ညီညီတို့ ပြည်မြို့နယ်ဧရိယာထဲရောက်နေခဲ့ပြီ။
စီစဥ်ထားသလို ညီညီနဲ့သုခ နှစ်ယောက်တည်း ခရီးထွက်လာခြင်းပင်။ ပိုရင်းနှီးချင်ရင် ခရီးထွက်ရတယ်လို့ မေမေကပြောသည်။
ညီညီနဲ့သုခကြားက ကိစ္စလေးတွေကို မေမေ့ကိုပြောပြတော့ မေမေက ညီညီတို့ကိုပိုရင်းနှီးစေချင်သည်တဲ့။ ညီညီအပေါ် Idol တစ်ယောက်ဖြစ်ဖို့ မေမေရည်မှန်းထားသလိုပါပဲ သုခအပေါ်မှာလည်း မေမေတစ်ခုခုမှန်းထားပုံရသည်။ သုခကို တစ်ခုခုဖြစ်အောင် ဖော်ဆောင်ချင်နေတဲ့ပုံမျိုးကိုမြင်ရပြီး အသေအချာကိုပုံသွင်းနေဟန်ရှိသည်။
အသေချာဆုံးကတော့ ညီညီနဲ့ပတ်သတ်လိမ့်မည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် ညီညီနဲ့သုခကိုပိုရင်းနှီးအောင် ပိတ်ရက်ခရီးထွက်မည့်အကြံကို မေမေကိုယ်တိုင်ပေးထားခြင်းကြောင့်ပင်။
ညီညီ ကိုယ်တိုင်ကားမောင်းပြီး ခုတော့ ပြည်အထိရောက်လာခဲ့ချေပြီ။
"Golden Guest Hotel"
ပြည်မြို့ထဲမဝင်မီ ဆောက်ထားသည့် ခမ်းခမ်းနားနားဟော်တယ်တစ်ခုတွင် အထူးခန်း နှစ်ယောက်ခန်း တစ်ခန်း ရက်ပိုင်းစာမျှ ဘိုကင်လုပ်လိုက်သည်။ ဟိုတယ်သည်အပြင်အဆင်ပိုင်းဆိုင်ရာရော တစ်သီးတစ်သန့် ထီးထီးမားမားဆောက်ထားကာ အဆင့်မြင့်ပုံပေါ်လေသည်။ ဘေးတွင်း ကျွန်းတောကြီးရှိတာမို့ ရှုခင်းလှလှကြီးမဟုတ်သည့်တိုင် တိတ်ဆိတ်ငြိမ်သက်မှုတော့ရလိမ့်မည်ထင်သည်။
သုခကတော့ ညီညီနဲ့နှစ်ယောက်တစ်ခန်းနေရမှာ အနေကျုံ့ဟန်ဖြင့် ထိုင်မလိုထမလို ဖင်တကြွကြွဖြစ်နေ၏။ တစ်ယောက်တစ်ခန်းငှားမယ်လုပ်တုန်းက ပိုက်ဆံကုန်မှာစိုးလို့ နှစ်ယောက်ခန်းငှားဖို့ပြောတာ သူမဟုတ်တာကျနေတာပဲ။
"သုခ နားလိုက်ဦးလေ....ကားပေါ်မှာအိပ်ရေးမဝဘူးမလား"
ညီညီ သက်တောင့်သက်သာပင်ပြောလိုက်သည်။ ထိုအခါ သုခကတမင်ရွဲ့ပြောတယ်ထင်သွားသည်ထင်၏။ မျက်နှာတစ်ချက်မှုန်ကုတ်သွားလေသည်။
"နားရမှာကမင်းပါ။ အိပ်လိုက်လာတဲ့ငါတောင်မဝဘူးဆိုရင် မင်းလည်းဘယ်ဝမလဲ"