လူအုပ်ထဲမှာ သူ့နာမည်ကိုရှာရတာသိပ်လွယ်သည်။ နိုင်ငံပေါင်းစုံဘာသာစကားများထဲကမှ သူ့နာမည်"သက်မင်းခန့်ထင်"ဆိုတာကြီးကို မြန်မာအက္ခရာစာလုံးအကြီးကြီးရေးပြီး ကိုင်မြှောက်ထားတဲ့ ဇေသုခလင်းကိုလွယ်လွယ်ကူကူပင် ရှာတွေ့လေသည်။
အင်ချွန်းလေဆိပ်ရောက်တော့ ကိုယ့်နိုင်ငံကလေဆိပ်ထက်ပင် ပိုအဆင့်အတန်းမြင့်သေးသည်။ တစ်ကမ္ဘာလုံးကို ထူးခြားတဲ့ K pop ဂီတနဲ့သိမ်းပိုက်ထားသည့် ကိုရီးယားမြေသည် တစ်ကမ္ဘာလုံးကလူတွေရဲ့ အာရုံစိုက်ရာနေရာတစ်နေရာဖြစ်လာတာ အားလုံးရဲ့အမြင်ပင်။
Billboard, Youtube, Spotify တို့လို Globalization Music Streaming Platform တွေမှာ အနောက်တိုင်းအဆိုတော်များနဲ့အတူ ရင်ဘောင်တန်းလာနိုင်သည့် အဆိုတော်အဖွဲ့ပေါင်းများစွာတစ်စုတစ်စည်းတည်းရှိရာ နိုင်ငံတစ်ငံဖြစ်လာသည်။ ဒီမြေအပေါ်ခြေချလိုက်မိရင်ပဲ မိမိရဲ့ နိုင်ငံကျော်အဆိုတော်ဆိုသည့်ဖြစ်တည်မှုကို သေးငယ်သွားစေသည့်အပြင် မေ့ပါမေ့ပျောက်သွားစေသည်အထိ။
လာကြိုတဲ့သူကလွဲ၍ ကိုယ့်ကိုဓာတ်ပုံဝိုင်းရိုက်ကြမယ့် ပရိတ်သတ်မပြောနဲ့ သိတဲ့သူတောင်မရှိနေပေ။
ကိုရီးယားကိုလာသည့်ကိစ္စကိုလည်း ညီညီ့ကိုပေးမသိထား။ Suprise လုပ်ချင်၍ မပြောထားခြင်းပင်။ အန်တီ့ကိုအရင်ဆက်သွယ်လိုက်တော့ အန်တီက လေယာဥ်ကမှအစအကုန်စီစဥ်ပေးသည်။ တည်းဖို့ကိုလည်း သူ့အိမ်မှာပင်တည်းခိုင်းသည်။ လာကြိုဖို့ကိုတောင် သူ့အတွင်းရေးမှူး ဇေသုခလင်းကိုလွှတ်ပေးထားသည်လေ။
အန်တီက ဇေသုခလင်းကိုလွှတ်လိုက်မယ် ပြောလို့သာ ရှေ့ကလူက ဇေသုခလင်းမှန်းသိတာ ခုမြင်နေရသည့်လူပုံက တကယ်ကိုမမှတ်မိချင်စရာ။ အရင်ကထက်ပိုသားနားနေပြီး ရုပ်ရည်ကလည်းမခေဆိုတော့ ရုတ်တရက် Idol လို့တောင်ထင်သွားသေးတာ။
"အထုတ်တွေက ဒါအကုန်ပဲလား"
Luggage တစ်လုံးသာတွေ့၍ မေးလာခြင်းဖြစ်ကြောင်း သက်ထင်သိလိုက်သည်။
အိမ်ပြောင်းလာတာမှမဟုတ်တာ။ တစ်ပတ်စာကွက်တိယူလာတာ။"အင်း ဒီတစ်အိတ်ပဲ"
"သွားကြမယ်လေ။ အရှေ့ကစောင့်နေ ကားထုတ်ပြီးလာခဲ့မယ်"