသမားအင်အား အများကြီး လျော့နည်းသွားခဲ့သည်။ထို့ကြောင့် သူတို့က မီးလျှံအင်ပါယာနှင့် God blassed အင်ပါယာ၏ မကောင်းသော ရည်ရွယ်ချက်များကို ခုခံတွန်းလှန်နေရပြီဖြစ်သည်။ဇူခွား၏ စကားများကို နားထောင်ပြီးနောက် ရှီယန့်မျက်ခုံးများက မြင့်တက်သွားကြသည်။သူက ခေါင်းညိတ်လိုက်ရင်း တည်ကြည်စွာဖြင့်"ကျုပ်တို့ အချိန်ရတဲ့အခါ အဲ့ဒီ မီးလျှံအင်ပါယာနဲ့ God blessed အင်ပါယာတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာကြတာပေါ့...ဒါပေမဲ့ ကျုပ်တို့ ဒီ သံလိုက်မြူအမှောင်ထုထဲက အရင် ထွက်ရမယ်...ဟင်း...အရှေ့ပင်လယ်မှာလည်း ပြဿနာတွေချည်းပါပဲလေ"ရှီယန့် စကားများကို နားထောင်ရင်း ဇူခွားနှင့် ချီရှောင်းတို့သည် အလွန် သိချင်စိတ်ပြင်းပြဟန်ပြသည်။သို့သော်လည်း ရှီယန်က ဘာမှ ဆက်မပြောတော့ချေ။"နင်တို့တွေ ရှေးဟောင်းနှောင်းဖြစ်ပြောနေရမယ့်အချိန်မဟုတ်သေးဘူး...ဟိုမှာ ပြဿနာတွေ လာနေပြီ"အိုင်ရာက ရုတ်တရက် ၀င်ပြောသည်။သူမက တစ်ဖက်သို့ လက်ညှိုးထိုးပြလိုက်ရင်း"မိုးကြိုးဧရိယာက ငါတို့ဆီ အရင်ရောက်လာမှာ ...မိုးကြိုးကို ရင်ဆိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ စဉ်းစားထားကြလဲ"အမှန်တကယ်ပင် ထို မိုးကြိုးနယ်မြေက နီးကပ်လာနေသည်။ မိုးကြိုးလျှပ်စီးများသည် တ၀င်းဝင်း တလက်လက်ဖြင့် ထောင်သောင်းချီသော မြွေများသဖွယ် တွန့်လိမ်ရစ်ဖွဲ့နေကြသည်။မိုးကြိုးများ ပစ်ချလိုက်ရာ အောက်ခြေရှိ ကျောက်သားခံတပ်ကြီးများပင် ပေါက်ကွဲထွက်ကုန်ကြရာ ကျောက်သားအပိုင်းအစများက နေရာအနှံ့ပြန့်ကျဲကုန်သည်။"ကောင်းကင်ကို ကြည့်လိုက်"ရေကန်အလယ်ရှိ ကောင်းကင် တတိယအဆင့်တစ်ယောက်က အလန့်တကြား ထအော်သည်။ရှီယန်တို့လည်း အလိုလိုပင် ခေါင်းမော့ကြည့်လိုက်မိကြသည်။နဂါးငွေ့တန်းမြစ်ကြီးနှစ်စင်းက တွန့်လိမ်ကာ လမ်းကြောင်း ပြောင်းလဲကာ အောက်သို့ ထိုးဆင်းလာသည်။မျောပါနေသော အလောင်းကောင်များသည် တစ်နေရာတွင် စုပုံလာပြီးနောက် တံတားတစ်ခုသဖွယ် ရေကန်ဆီသို့ ဆင်းသက်လာနေသည်။မြစ်ကြီးများ၏ အထက်ဘက်ရှိ အလင်းရောင်များက ပိုမို ကြမ်းတမ်းစွာ တောက်ပလာကြသည်။သေချာကြည့်မည်ဆိုလျှင် ဓါးလှံလက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ ကျောက်မျက်ရတနာများ စသည်ဖြင့် အဖိုးတန်ပစ္စည်းမျိုးစုံမျိုးစုံတို့ ပြိုးပြိုးပြက်ပြက် ၀င်းလက်နေခြင်းဖြစ်သည်ကို မြင်နိုင်ကြလေသည်။"မှော်ရတနာတွေ...မှော်ရတနာတွေ..."ရေကန်ထဲရှိ သိုင်းသမားများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။သူတို့က ယခုပင် ပျံသန်းသွားပြီး မှော်ရတနာများကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ရေကန်အလယ်ရှိ ကောင်းကင် တတိယအဆင့် သိုင်းသမား ခြောက်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လိုက်ကြသည်။သူတို့က အထက်ဘက်ရှိ ပြောင်းလဲမှုကို မော့ကြည့်နေကြရာမှ ရုတ်တရက် ရှီယန်တို့အုပ်စုကို အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြလေသည်။------ ------ ------ ----- ------ ----- --------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now