ကျောင်းပြန်ဖွင့်ပြီ.....။
တစ်ရက်တစ်ရက် တစ်ပတ်တစ်ပတ် ဘာမှလည်းမကြာလိုက်။ ဘာလိုလိုနဲ့ နိုဝင်ဘာလကုန်ဖို့ရက်နည်းနည်းသာလိုတော့သည်။
ဆောင်းဦးရာသီဖြစ်သော်လည်း ရန်ကုန်ဆောင်းသည် ဆောင်းရောက်နေမှန်းတောင်မသိသာသည့်ဆောင်းပင်။"ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ.." ဆိူသည့်သီချင်းလိူ မြူတွေမြိုင်မြိုင်ကျအောင်ချမ်းလွန်းတဲ့ဒီဇင်ဘာမှာတောင် ရန်ကုန်ဆောင်းက မိုးအေးသလောက်လေးအေးတာ။
အနွေးထည်တွေဝတ် မာဖလာပတ်ပြီး ရှိုးထုတ်ချင်လို့မှ ထုတ်မရတဲ့ဆောင်း။မကြာခင်ဒီဇင်ဘာလထဲရောက်တော့မည်။ ကျောင်းသားတွေရဲ့လက်ဆောင် ဒီဇင်ဘာကျောင်းပိတ်ရက်ကြီးကို ညီညီမျှော်နေမိခြင်းဖြစ်ပါသည်။
ညီညီအတန်းထဲရောက်တော့ ထူးထူးဆန်းဆန်း ရောင်စဥ်ကအရင်ရောက်နှင့်နေပြီ။ နဖူးကိုလက်ဆစ်များဖြင့်ထောက်၍ ခေါင်းငုံ့ထားသည့်ရောင်စဥ့်ကိူကြည့်ရတာ ခါတိုင်းနေ့များထက်အားအင်များ လျော့နည်းနေဟန်ရှိသည်။ မကြုံစဖူးအခြေအနေမို့ တန်းသတိထားမိသွား၏။
ပေါက်ပေါက်သံများညံနေကျအတန်းထဲတွင် ကျောင်းသားကျောင်းသူတို့သည် တိတ်တိတ်လေးသာ လှုပ်ရှားနေကြသည်။ စိတ်ထဲပဲထင်လို့လားမသိ။ အခန်းထဲဝင်လာရတာမသိုးမသန့်ကြီး။ အခန်းက အရင်နေ့တွေကလောက်မဆူညံနေပဲ အာရုံတွေကတစ်ဦးတစ်ယောက်ထဲစီမှာ စုနေကြသလိုမျိုး။ ပြီးမှ ရောင်စဥ်ခေါင်းငုံ့နေတဲ့ဆီ မျက်လုံးတွေရောက်ရောက်နေကြတာမှန်း သတိထားမိလိုက်၏။
လွယ်အိတ်ကိုခုံထဲထည့် ဘယ်ညာလှည့်ကြည့်ပြီးစနည်းနာကြည့်တော့ နောက်အတန်းနားက ယမင်းတို့ တိုးတိုးလေးပြောနေကြလေသည်။
"ဟဲ့ သော်ဇင်ဖြိုးက ဘာဖြစ်တာလဲ"
"ဘာဖြစ်ရမလဲ။ ရောင်စဥ်နဲ့ကိုသက်ထင်နဲ့တွဲနေပါတယ်ဆိူပြီး အရင်ဆုံးတင်တာသူလေ"
ညီညီနားစွင့်ရပြီ။ ကိုယ်သိချင်နေတဲ့အကြောင်းအရာလည်းဖြစ်နေတော့ အတော်ဖြစ်သွား၏။
"ဟယ် အဲ့တော့"
"နင်များတုံးချက်နော်။ ဘာမှကိုမသိဘူး ဒီလောက်ပွနေတဲ့ကိစ္စကို"