သုံးရက်လောက်ကြာပြီးတဲ့အခါ အစ်ကို့အတွက်သီချင်းစပ်တာပြီးသွားခဲ့သည်။ ဇာတ်လမ်းက သုခဇာတ်လမ်းကိုယူရေးထားတာဆိုတော့ သုခကိုမေးခွန်းလေးတွေတော့ စစလေးမေးခဲ့သည်။
"မင်း ငြင်းခံလိုက်ရတဲ့အချိန်တုန်းက ဘယ်လိုခံစားရလဲ"
"ပိုမပြောဘူး။ ကမ္ဘာပြိုတော့မယ့်အတိုင်းပဲ"
"ခုရော ဆက်ချစ်သွားဦးမှာလား"
"ဟင့်အင်း။ လွှတ်ချလိုက်တော့မယ်။ ဆွဲထားရတာသိပ်ပင်ပန်းတယ်"
"ဒါဆို မေ့နိုင်ပြီလား"
"အင်း"
နောက်ဆုံးမေးခွန်းမှာ သုခကိုယ်တိုင် တည််တည်ကြည်ကြည်နဲ့ အင်း လို့ဖြေတော့ ညီညီပျော်ခဲ့ရသေးသည်။ ဘာလို့ဆို သုခကို အချစ်ကိုဘဝကြီးထင် အချစ်မှာကျရှုံးပြီး လေသွားတာမျိုးမဖြစ်စေချင်။
"ငါက သူမင်းသမီးမဖြစ်ခင်ကတည်းက ကြိုက်တာ"တဲ့ဆိုလို့ နှစ်တွေအများကြီး သစ္စာရှိရှိချစ်လာပြီးမှ လူသိရှင်ကြား အငြင်းခံရလိုက်ရတဲ့အခိုက်အတန့်မှာ နှလုံးသားတစ်ခုလုံးကြေကွဲရမှာပေါ့။ အကွဲကိုအကွဲတိုင်းမထားဘဲ အကောင်းအတိုင်းပြန်ဆက်မှာကို မျှော်လင့်နေခဲ့တာ။
ခုတော့မျှော်လင့်တဲ့အတိုင်း။ညီညီရေးချင်နေတာကလည်း အဲ့လိုဇာတ်ကြောင်းပဲ။ အချစ်ကြီး အချစ်စစ်တဲ့လူတစ်ယောက်။ ကိုယ်ချစ်တဲ့သူဆီက ခုတစ်ဘဝလုံးစာ ဆုံစည်းနိုင်ဖို့ လုံးဝမဖြစ်နိုင်တော့မှန်း သိသွားတဲ့အချိန်မှာ လုံးဝအပြိုပြိုအလဲလဲပေါ့။ ဒါပေမယ့် ပြိုလဲသွားတဲ့အတိုင်းမနေဘဲ ရအောင်ပြန်ထနိုင်ပြီး ဘဝကိုလူတစ်ယောက်အတွက်နဲ့ အချိန်တွေကုန်သွားရမှာ နှမြောတဲ့လူတစ်ယောက်။
နောက်ဆုံးသူ့ဘဝသူ ပေါ့ပါးစွာနဲ့လျှောက်လှမ်းမယ်။ ဒါပါပဲ။ သီချင်းနာမည်ကိုတော့ "မထိုက်တန်သူ"လို့ပေးထားသည်။
"ညီရယ် သီချင်းကကောင်းလိုက်တာကွာ"
အစ်ကိုက စာသားပါစာရွက်ကို အကြမ်းဖျင်းဖတ်ရင်းပြောသည်။ သံစဥ် Notes တွေပါ အကုန်
ထည့်တာမို့ သီချင်းတစ်ပုဒ်အတွက်အကုန်အပြီးအစီးလက်ဆောင်ဖြစ်သွားသည်။ သုခလည်း ကောင်းလိုက်တာဟုပြောပါသည်။
သကောင့်သားက ငိုတောင်ငိုသေးတာ။