V5 Chapter 35 ဧည့်သည်

62 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 35 - ဧည့်သည်ကို ဂရုစိုက်

မနက်နေရောင်က အခန်းပြတင်းပေါက်ကို ဖြတ်ပြီးဝင်လာပြီ။ နေရောင်ခြည်က မျက်နှာဖွေးဖွေဥဥလေးပေါ်ကို ဖြာကျပြီး အနွေးဓာတ်က အပူဖြစ်ပြောင်းလာတဲ့အတွက် မက်ဒါနာမျက်လုံးဖွင့်လိုက်တယ်။

မျက်လုံးထောင့်ကနေတော့ မျက်ရည်တွေစီးကျနေတုန်းရယ်။ စောင်ကိုလည်း ခေါင်းမြီးခြုံထားရာကနေ ဖယ်ပစ်လိုက်မိတော့တယ်။

"ဘုရားသခင်၊ နင်အကောင်စုတ်။ ငါ့ကို ဒီလောက်ထိရက်စက်စရာလား။ အနားရောက်လာရင် အပိုင်းပိုင်းခုတ်ပြီး ခွေးစာကျွေးပစ်မယ်။"

မိန်းကလေးတစ်ယောက်ရဲ့အသံလွင်လွင်က အခန်းထဲ ပြန့်နှံသွားတယ်။ ပြောရရင် မက်ဒါနာ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝမကျေနပ်ဘူး။ 'အိုဘာတဲ့ ငါ့ခြေထောက်တွေက ပြန်မကောင်းနိုင်သေးဘူးတဲ့လား။'

အဲဒီနေ့ညက ဒေါ်လေးပါဗာတီတစ်ယောက် သူ့ရဲသေလုမျောပါး ဒဏ်ရာတွေကို ကုပေးလိုက်ပေမဲ့ သူ့ခြေထောက်တွေတော့ လှုပ်ရှားလို့မရသေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်လေးပါဗာတီကိုမေးတော့ သူက ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြပြီး ဒီလိုပြောတယ်။

"ဒေါ်လေးအဖွားက ပြောဖူးတယ်၊ ဘုရားသခင် ​ဖြစ်စေချင်တဲ့အရာကို လူသားတွေက နှောင့်ယှက်လို့မရဘူးတဲ့။"

"....." ပြီးတော့ ဘာမှဆက်ရှင်းမပြဘူး။ မက်ဒါနာတစ်ယောက် ဆွံအပြီး ကျန်နေခဲ့တယ်။ နောက်နေ့မနက်ရောက်တော့ သူ့တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်ကြည့်သေးတယ်။ ဦးနောက်အာရုံကြောတွေ ရောင်နေဆဲပဲလို့ အဖြေထွက်လာတယ်။

ခြေသလုံးကြွက်သားတွေက အကောင်းအတိုင်းဖြစ်နေပြီဖြစ်ပေမဲ့ အဲဒီခြေထောက်ကိုထိန်းချုပ်တဲ့ ဦးနောက်ထဲက အာရုံကြောမျှင်လေးတွေက အထိမခံဖြစ်နေသေးပြီး သုံးမရတာ။ အကြောင်းအရင်းကိုရှာကြည့်တော့ ပုံမှန်ထက်ပိုပြီးကြီးနေတဲ့ ဦးနောက်ထဲက သလင်းကျောက်တုံးကို ဆရာဝန်တွေက လက်ညိုးညွန်ပြတော့တာပဲ။

ပါဗာတီမဟုတ်တဲ့ သိပ္ပံနည်းကျဒေါက်တာဘွဲ့ရထားပြီး တိုင်းပြည်မှာအားအထားရဆုံး ဆရာဝန်ဖြစ်တဲ့ လမင်းစန္ဒာခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး အဆိုအရတော့ "မင်းသမီးဦးနောက်ထဲ သလင်းကျောက်က ရှိသင့်တာထက် အများကြီးပိုကြီးနေတယ်။ S rank တွေတောင် ဒီလောက်ကြီးတဲ့အရွယ်အစားမရှိဘူး။ အဲဒါကြောင့် တခြားအကြောတွေကိုဖိမိပြီး ရောင်နေတာ။ ဖယ်ထုတ်ရအောင်ကလည်း ဦးနောက်အတွင်းပိုင်းက hypothalamusထဲမှာဖြစ်နေတာ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now