V5 Chapter 9

90 8 3
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 9 - စာမေးပွဲ (၁)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အာကီဟာဘရာရှိ အိမ်စေကဖေးလေးတွင်ဖြစ်သည်။

အိမ်စေကဖေးအများစုမှာ အမျိုးသားများအတွက်ဖြစ်သော်လည်း ယခုဆိုင်လေးတွင်တော့ အမျိုးသမီးများက ပိုများနေပေသည်။ ဆိုင်ရှင်မိန်းကလေးက လှပသောညိုချောလေးတစ်​ယောက်ဖြစ်ပြီး ယခုအခါတွင်တော့ ပိုမိုရင့်ကျက်သော အခြားအမျိုးသမီးတစ်ယောက်ပါ လာရောက်ဆိုင်ထိုင်နေပြီး အလွန်သဘောကောင်းသော ထိုသားအမိကြောင့် ကြောင်မိသားစုအိမ်စေကဖေးလေးမှာ ကျားမမရွေးသဘောကျသည့်နေရာတစ်ခု ဖြစ်လာလေတော့သည်။

သို့သော်လည်း မိန်းကလေးအများစု ထိုဆိုင်ကိုသဘောကျရသည့် အကြောင်းအရင်းမှာကား အခြားတစ်ခုကြောင့်ဖြစ်ပေ၏။ လူမည်းဝါကန်ဒါမင်းသားလေးနှင့် လူအရွယ်ကြောင်နက်ကြီးတစ်ကောင်ကြောင့်ဟုဆိုလျှင် ပိုပြီးတိကျပေလိမ့်မည်။

ယနေ့လည်း ထိုဆရာတပည့်နှစ်ယောက်က ဆိုင်အပြင်ဖက်တွင် လေ့ကျင့်ခန်းအတူလုပ်နေကြပြီး လူအများ၏အာရုံကို ဖမ်းစားထားပေသည်။ ဖရက်က လက်တစ်ဖက်တည်းနှင့် ဒိုင်ထိုးနေပြီး ဆရာကြောင်ကတော့ သူ့လူအရွယ်ထက် အနည်းငယ်ကြီးသည့် အရွယ်အစားဖြင့် ဖရက်ကျောပေါ်တွင် မိန့်မိန့်ကြီးထိုင်လျက် ရေခဲချောင်းစားနေ၏။

"ဆရာ၊ ကြောင်တွေက အချိုကိုအာရုံမခံနိုင်ဘူးဆို။ ဆရာကျတော့ ဘာလို့အချိုပါတဲ့ ရေခဲချောင်းတို့ရေခဲမုန့်တို့ ကြိုက်တာလဲ။"

"အေးလို့လေကွာ... ငါက အအေးဓာတ်ကြိုက်တယ်။"

"ယုံပါတယ်ဆရာရယ်..."

မတ်လရောက်ပြီဖြစ်၍ ဂျပန်တွင်ဆောင်းရာသီကုန်ပေတော့မည်။ အအေးဓာတ်လျော့ကျလာပြီဖြစ်သည့်တိုင်အောင် အခက်မသင့်လျှင် အအေးမိနိုင်သေးသည်။ သို့သော်လည်း ဆရာကြောင်က အအေးဓာတ်ကိုကြောက်ပုံမရဘဲ ဖရက်ကိုအပေါ်ပိုင်းဗလာကျင်းခန္ဓာကိုယ်နှင့် လမ်းရှေ့ထွက်ပြီး လေ့ကျင့်ခန်းလုပ်ခိုင်းနေခြင်းဖြစ်၏။

ဖရက်ကတော့ အေးစက်စက်လမ်းမျက်နှာပြင်ကို လက်တစ်ဖက်တည်းဖြင့်ထောက်ပြီး အကြိမ်ရေထောင်ချီအောင် ဒိုက်ထိုးနေရသောကြောင့် လက်မှသွေးများပင် စီးကျနေပြီဖြစ်သည်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now