V5 Chapter 1

176 12 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 1 - အကျပ်အတည်း

သူ့မျက်လုံးတွေကို ဖွင့်လိုက်တော့ ပထမဆုံးမြင်ရတာက ခမ်းနားတဲ့ မျက်နှာကျက်တစ်ခုကိုပါ။ မြင်နေရတဲ့ မျက်နှာကျက်ကို မက်ဒါနာရင်းနှီးတယ်။ အခုလိုရှေးဆန်ပြီး ခမ်းနားတဲ့မျက်နှာကျက်မျိုးက သူ့အဖိုးရဲ့နေအိမ်ဖြစ်တဲ့ ဆူဗာနာနန်းတော်မှာပဲ ရှိတာပါ။

"ငါ ဆုဗာနာကို ပြန်ရောက်နေတာလား။ ငါ့ကို ဘယ်သူခေါ်လာတာလဲ။" ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့ သူ့အိပ်ခန်းထဲမှာ တစ်ယောက်မှရှိမနေတာကို တွေ့ရတယ်။ သူ့နှလုံးခုန်သံကို တိုင်းတဲ့စက်နဲ့ သူ့ခန္ဓာကိုယ်အရေပြားထဲကို ထိုးထည့်ထားတဲ့ ဆေးပြွန်တွေကြောင့် သူမသက်မသာခံစားလာမိတယ်။

"ဟုတ်သားပဲ... ငါ့အစွမ်းတွေအကုန်လုံးကိုသုံးပြီး အန်းနပ်စ်ကိုအနိုင်ယူရင်း ကောင်းကင်ပေါ်က ပြုတ်ကျလာတာပဲ။ ငါ့ကိုယ်ငါ သေပြီလို့တောင်ထင်နေတာ။"

အဲဒီအတွေးနဲ့အတူ မက်ဒါနာတစ်ယောက် သူရှိနေတဲ့အိပ်ရာပေါ်ကနေ ထဖို့ကြိုးစားပေမဲ့ သူ့တစ်ကိုယ်လုံးက ကြွက်သားတွေဟာ အားပျော့သလိုဖြစ်နေပြီး သူ့လက်တွေကို လှုပ်ရှားနိုင်တယ်ဆိုရုံပဲရှိတယ်။ သူ့ခြေထောက်တွေကတော့ လုံးဝလှုပ်ရှားမလာဘူး။ အဲဒီခြေထောက်တွေက သူ့ခြေထောက်တွေ မဟုတ်တော့တဲ့အတိုင်းပဲ။

အန်းနပ်စ်ကြောင့် သူ့ခန္ဓာကိုယ်က အရိုးမှန်သမျှကြိုးကုန်တဲ့ ဖြစ်ရပ်ကိုပြန်မှတ်မိလာတဲ့နောက်တော့ သူ့စိတ်ထဲ စိုးရိမ်မှုတစ်ခုက ချက်ချင်းတိုးဝင်လာတယ်။သူ့ကို ဒဏ်ရာကြီးကြီးမားမားမရအောင် နောက်ကနေ ဖမ်းထားပေးခဲ့တဲ့ မိန်းကလေးအကြောင်း သူပြန်တွေးမိတော့ သူမနေနိုင်ဘဲ နာမည်တစ်ခုကို အော်ခေါ်မိတော့တယ်။

"အေမီ... အသုံးမကျတဲ့ကောင်မစုတ်လေး... နင်ဘယ်ရောက်နေတာလဲ။ နင့်သခင်မလေးငါ နိုးနေပြီဟဲ့။"

ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ အကြိမ်ကြိမ်အခါခါ အော်ခေါ်နေတာတောင် ဘယ်သူမှရောက်မလာဘူး။ တကယ်ဆိုရင် သူ့အဖိုးရဲ့နန်းတော်မှာက နန်းတွင်းသူတွေ အများကြီးရှိတယ်။ အေမီက အဝေးရောက်နေလို့ သူ့အသံကိုမကြားဘူးဆိုရင်တောင် နန်းတွင်းသူတွေထဲက တစ်ယောက်ယောက်ကြားပြီး တုံ့ပြန်ရမှာပဲမဟုတ်လား။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now