11 (Uni)

459 46 11
                                    

ရုံးခန်းမှ စာသင်ခန်းသို့အပြန်လမ်းမှာ ညီညီ့မှာ အတွေးပေါင်းစုံရောယှက်နေသည်။

အဲဒီ့အတွေးတွေကို သေသေချာချာခွဲခြမ်းစိတ်ဖြာကြည့်ရရင် အစ်ကိုနဲ့တွေ့ရမယ့်အချိန်​တွေ တလွဲကုန်သွားလို့နှမြောတဲ့စိတ်၊ အစ်ကို စိတ်ဆိုးနေပြီလို့စိတ်ခုနေတဲ့စိတ်၊ ရန်ပွဲမှာပါလိုက်ရကောင်းလား နောင်တရတဲ့စိတ်၊ ပါလိုက်လို့လည်း ဇေသုခလင်းကို ကယ်လိုက်နိုင်လို့ သက်သာမိတဲ့စိတ်၊ ကျောင်းစုံညီမှာအစ်ကို ပါဝင်အားဖြည့်မယ်ဆိုတာကြားရလို့ပျော်တဲ့စိတ် ​စုံလို့စုံလို့။ စက္ကန့်အပိုင်းအတွင်း အတွေးတွေကတစ်ခုကိုတစ်ခု အုပ်မိုးခြယ်လှယ်ကြလျက် ပျော်လိုက်ဝမ်းနည်းလိုက်ဖြစ်နေသည်။

ရှည်လျားလှသည့်ကျောင်းဆောင်အတန်းလိုက်ကြီးဆီတွင် စာရွတ်သံစာအံသံတွေကြားနေရသည်။ ပဲမှုန့်အကျက်ရောင်နံရံများနှင့် အညိုရောင်တိုင်လုံးများဖြင့် တစ်ခမ်းတနားတည်ဆောက်ထားသည့် ကျောင်းတော်ကြီးသည် သိပ်ကိုခမ်းနားမှန်း ခါတိုင်းလိုအဖြူအစိမ်းတွေ ယောက်ယတ်ခတ်မနေတဲ့အချိန်မှာ ကျောင်းရှေ့ကနေစီးမြင်ရသည့်အခါ သေသေချာချာသိလာရသည်။

ကျောင်းဆောင်တွေလည်းအများကြီး။ မူလတန်းဆောင် အလယ်တန်းဆောင် အထက်တန်းဆောင်စသဖြင့် ခွဲထားသေးသည်။ ရန်ဖြစ်တဲ့လေးယောက်နဲ့အတူ ထွက်လာတာပေမယ့် ဘယ်နားပြတ်ကျန်ခဲ့သည်မသိပါ။

စာသင်ချိန်ကြီးမှာ စာသင်ခန်းအပြင်ဘက်ရောက်နေရတာကိုပဲ နည်းနည်းစိမ်းသက်နေမိသည်။ အပေါ်ထပ်စာသင်ခန်းတွေဆီမှ လှမ်းကြည့်နေကြသလိုခံစားမိ၍ ခေါင်းကိုငုံ့ထားကာလျှောက်မိသည်။

အမှန်တော့ ဒါညီညီ့စိတ်ထင်ပါပဲ။ လူတွေရှေ့ကဖြတ်သွားရင်၊ အခန်းထဲကိုယ်ဝင်လာရင် လူတွေငါ့ကိုကြည့်နေကြတယ်ဆိုတဲ့စိတ်က ညီညီတို့အရွယ်တွေမှာတွေးတတ်ကြတယ်တဲ့။ အမှန်တော့ ကြည့်​နေကောင်းလည်းကြည့်နေကြမယ်။ ကြည့်ချင်မှလည်းကြည့်မယ်။ ကိုယ်ကတော့မဆီမဆိုင်အနေကျုံ့သွားမိတာသက်သက်ပါပဲ။

အခန်းဆီသွားနေရာမှ ရုတ်တရက်သတိရလိုက်တာက ဂီတခန်းကိုပါ။ ခုချိန်က ဂီတချိန်လေ။ စာသင်ခန်းထဲမဟုတ်ဘဲ ဂီတခန်းထဲရှိနေမှာ။ ထို့ကြောင့်တစ်ဆစ်ချိုးကြီး လှည့်ရပြန်သည်။ ဆရာကြီးရုံးခန်းမှာပင် နာရီဝက်နီးပါးကုန်သွားခဲ့သည်။ အလိုလိုမှနောက်ကျပါတယ်ဆို ထပ်နောက်ကျရပေဦးမည်။

IDOLWhere stories live. Discover now