28 (Uni)

367 36 12
                                    

ကျွန်တော့်ဘဝမှာ အထီးကျန်လွန်းတဲ့နေ့တွေ ရှိလာလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။

အဖေရယ် အမေရယ် ကျွန်တော်ရယ်သာရှိပြီး လူပိုမရှိတဲ့မိသားစုထဲမှာ မောင်နှမ၊ ဆွေမျိုးမရှိလို့ တစ်ခါမှဝမ်းမနည်းဖူးဘူး။

အပေါင်းအဖော်သူငယ်ချင်းတွေလည်း ရှိခဲ့ဖူးပေမယ့် လွမ်းတသသဖြစ်ရလောက်တဲ့အထိ လွမ်းနေမိတာမျိုးလည်းမဖြစ်ခဲ့ဖူးဘူး။

သို့သော် ကျွန်တော် တစ်ယောက်ယောက်ကိုတော့ အများကြီးလွမ်းနေမိသည်။

သူ့အပေါ်ကသံယောဇဥ်တွေဟာ မသိမသာရစ်ပတ်တက်နေတဲ့နွယ်တစ်ခုလို သတိသွားမိချိန်မှာ အ​မြစ်အတော်ခိုင်နေခဲ့ပြီလေ။ တစ်စုံတစ်ယောက်ကိုလွမ်းနေရတာ ခံစားချက်ကကျင်တတ်တတ်နဲ့ မအီမသာကြီးပါလား ဆိုတာ သိသိလာရသည်။

ခုနေ့ဆို ညီညီကိုရီးယားကိုသွားတာ တစ်လပြည့်ပြီ။ လကုန်ထက်သုံးရက်လောက်စောသွားမယ်ဆိုပေမယ့် ထိုစောသွားရမယ့်ရက်ထက်ကို နှစ်ရက်ပိုစောသွားရတဲ့အတွက် နှစ်ရက်စာလောက် သုခနှမြောသည်။ ညီညီကဖုန်းတောင်တစ်ခါမှမဆက်။
"သင်တန်းသားဖြစ်သွားရင် ဖုန်းသုံးလို့မရတော့ဘူး" လို့ ညီညီပြောဖူးပေမယ့် သင်တန်းသားမှမဖြစ်သေးတာ ဖုန်းတော့ဆက်သင့်တယ်မဟုတ်လား။

အိမ်မှာတစ်ယောက်တည်းကျန်ခဲ့သည့် သူ့အဖေ ဦးလေးဆီတော့ ဆက်ကောင်းဆက်နိုင်ပေမယ့် သုခကဘယ်သိနိုင်ပါ့မလဲ။ ဘယ်အချိန်ဖုန်းဆက်လဲ ဘာတွေပြောလဲဆိုတာသိခွင့်မရ။ တစ်ခါတလေ "ရော့ ညီညီကမင်းနဲ့ပြောချင်လို့တဲ့"ဟု ဖြစ်လာရင်ကောင်းမည်ဟုတွေးမိသည်။ ဒါမှမဟုတ်လည်း သူ့ဖုန်းကိုဆက်ပေါ့။
ညီညီကိုယ်တိုင် ပြည်ကနေဝယ်ပေးထားတဲ့ Model မြင့်ဖုန်းက ညီညီမှမခေါ်ရင်
အဝင်ကောလ်မရှိ။

နေနိုင်လိုက်တာ ဂုဏ်ရည်ညီညီရယ်။

သုခမှာသာ ထိုင်လည်းလွမ်း အိပ်လည်းလွမ်းနဲ့။ ကျောင်းမှာဆိုလည်း အခန်းရှေ့ရောက်ရင် သူထိုင်နေကျနေရာလေးကို လှည့်လှည့်ကြည့်မိတာ။ အဲ့လိုလှည့်လှည့်ကြည့်မိလို့လည်း တစ်လောက သူခိုးလူမိသွားရသေးသည်။ သက်နှင်းခန့်ထင်မိတာခံရခြင်း။

IDOLWhere stories live. Discover now