1 (Uni)

2.4K 102 8
                                    

"တီတီ ...တီတီ... တီတီ"

"ခွက်"

စားပွဲပေါ်မှ အဆက်မပြတ်မြည်နေသော နှိုးစက်သံသည် သူမနိုးမချင်း ဒါမှမဟုတ် သူ,ထမပိတ်မချင်းမရပ်မည့်သဘောမှာရှိသည်။
သူလည်း ဒီနေ့မှနားရတာ။ လုံးဝလုံးဝမထနိုင်ဘူး။ လက်တစ်ဖက်ဖြင့် နှိုးစက်ရှိမည့်နေရာကိုမှန်း၍ အားရပါးရရိုက်ပိတ်ချလိုက်ပြီးနောက် ​ပြန်လည်ငြိမ်သက်သွားသည့် အဖြူရောင်ကိုယ်ထည်လေးတစ်ခု။

ဒီနေ့က ကျောင်းပိတ်ရက်.....။

ဘယ်လိုနည်းနဲ့မှ မထနိုင်ဘူး။ တစ်ပတ်လုံး ကျောင်းသွားတက်ရ၊ စာတွေလုပ်ရ၊ သင်တန်းတွေသွားနေရတဲ့ ကိုယ့်ကို သက်မဲ့အရာ နှိုးစက်တစ်ခုကနှိုးတာနဲ့ ထရမှာတဲ့လား။ ခုနစ်ရက်မှာ ငါးရက်ကနှိုးစက်အားကိုးနဲ့ ထ ထနေရတာဆိုတော့ ညကပိတ်ထားဖို့မေ့သွားတာ။ ခုတော့အိပ်နေတဲ့အရှိန်ပျက်ရပြီ။ သက်မဲ့ပစ္စည်းဖြစ်နေဦးတော့ ကိုယ့်သခင်ရဲ့ တစ်ပတ်တာအချိန်ကိုအလွတ်ရမနေသင့်ဘူးလား။
တစ်ရက်တလေ မမြည်ဘဲနေပါ့လား။ အသံကိုကစွာကျယ်နေတာပဲ။

မျက်လုံးတို့ကသာ ပြန်မှိတ်သွားတာ စိတ်ထဲ ဂီတာပုံနှိုးစက်အပေါ် အပြစ်တင်နေမိတုန်း။ ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်ပါတော့မလဲ။

ပိတ်ရက်ဆိုလို့လည်း အားနေမှာမဟုတ်ပါဘူး။ ကိုယ်တက်ချင်လွန်းလို့ကို အတင်းပူဆာထားရတဲ့ သင်တန်းတွေသွားရဦးမှာ။ တစ်နေ့လုံးအတွက်အားပြည့်နေမှဖြစ်မှာ။ ဝါသနာပါလွန်းလို့သာ တက်ရတာ ပင်ပန်းတာတော့အရမ်းပဲ။
ဒါပေမယ့် ပင်ပန်းလို့ဆိူပြီးတော့ သင်တန်းတွေကိုစွန့်လွှတ်လိုက်ဖို့ လုံးဝစိတ်ကူးမရှိပါ။

"ဒေါက် ဒေါက်"

"ညီညီရေ ထတော့လေ"

ဟင်။ မျက်လုံးတစ်စုံသည် အိပ်မှုံစုံမွှားပကတိကင်းစွာ စုံပွင့်လာတော့၏။ ဒါ မေမေ့အသံမလား။ မေမေ့အသံကို တကယ်ကြားလိုက်ရတာမလား။
မေမေ ကိုရီးယားကနေပြန်ရောက်နေတာလား။

နှိုးစက်၏စူးကျယ်ကျယ်အသံပင်မစွမ်းနိုင်သည့် ညီညီ့ကို အသံချိုချိုကြည်ကြည်လေးတစ်ခုက လွှမ်းမိုးခဲ့လေပြီ။ အိပ်ချင်စိတ်တို့ ပျောက်ကွယ်ကာ မယုံတစ်ဝက်ယုံတစ်ဝက် ပကတိအကျယ်မျက်လုံးတစ်စုံနှင့် ထထိုင်မိလေသည်။

IDOLWhere stories live. Discover now