ဒီနေ့ ညီညီ ကိုရီးယားကိုပြန်ရမည်။
မပြန်ခင် နောက်ဆုံးလုပ်ဖို့ ကျန်နေသည့်အလုပ်တစ်ခုကျန်သေးသည်။ အစ်ကို့ကိုအဖြေပေးဖို့။အစ်ကိုကသုံးနှစ်ပြည့်မှပေးပါလို့ နောက်တစ်ခါထပ်ပြောရလောက်အောင် ရင်တွေခုန်နေသည်တဲ့။ ညီညီကတော့ အချိန်ထပ်မဆွဲချင်တော့။
လေဆိပ်ထိအစ်ကိုရောသက်နှင်းရောကလိုက်ပို့ပေးသည်။ ဇေနဲ့သက်နှင်းနဲ့ကို အစ်ကိုနဲ့နှစ်ယောက်တည်းစကားအတူပြောချင်လို့ခဏရှောင်ပေးခိုင်းထားတာမို့ ကားထဲမှာ ညီညီတို့နှစ်ယောက်တည်း။"ညီ .... ကိုယ်တကယ်ရင်တွေခုန်နေတယ်။ အငြင်းခံရမှာတော့မဟုတ်ဘူးမလားဟင်"
"အဖြေက သုံးနှစ်ကြာတဲ့အထိစဥ်းစားစရာမလိုတော့လို့။ မလိုချင်ဘူးလား"
"လို လိုချင်တာပေါ့။ ဒါ ဒါပေမယ့်...."
"ချစ်တယ်"
"ဟင်"
"ကျွန်တော် အစ်ကို့ကိုချစ်တယ်။ အစ်ကို့ကိုချစ်နေမိပြီ"
သက်ထင်ရင်ထဲမှာ စမ်းရေအေးအေးလေး တသွင်သွင်စီးသွားသလို။ ဘဝမှာ စကားလေးတစ်ခွန်းကြောင့်နဲ့ မင်သက်နေမိလိမ့်မယ်လို့မတွေးခဲ့ဖူးဘူး။ ပျော်တာထက် ပီတိဖြစ်တာ။ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူကတစ်ထပ်တည်းကျနေတာ ရင်ထဲမှာလှိုက်လှိုက်ပြီးတော့ကိုပျော်ရတာ။
"တကယ်...."
"အင်း"
"ဒ.. ဒါဆို ကိုယ်တို့ကချစ်သူတွေဖြစ်ပြီပေါ့"
"အင်းပေါ့"
"ဟား .... ကိုယ်ပျော်လိုက်တာညီရယ်။ ကိုယ်သိပ်ပျော်တာပဲ။ ညီ့ကိုတကယ်ချစ်တာမို့ ကိုယ့်အချစ်ကိုယုံပေးနော်"
"ယုံလို့ပဲ ချစ်မိသွားတာပေါ့။ တစ်ခုပဲ ညီတို့အကြောင်းကိုလူတွေပြောပြလို့မရသေးတာကိုပဲ။ အစ်ကိုစိတ်အနှောင့်အယှက်..."
"မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး။ ကိုယ်နားလည်တာပေါ့။ ညီကခုမှတက်သစ်စ။ Dating သတင်းထွက်ရင်ဘယ်လိုလဲဆိုတာကိုယ်သိပါတယ်။ Public ချပြီးမတွဲရလည်းဘာမှမဖြစ်ဘူး။ Silent တွဲရလည်း ညီက ကိုယ့်ချစ်သူပဲ"