12 (Uni)

445 48 6
                                    

အသံတိတ်ထမင်းဝိုင်း......

ထမင်းစားပွဲတွင် ဇွန်းသံခက်ရင်းသံများသာ ပုံမှန်ထွက်လျက်ရှိသည်။ လူသုံးယောက် မျက်နှာချင်းဆိုင်စားနေကြသော်လည်း တစ်ယောက်မှစကားမဟမိကြသဖြင့် လေထုသည်အေးတိအေးစက်နိုင်နေ၏။

အတိအကျပြောရရင် ၂ ရက်တိတိ၊ ထမင်း ၇နပ်စာမျှကြာကြာ အိမ်တွင်းအသံတိတ်တိုက်ပွဲစတင်ဖြစ်ပွားနေခြင်းဟုဆိုနိုင်သည်။

အကြောင်းစုံကတော့ လွန်ခဲ့သည့်သုံးရက်ခန့်က ဆိုရှယ်မီဒီယာပေါ်တွင် "အဆိုတော်သက်မင်းခန့်ထင်နှင့် သရုပ်ဆောင်မင်းသမီးရောင်စဥ်လှိုင်းတို့ အတန်းတွင်းချိန်းတွေ့နေ" ဟူသော သတင်းများပုံများ ပလူပျံအောင်တက်လာပြီး ထိန်းမနိုင်ခဲ့ချိန်မှစတင်သည်။ ကာယကံရှင်နှစ်ဦးကိုယ်တိုင် ဖြေရှင်းပြီးသည့်တိုင် သတင်းများသည် ငွေ့ငွေ့လေးတော့ရှိနေကြသေးသည်။

ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ကိုး။
ကိုယ့်ကိုယ်ကိုယ်မထိခိုက်ဖို့ကလွဲရင် သူများထိချင်ထိပါစေ "ဖြတ် ဖြ​တ်"ဆိုပြီးလက်ချောင်းလေးတွေအနည်းငယ်လှုပ်လိုက်ရုံနဲ့ စိတ်အာသာပြေဝင်ယောင်လို့ရနေတဲ့ခေတ်ကိုး။

ရောင်စဥ်ကတော့ ဆိုရှယ်မီဒီယာက သုံးတတ်ရင်အကျိုးပေးသလောက် မသုံးတတ်ရင် အဆိပ်အတောက်လည်းများလွန်းသည်ဟုထင်သည်။ ကိုယ့်ရဲ့လတ်တလောလှုပ်ရှားမှုလေးတွေကို ပရိတ်သတ်တွေမပြတ်သိနေဖို့အတွက်သာ ဖွင့်ထားရခြင်းပင်။ ကိုယ့်တစ်ယောက်တည်းဆို သုံးချင်မှသုံးမိမှာ။ နှုတ်ကမထွက်ရတိုင်း ကီးဘုတ်တစ်ခုပေါ်မှာ စည်းစောင့်မှုမရှိကြဘဲ လျှောက်ရေးကြ ဇကာချဲ့ကြ ဝေဖန်ကြ တောင်ရေးမြောက်ရေးလုပ်ကြ။

ရောင်စဥ်က မင်းသမီးဆိုတော့လည်း တစ်ခုမဟုတ်တစ်ခု ခေါင်းစဥ်အမျိုးမျိုးနဲ့အရေးခံနေရမှာပဲဆိုတာ သိပါသည်။ ဟိုတစ်ပတ်ကမှ "တက်သစ်စမင်းသမီးအသစ် ရောင်စဥ်လှိုင်း ပွဲဦးထွက်ကားမှာပင် များစွာချီးကျူးခံနေရ" "နောက်တက်လမ်းများစွာရှိသည့်မင်းသမီးတစ်လက်ဟု ​ထင်ကြေးပေးနေကြ" "အကယ်ဒမီရထိုက်သည်ဟု တစ်ကြိုပေးခြင်းခံနေရ" စသဖြင့် အများကြီးရေးခံခဲ့ရပြီ။

IDOLWhere stories live. Discover now