2 (Uni)

792 61 2
                                    

"ဒေါက် ဒေါက်"

"မမလေး ကျောင်းသွားဖို့ ကားအဆင်သင့်ဖြစ်ပြီတဲ့"

အိမ်အကူမလေး မိခိုင်အသံသည် ကျွန်းတံခါးချပ်ကြီးကိုကျော်၍ မှန်တင်ခုံရှေ့က ရောင်စဥ့်နားထဲ ပီပီသသရောက်လာသည်။

"အင်း အင်း ခဏနေဆင်းလာမယ်လို့"

အခန်းအပြင်မှာ မိခိုင်ကိုမမြင်ရသော်လည်း အောက်သို့ပြန်ဆင်းသွားပြီဆိုတာ သိပါသည်။

အမှန်တော့ ရောင်စဥ် ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေတာကြာပြီ။ ဆက်တိုက်လာနေတဲ့ ဖုန်းတွေကြောင့် အောက်ဆင်းမလာအားသေးတာ။ ဖုန်းလာတယ်ဆိုတာကလည်း ကိုယ့်ကိုဂုဏ်ပြုစကားတွေ ပြောပေးကြတဲ့ဖုန်းတွေလေ။
ပရိတ်သတ်လောက်ဆို မကိုင်ဘဲထားလို့ရသေးသည်။ ခုက တကယ့်မိတ်ဆွေရင်းတွေချည်းပဲဆိုတော့ မကိုင်လို့ကမရ။ အိမ်ဖုန်းကိုဆက်ပြီး ဂုဏ်ပြုကြပါတော့လား။ ဘယ်နှယ့် သူများကိုယ်ပိုင်ဖုန်းကိုပဲတွင်တွင်ဆက်နေကြတာလဲ။

ကိုယ့်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကား Red carpet Show မှာကတည်းက ပြုပြီးသားလူတွေကလည်း ဖုန်းနဲ့ထပ်ပြုလို့ပြု။ တမင်အကြောင်းရှာပြီး ဖုန်းဆက်တဲ့သူတွေဆက်။ မိဘအချင်းချင်း မိတ်မပျက်စေချင်လို့သာ တချို့ထိကပါးရိကပါးစကားတွေကို လျစ်လျူရှုထားတာ။

အကောင်ကြီးကြီးတွေရဲ့သားတွေနှုတ်ကထွက်လာတဲ့ စကားတွေများ ရဲတင်းပြီး တချို့ဆို လွန်ကဲလိုက်တာမှ။ ဒါတောင် ရောင်စဥ့်လိုအနေတည်တဲ့လူဖြစ်တာရယ် ဒယ်ဒီရဲ့အရှိန်အဝါကြောင့်ရယ်ကြောင့် ပိုဆိုးတဲ့စကားတွေထွက်မလာတာ။ လူကုံထံရဲ့သားသမီးတွေဆိုတော့ နိုင်ငံတစ်ဝှမ်း အနည်းအများလူသိများတဲ့ ရုပ်လှလှလေးတွေဆိုရင် စိတ်ကြိုက်လုပ်လို့ရတယ်ထင်နေပုံ။

ထင်မှာပါလေ။ အနုပညာလောကမှာ နေရာဖယ်မပေးချင်ကြတဲ့လူတွေ၊ အသစ်အဆန်းတွေဆိုမြေတောင်မြှောက်ပေးဖို့ ဝန်လေးတတ်ကြတဲ့သူတွေကြောင့် မြန်မာ့ရုပ်ရှင်လောကက မတိုးတက်နေတာ။ တစ်ခါလာလည်းဒီလူ တစ်ခါလာလည်းဒီလူနဲ့ ပိတ်ကားကြီးထက်မှာ မရိုးနိုင်အောင်ရှိနေတဲ့မျက်နှာဟောင်းတွေမှ အရည်အချင်းရှိတယ်ထင်ကြတာလေ။ ဒါကြောင့်လည်း အရည်အချင်းရှိတဲ့မျက်နှာသစ်လေးတွေက အနုပညာထဲရောက်ဖို့ ဘေးလမ်းတွေရှာရတော့တာပေါ့။

IDOLWhere stories live. Discover now