V7 Bonus Chapter 2

43 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
အောက်တိုဘာလအတွက် Bonus Chapter

တိတ်ဆိတ်တဲ့ည။

နယူးယောက်ဟီးရိုးကျောင်းမှာ နောက်ဆုံးကျန်တဲ့ဆရာတောင် စာမေးပွဲအဖြေလွှာတွေကို မီးခံသေတ္တာထဲ သိမ်းပြီးပြန်သွားပြီ။ အိမ်စေဝတ်စုံဝတ်ထားတဲ့ ညိုချောအိမ်စေမလေးက ​ကျောင်းဝင်းတံခါးကို သော့ခတ်ပြီး ကျောင်းအနှံကတံခါးတွေ ပိတ်ထားမထား လိုက်စစ်တယ်။ နောက်တော့ အဲဒီကောင်မလေးက ဝန်ထမ်းအဆောင်ကိုပြန်သွားပြီး တံခါးပိတ် ဂိမ်းစဆော့တယ်။ ရိုးရိုးဆော့ရုံတင်မကဘဲ နားကြပ်တပ်ပြီး Twitchမှာ တိုက်ရိုက်လွှင့်နေတာ။

ချောင်းကြည့်နေတဲ့ လူက ညကြည့်မျက်မှန်ကနေ အကြည့်ခွာလိုက်ပြီး ပြုံးလိုက်တယ်။ သူ့ရဲ့ကျိုးနေပြီး ပြန်စိုက်မထားတဲ့ သွားကြားကနေ အာငွေ့တချို့ထွက်လာတာမြင်ရတယ်။ ​မြင်ရရုံနဲ့တင် ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့သူမှန်း သိနိုင်တယ်။

"အချိန်ကျပြီပေါ့လေ၊ ကျောင်းဝင်းထဲမှာ ခြံစောင့်ကောင်မလေးတစ်ယောက်ပဲ ကျန်တော့တယ်။"

သူက ပြောပြောဆိုဆိုနဲ့ ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ပြန်ကောက်ထည့်တယ်။ သတ္တုတူရွင်းပြား၊ ကိုမန်ဒိုဓာတ်မီးအသေးစားနဲ့ အမည်းရောင်အိတ်တစ်လုံးကို သူကောက်ယူလိုက်တယ်။ နောက်တော့ အိတ်ထဲကနေ အနက်ရောင်ခေါင်းစွပ်ကိုဆွဲထုတ်ပြီး ခေါင်းမှာစွပ်လိုက်တဲ့အတွက် သူ့မျက်နှာကို ဘယ်သူမှမမြင်ရတော့ဘူး။

သေချာပေါက် ဒီလူက ညဘက်မှာမှလှုပ်ရှားတတ်တဲ့
ညကြောင်တွေထဲက တစ်ယောက်ပါ။ အပျော်တမ်းသမားတစ်ယောက်မဟုတ်ကြောင်းကို သူ့ရဲ့ညကြည့်မျက်မှန်နဲ့ အခန်းအနှံပြန့်ကျဲနေတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဒီလူက ရက်ပေါင်းများစွာကြာတဲ့အထိ ဒုက္ခခံပြီးတော့ ဒီနေရာကနေ ကျောင်းကိုချောင်းနေခဲ့တာ။

"အမေရေ၊ သားကျောင်းသွားပြီနော်။ ဟဲဲဟဲဟဲ... ပညာသင်ဖို့တော့မဟုတ်ဘူး၊ ခိုးဖို့ဝှက်ဖို့။"

သူခိုးက အခန်းထဲကနေမထွက်ခင် ထိုင်ခုံတစ်လုံးနဲ့တွဲပြီး အချည်ခံထားရတဲ့ ဆံပင်တွေဖြူဖွေးနေတဲ့ အဖွားအိုတစ်ဦးကို ရယ်ပြလိုက်တယ်။ သေချာတာတစ်ခုကတော့ ဒီအဖွားအိုကမှ အခန်းရဲ့ပိုင်ရှင်ပါ။ ဒီသူခိုးက အဖွားကြီးကိုဖမ်းပြီး အခန်းတွဲကိုသူ့စခန်းအနေနဲ့ အသုံးချနေတာ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now