V9 Chapter 8

33 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 8 - ဟိုတယ်ဘလိဗီးယား


 ဆိပ်ကမ်းပြာတည်းခိုခန်းနားကိုရောက်တော့ ပုစွန်တစ်ပိုင်းပြတ်ကို ကျောပေါ်တင်ထားတဲ့ အေမီက မက်ဒါနာကို ဦးညွှတ်ပြီး အခုလိုမျိုးပြောပါတယ်။

 "သခင်မလေး၊ ကျွန်မတည်းခိုခန်းရှေ့ကနေ ဝင်မယ်ဆိုရင် စားသုံးသူတွေကို လန့်အောင်လုပ်သလို ဖြစ်သွားမယ်ထင်ပါတယ်။ အနောက်ဘက်ကနေပတ်သွားပြီး ပြတင်းပေါက်ကနေဝင်ဖို့ အကြံရထားတာမလို့ မမလေးတို့အခန်းကိုအရင်ပြန်ပြီး ပြတင်းပေါက်တံခါးဖွင့်ပေးပါ။"

 မက်ဒါနာလည်း မေးကိုလက်ခုံနဲ့ထောက်ရင်း စဥ်းစားကြည့်တယ်။ အဲဒီနောက် အေမီရဲ့ပခုံးပေါ်မှာရှိနေတဲ့ ပုစွန်ကောင်ကို ကြည့်လိုက်လေရဲ့။ အဲဒီအကောင်က ပုပ်စော်နံနေတဲ့အပြင် သွေးရည်ကြည်တွေပါတစ်စက်စက်ကျနေတာလေ။

 "အေမီရေ၊ တည်းခိုခန်းထဲ လူမသိအောင်သယ်နိုင်ရင်တောင်မှ အနံဆိုးတွေနံနေဦးမှာမဟုတ်လား။" မက်ဒါနာက စိုးရိမ်စိတ်နဲ့ပြောလိုက်တာ။ သူတို့တည်းနေတဲ့ တည်းခိုခန်းထဲ အနံဆိုးနံနေရင် အဆင်မပြေဘူးလေ။

 "ဆိပ်ကမ်းပြာမှာ မသုံးတဲ့ပစ္စည်းတွေသိုလှောင်ဖို့သုံးတဲ့ ထပ်ခိုးတစ်ခုရှိတာ သတိထားမိပါတယ် သခင်မလေး။ ဒီကမဟာမိတ်ဌာနခွဲကို လိုအပ်တဲ့ပစ္စည်းတွေလာပို့ခိုင်းရင် လုံလုံခြုံခြုံနဲ့ထားလို့ရမယ်ထင်ပါတယ်။"

 မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး လီဆာကိုလှည့်ကြည့်လိုက်တယ်။ လီဆာကလည်း သူ့ကိုပခုံးတွန့်ပြတယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး အေမီရဲ့လက်ထဲက သေတ္တာနှစ်လုံးကို လွှဲပြီးယူလိုက်လေရဲ့။

 "ကောင်းပြီလေ၊ အခန်းမှာပြန်တွေ့ကြတာပေါ့။" မက်ဒါနာနဲ့လီဆာက အေမီကိုနှုတ်ဆက်လိုက်ပြီး ဆိပ်ကမ်းပြာဘက်ကို ဆက်သွားတယ်။ အေမီက ပုစွန်ကောင်ကိုထမ်းရင်းနဲ့ နောက်ဖေးလမ်းကြားတစ်ခုထဲကို ပြေးဝင်သွားခဲ့ပါပြီ။

 မက်ဒါနာကတော့ ဆိပ်ကမ်းပြာတည်းခိုခန်းရှေ့ကို ရောက်တဲ့အထိ ပုံမှန်အတိုင်းပဲ လျှောက်သွားလိုက်ပါတယ်။ အဲဒီနောက်တော့ လမ်းရဲ့တစ်ဖက်ခြမ်းမှာရှိနေတဲ့ အထပ်မြင့်တိုက်တစ်ခုကို ကြည့်လိုက်လေရဲ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now