"ဒီနေ့ကစပြီး Artist-K ရဲ့မန်နေဂျာအဖြစ်တာဝန်ယူသွားမယ့် ဇေသုခ ဖြစ်ပါတယ်ခင်ဗျာ။ ကူညီပေးပါဦး"
ညီညီ့မှာပါးစပ်အဟောင်းသားနဲ့။ ဖြစ်လာလိမ့်မယ်လို့ တကယ်ထင်မထားတဲ့ကိစ္စကြီး။
"ယေး....မိုက်ပြီကွ"
"မင်းနဲ့ဆုံဖို့ဖြစ်လာလို့ အရှေ့မှာလူမမြဲတာပဲဖြစ်ရမယ်။ ခုတော့လူမှန်တွေ့ပြီပေါ့ကွာ"
"Artist-K ရဲ့မန်နေဂျာလို့မထင်ဘဲ မန်ဘာအသစ်လို့ထင်နေဦးမယ်"
ညီညီကလွဲလို့ကျန်တဲ့သူတွေ အကြီးအကျယ်ပျော်နေကြသည်။ မေမေကသူ့လက်ထောက်ကို ကြည်ကြည်ဖြူဖြူလွှတ်ပေးလိုက်တယ်တဲ့လား။ ညီညီကမပျော်တာမဟုတ်။ ပျော်ပါတယ်။ ပျော်တာထက်အံ့သြနေတာ။ ဇေ သူတို့မန်နေဂျာဖြစ်လာလို့ဆုတ်ယုတ်သွားမှာမျိုး လုံးဝမရှိမှာလည်းသိသည်။
မေမေနဲ့ CEO ဆောလ်တို့တိုင်ပင်ပြီး ဇေ့ကိုမန်နေဂျာအဖြစ်လာခိုင်းတာတဲ့။ ဇေကတော့ မေမေစေရာသွား ထားရာနေမှာ။ မလုပ်ချင်ရင်မလုပ်ချင်ဘူး ငြင်းရမှာပေါ့။ ကိုယ့်ကြောင့်တင်မဟုတ်ဘူး အဖွဲ့ကြောင့်ပါပိုပင်ပန်းရတော့မှာ။
မရဘူး မင်းမန်နေဂျာလုပ်လို့မရဘူး။"အပြောနဲ့အလုပ်နဲ့လည်းမကိုက်ဘူး"
ညီညီ မြန်မာလိုပြောလိုက်တာမို့ မန်ဘာတွေက ဘာလဲဆိုသည့်အကြည့်နဲ့ ကြည့်လာကြပေမယ့် နားမလည်ကြ။ ဇေသာ မျက်ခုံးနှစ်ဖက်ပင့်သွားသည်။ သူလာခြင်းကိုကိုယ်မကြိုဆိုမှန်း ကိုယ့်မျက်နှာတစေအရိပ်အကဲခတ်နေတတ်တဲ့သူ သိမှာပေါ့။
"မင်းပြောတော့မန်နေဂျာမမြဲတဲ့အဖွဲ့မှာမလုပ်ချင်ဘူးဆို။ ခုတော့ဘာလို့လာလုပ်လဲ"
"ဒီတိုင်းပဲ..... အဲ့လိုဖြစ်သွားတယ်"
ပြန်ဖြေပုံကဘုဆတ်ဆတ်။ အမြင်ကပ်လိုက်တာ။
"ကုမ္ပဏီကိုပြန်....။ မင်းကိုမန်နေဂျာအဖြစ်လက်မခံဘူး။ မန်နေဂျာလုပ်မယ့်သူတွေပေါတယ်"
ဘာသာစကားမတူ၍ မျက်နှာရိပ်ကိုသာကြည့်နေကြသည့်မန်ဘာများသည် မြန်မာနှစ်ယောက်အခြေအနေတင်းမာနေသည်ဆိုတာ သိလာကြ၏။