V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း

76 12 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း

မက်ဒါနာမျက်လုံးဖွင့်လိုက်ပြီး ယောက်ျားလေးဘဝကအတိုင်း စောင်ကိုကန်ထုတ်ပစ်လိုက်တယ်။ ကွန်တိန်နာအိပ်ဆောင်ငယ်လေးရဲ့ပြတင်းပေါက်ကနေတစ်ဆင့် နေရောင်က သူ့မျက်နှာပေါ်ကို ဖြာကျနေပြီ။

သူ့မှာဒီနေ့လုပ်စရာတွေ အများကြီးရှိနေတယ်။ နယူးယောက်ဟီးရိုးကျောင်းရဲ့တရားဝင်ကျောင်းအုပ်ဖြစ်လာပြီးနောက် ဒီနေ့လေဆိပ်ကိုပြန်သွားပြီး ပစ္စည်းတွေယူရဦးမယ်။ ပြီးတော့ ဗီဇာလည်း ပြင်ရဦးမှာ။

အပျင်းကြောဆန့်ပြီး အိပ်ရာကနေ အားယူမတ်တပ်ရပ်လိုက်ချိန်မှာတော့ အခန်းထဲမှာရှိနေတဲ့ နောက်လူတစ်ယောက်ကို မက်ဒါနာမြင်လိုက်ရတယ်။

ဘယ်အချိန်ကတည်းက ပြန်ရောက်နေမှန်းမသိတဲ့ အေမီကတော့ အခန်းထောင့်မှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေတာ။ သခင်မလေးနိုးလာတာတွေ့တော့ ညာခြေထောက်ကို နောက်အသာဆုတ်ပြီး အိမ်စေဂါဝန်အနားနှစ်ဖက်ကို လက်ကလေးနဲ့ကိုင်ကာ မြှောက်ရုံလေးမြှောက်တယ်။ ပြီးနောက် ဦးခေါင်းကိုညွှတ်ကာ နှုတ်ဆက်လိုက်ပါတယ်။

"ကောင်းသောနံနက်ခင်းပါ သခင်မလေးရှင့်၊ ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်ထင်ပါတယ်။ ဒီနေ့အတွက် ရာသီဥတုကတော့ အနည်းငယ်တိမ်ထူပြီး အေးမြပါမယ်။"

အေမီက ချိုသာပေမဲ့ မှတ်တမ်းတင်ထားတဲ့ အသံဖိုင်တစ်ခုကို ရွတ်ပြနေသလိုမျိုး ခံစားချက်မဲ့စွာနဲ့ ပြောလိုက်တယ်။ မက်ဒါနာကတော့ သက်ပြင်းချလိုက်တယ်။ အခုထိ အေမီရဲ့အသိစိတ်ကို ပြန်ပြုပြင်ဖို့က အဝေးကြီးဖြစ်နေဆဲပါ။

"ဟုတ်ပြီ၊ မနေ့က မစ်ရှင်အခြေအနေ ဘယ်လိုရှိလဲ။" မက်ဒါနာက အေမီရဲ့ရွံ​တွေပေကျံနေတဲ့ အိမ်စေဝတ်စုံအောက်ပိုင်းနဲ့ လေဒီရှူးကိုကြည့်လိုက်တယ်။ တော်တော်လေးညစ်ပတ်နေတာ။ အေမီက သူ့သခင်မလေး ကြည့်နေတဲ့ဦးတည်ရာကို ကြည့်လိုက်ပြီးနောက် စပြီးတောင်းပန်တယ်။

"အိမ်စေတစ်ယောက်အနေနဲ့ ကိုယ်လက်သန့်ရှင်းရေးက အရေးကြီးမှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ရန်သူ့လက်က လွတ်အောင်လို့ အဝတ်သုံးခါလောက်လဲပြီး တောလမ်းခရီးကနေ သွားခဲ့တာကြောင့် အခုလိုညစ်ပေလာရတာပါ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now