"အစ်ကိုရေ ငါဝင်လာပြီနော်"
သက်နှင်းကအဲ့လိုပဲ။ သက်ထင်က အကြီးမို့လို့ အစ်ကိုတော့ခေါ်ပါရဲ့။ သူကိုယ်သူသုံးတာကျ ငါတဲ့။
"ဝင်ခဲ့"
"ချပ်"
"ဘာလဲ"
"ဘာမှမဟုတ်ဘူး ပျင်းလို့"
သက်ထင် မျက်စောင်းတစ်ချက်ထိုးပေးလိုက်သည်။
ပျင်းရင်လာရအောင် သူ့အခန်းက ကလေးကစားကွင်းလည်းမဟုတ်။ သူ့ကြည့်နေကျ ဒရမ်မာထဲကမင်းသားပုံတွေရှိတဲ့ ရုပ်ပုံကမ္ဘာကြီးလည်းမဟုတ်။ သူ့ကိုအပျင်းပြေစကားပြန်ပြောပေးလောက်အောင်လည်း ကိုယ်ကအားလပ်နေသူမဟုတ်ဘူး။ ခုတောင် ရောင်စဥ့်အတွက် ရည်ရွယ်ပြီးစပ်နေတဲ့သီချင်းကို ပြန်အကြောင်းဆက်နေတာ။
ကြားထဲသို့လောသို့လောတွေကြောင့် ဘယ်လိုမှခေါင်းပြန်စိုက်မရသေးလို့ ခေါင်းခဲနေခြင်းပင်။ ကိုယ့်ခံစားချက်တွေကြားမှာ ဓားစာခံဖြစ်နေရလို့ မပြီးပြတ်သေးတဲ့သီချင်းတစ်ပုဒ်က သနားစရာကောင်းလွန်းပါသည်။
ရောင်စဥ်နဲ့သူ ခုထိပြန်အဆင်မပြေသေးရင် ဒီနေ့ထိခဲတံကောက်ကိုင်မိဦးမှာမဟုတ်သေးပေ။
"ဘာလုပ်နေတာလဲ"
"သီချင်းရေးနေတာ။ စကားလာမပြောနဲ့ ကိုယ့်ဘာသာ K drama ကြည့်နေ"
"ကြည့်ရတာပျင်းလာလို့ပါဆို။ မပြောဘူးစိတ်ချ။ ကိုယ့်ဘာသာစပ်နေ။ အနားတစ်ယောက်ယောက်ရှိရင်ပြီးရော"
သက်နှင်းက သူ့အိပ်ရာပေါ်လှဲချပြီး သူ့ဖုန်းသူသုံးနေ၏။ တကယ်လည်းဘာသံမှထွက်မလာ။ ဒီချိန် ညီညီသာရှိရင် တကယ်အကူအညီဖြစ်မှာ။ အဲ့ကလေးက ဂီတနဲ့ပတ်သတ်တာမှန်သမျှ အကုန်စမ်းကိုရှိတာ။ တခြားသီချင်းဆိုရင်တော့ အကူအညီတောင်းမိကောင်းတောင်းမိပါရဲ့။
ညီညီဆိီက အကူအညီယူရတာကိုလည်း ဂုဏ်မငယ်ပါ။ ညီညီက တကယ့်ပါရမီရှင်အစစ်တစ်ယောက်မို့လို့ အောက်ကျို့သင့်ရင်ကျို့ရမှာပဲ။ ခုသီချင်းက ချစ်ရသူကောင်မလေးအတွက်မို့ စာသားတစ်လုံးချင်း တီးလုံးတစ်ခုချင်းကမှအစ ကိုယ်ပိုင်အိုင်ဒီယာပဲဖြစ်ချင်တဲ့ အာသီသလေးရှိနေ၍။